Saturday, March 31, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မွန်းလွဲ ၄ နာရီက ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ

ဝါးသင်္ခမှာ ဒီနေ့ အမေစုကို ဒီလိုကြိုဖို့ ပြင်ဆင်နေတာ


ကော့မှူးမြို့နယ်သို့ ယနေ့ညနေလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကားတန်းအား ကော့မှူးမြို့ ဒီချုပ်အဖွဲ့ဝင်များနှင့် လူထုက ကား ၁၅ စီး၊ ဆိုင်ကယ် ၇၀ ဖြင့်သွားရောက်ကြိုဆိုလျှက်ရှိသည်ဟု သတင်းပေးပို့သည်။
ယင်းကားတန်းနောက်မှ ပြည်ခိုင်ဖြိုး ကားတန်း ၁၅ စီးလည်း လိုက်ပါလျှက်ရှိပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လိုက်ပါသည်ကို မသိရှိရဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ က္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာရှိအလယ်ရွာ မဲရုံ အမှတ်(၁)တွင်မဲပေးနိုင်သူဦးရေ ၉၅၆ ယောက်ရှိပြီးကြိုတင်မဲ(၁၀)မဲရရှိထားသည်။
မဲရုံအမှတ်(၂)တွင်မဲပေးနိုင်သူဦးရေ၆၃၀ရှိသည်ဟု Messengerသတင်းထောက်ကတိုက်ရိုက်သတင်းပေးပို့သည်။
ဝါးသိင်္ခရွာတွင်ရောက်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမနေထိုင်မည့်အိမ်သို့ရောက်ရှိပြီး ခဏတာအပန်းဖြေကာ စောင့်ဆိုင်းနေသော ပရိသတ်ကို ၂မိနစ်တာ စကားပြောခဲ့ကြောင်း ထိုရွာတွင်ရောက်ရှိနေ သော 7DayNews သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်က မိုးချုပ်နေပြီဖြစ်သဖြင့် ကြိုဆိုနေသူများ၏ မျက်နှာ များကို မမြင်ရသော်လည်း အသံတွေကြားရသဖြင့် အားတက်ရကြောင်းပြော ကြားခဲ့ပြီး မနက်ဖြန်နံနက် အစောပိုင်းတွင် မဲရုံများကို ခဏတာကြည့်ကာရန်ကုန်သို့ပြန်ပြီးလမ်းတစ်လျှောက်မဲရုံများကိုလည်းဝင်ရောက်ကြည့်ရှူ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါးသိင်္ခရွာတွင် နိုင်ငံတကာ သတင်းထောက်၂၀ကျော်နှင့် ပြည်တွင်းသတင်းသမား အများအပြား ရောက်ရှိသတင်းယူ လျှက်ရှိကြကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ၏နောက်ဆက်တွဲသတင်းများကိုလည်းMessengerဂျာနယ်မှဆက်လက်ဖော်ပြပေးသွားပါမည်။
face book ပေါ်မှ သတင်းတိုများအား စုစည်းတင်ပြပါသည်။

Friday, March 30, 2012

ဒီနေ့ သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။

ယနေ့နံနက်(၃၀-၃-၂၀၁၂) က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ်(၅၄)တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူမနှင့်ပြည်တွင်းပြည်ပသတင်းထောက်များကိုတွေ့ရစဉ်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ သူမ၏ ခြံဝင်းအတွင်းတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်လျက်ရှိသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ယောက်၏ ကျန်းမာရေးအခြေအနေမေးမြန်းမှုကို
"သိပ်ပြီးနေမကောင်းသေးပါဘူး။ ဒါပေမဲ့ မေးခွန်းတွေမဖြေချင်ရင် ချက်ချင်းပဲဖျားပစ်လိုက်မှာပေါ့" ဟု ရယ်မောကာပြောဆိုခဲ့သည်။

သူမ၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းထောက် ၃၀၀ ကျော် တက်ရောက်လျက်ရှိသည်။ ယခုအချိန်ထိ မေးမြန်းသမျှ မေးခွန်းများကို ပြန်လည်ဖြေကြားလျက်ရှိသည်။


ကျန်းမာရေးကြောင့် နေအိမ်တွင် ရက်အနည်းငယ်အနားယူခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်(၃၀-၃-၂၀၁၂)တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးခွန်းများကို တစ်နာရီကျော်ကြာ ဆက်တိုက်ဖြေကြားခဲ့ရသဖြင့် အနည်းငယ်ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ကော့မှူးမြို့သို့ ဧပြီ(၁)ရက်နေ့တွင် သွားရောက်ကြည့်ရှုနိုင်ရန် ရန်ကုန်မြို့မှ မတ်လ၃၁ရက်နေ့ကတည်းကထွက်ခွာပြီး ၀ါးသိင်္ခရွာတွင် ညအိပ်မည်ဖြစ်သည်။ 

ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ...
တနင်္ဂနွေနေ့တွင်ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဘယ်လောက်အထိ အနိုင်ရမည်ဟုမျှော်မှန်းထားပါသလဲ ဟုမေးမြန်းမှုကို “ကျွန်မတို့ အနေနဲ့ များနိုင်သမျှများများ အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဖြေကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄နေရာတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထိုနောက်တဖန်... 
ယနေ့နံနက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောပြဿနာများကို ယခုတိုင်မဖြေရှင်းနိုင်သေးသည်လဲဆိုသည့်မေးခွန်း မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မမှာသာ မြန်မာနိုင်ငံမြောက်ပိုင်းက ကိစ္စတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အဖြေရှိရင် ချက်ချင်းပေးမှာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ယုံကြည်ချက်အားနည်းနေလို့ဘဲ ဖြစ်တယ်။ တိုင်းရင်းသားတွေကြားမှာ ညီညွှတ်မှု့ရှိဖို့၊လေးစားမှု့ရှိဖို့ဆိုရင် တစ်ဦးကိုတစ်ဦးလေးစားဖို့လိုတယ်။ အခြေခံပင်လုံစိတ်ဓာတ်မွေးမြူဖို့လိုတယ်” ဟုဖြေကြားခဲ့သည်။

7Day News Journal face book မှဖေါ်ပြပါသည်။

Tuesday, March 27, 2012

စနစ် သူ့ကြောင့် မုန်းရပါလေသည်

ငုပန်းတို့ပင်လုံးထိန်အောင် ပွင့်ဝေခဲ့သည့် တစ်ခုသောနွေဦးဝယ် သတ္တိသွေးတို့ စွေးစွေးနီသည့် အခါသမယတစ်ခု တည်ရှိခဲ့လေ၏။ အမိမြေ၏သားကောင်းများသည် ပြည်သူတို့၏မေတ္တာကို ပွေ့ပိုက်လျှက် တပ်ထွက်မိန့်ခွန်းကို ငြိမ်သက်စွာ နာခံခဲ့ကြသည်။ ချစ်ခင်၊အားကိုး၊ အထင်ကြီး၊လေးစားခြင်းတည်းဟူသော လက်ခုပ်သံတို့သည် ဘ၀ဂ်ညံခဲ့လေသည်။ အမိမြေကို ကျွန်ပြုအုပ်ချုပ်နေသည့် ဖက်ဆစ်တို့ကို အမြစ်ပါမကျန်တွန်းလှန် ချေမှုန်းရန်အစပြုခဲ့သည့် တပ်နှင့်ပြည်သူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း တည်ရှိခဲ့သည့် အဆိုပါနေ့ရက်သည်ကား တော်လှန်ရေးနေ့ သို့မဟုတ် တပ်မတော်နေ့၏ မူလပထမဆုံး နေ့ရက်အခါသမယပင် ဖြစ်ပါတော့သည်။

သွေးနှင့်ရင်း၍ အောင်ပွဲများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ ချွေးစက်တို့ကို အရင်းတည်၍ မြို့ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ရဲဘော်ရဲဘက်တို့၏ မျက်ရည်ဖြင့် ပြည်သူတို့၏သောကအပူကို ငြိမ်းသတ်နိုင်ခဲ့သည်။ သားကောင်းတို့၏ အမိမြေကို ကမ္ဘာ့အလယ်တွင် ထည်ဝါစေခဲ့သည်။ မြန်မာပြည်၏ မည်သည့်နေရာ၌ပင်မဆို ယူနီဖောင်းစုတ်ပြတ်နေလင့်ကစား ပြည်ချစ်သားတို့ ၀င့်ကြွားနိုင်ခဲ့ကြသည်။ သားကောင်းမိခင်တို့ ဂုဏ်တင့်နိုင်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်မှ သန္ဓေတည်ခဲ့သည့် ပြည်ချစ်တပ်မတော်၏ ရွှေရောင်လွှမ်းသော ကာလများသည် ပြည်ချစ်သားတို့ရင်ဘတ်၌ မေတ္တာပန်းကုံးတို့ တွဲလွှဲခိုလျှက်၊ဂရုဏာသပြေခက်တို့ ရွန်းရွှန်းစိုလျှက်၊ ပီတိပြုံးတို့ မိုးလုံးပြည့်သည့် အခါသမယတစ်ခုဖြစ်ခဲ့လေသည်။

အမိန့်နာခံတတ်မှုသည် တပ်မတော်၏အစဉ်အလာ ဖြစ်သကဲ့သို့ စစ်သည်တစ်ဦး၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ အဆိုပါဂုဏ်သိက္ခာကြောင့် စစ်သည်တို့သည် လွတ်လပ်သောဘ၀၊နွေးထွေးသော မိသားစု၊ အေးဆေး သက်တောင့်သက်သာရှိသည့် အခြေအနေတို့ကို ကျောခိုင်း၍ နိုင်ငံအတွက်တည်းဟူသော သိက္ခာပုဒ်ကို စောင့်စည်းရန် ကြမ်းတမ်းခက်ထန်သည့် ဘ၀သို့ အသက်နှင့်ရင်း၍ ၀င်ရောက်လာခဲ့ကြသည်။ အစားဆင်းရဲ၊အနေဆင်းရဲဘ၀တွင် ပြည်သူတို့၏ ချစ်ခင်အားကိုးခြင်းတည်းဟူသော မေတ္တာဓာတ်ဖြင့် သူတို့ရှင်သန်ခဲ့ကြသည်။ မြစ်တစ်စင်းသည် ၄င်းစီးဆင်းရာ ကမ်းဘေးတဖက်တချက်ရှိ မြို့ရွာများအတွက် အားကိုးရာဖြစ်သကဲ့သို့ တပ်မတော်သည်လည်း ပြည်သူအပေါင်း၏ အားကိုးရာ ဖြစ်ခဲ့လေသည်။

အမိန့်နှင့်အာဏာ ပေါင်းစပ်မိသောအခါ ယမ်းနှင့်မီးသည် သုံးစွဲတတ်လျှင် သူ့နေရာနှင့်သူ အသုံးတည့်သော်လည်း မသုံးစွဲတတ်လျှင် အန္တရာယ်ကြီးသကဲ့သို့ အမိန့်တည်းဟူသောအရာအောက်တွင် ရှင်သန်လှုပ်ရှားနေရသည့် တပ်မတော်သည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ တပည့်လက်သပ်မွေးမှု၊ အာဏာရပုဂ္ဂိုလ်များ၏ အာဏာလွန်ဆွဲမှုတို့ကြောင့် ကစဥ့်ကလျှားဖြစ်ကာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ပိုမို အရှိန်ပြင်းစွာ တောက်လောင်စေခဲ့တော့သည်။ တောမီးလောင်သောအခါ တောကြောင်တို့ လက်ခမောင်းခတ်သကဲ့သို့ မြို့ပေါ်မှ ကြောင်ဖားကြီးတို့ကလည်း လက်ခမောင်းခတ်ကြသည်ပင်။ မသူတော်တို့ မင်းမူကြသောအခါ ညီအစ်ကိုအချင်းချင်း စစ်ခင်းကြလေ၏။ သမိုင်း၏ ဖွဲမီးတို့ လေသလပ်၍ ပြဿဒ်ထိပ်ထိ မီးတက်စွဲသောအခါ တိုင်းပြည်ဖွတ်ထဲမွဲလေ၏။ အာဏာတည်းဟူသောချွန်းဖြင့် တပ်မတော် ဆင်လိမ္မာ၏ ဦးကင်းသို့ ပြင်းထန်စွာနှက်သောအခါ လိမ္မာသောဆင်သည် မဲမဲမြင်ရာဝင်အောင်း၍ ရပ်ရွာအပေါင်း ထောင်းထောင်းကြေလေ၏။

ကောင်းသောစနစ်သည် တိုးတက်သော နိုင်ငံတော်ကိုဖန်တီး၍ မကောင်းသောစနစ်သည် ကိုယ်ကျင့်တရား ဖောက်ပြန်သည့် လူတစ်စု၏ ကောင်းကျိုးချမ်းသာတို့ကိုသာ ဖန်တီးခဲ့လေသည်။ တစ်ချိန်က ရန်သူ့သွေးတို့ဖြင့် ရင်းနှီးရရှိခဲ့သည့် ရာထူးတံဆိပ်တို့နေရာတွင် ကိုယ့်သွေးချင်းတို့၏ အသက်သွေးဖြင့် ဖန်တီးစီခြယ်အပ်သည့် သူကောင်းပြုဆုတံဆိပ်တို့ နေရာယူလာကြသည်။ ဖောက်ပြန်သည့် စနစ်အောက်တွင် လူတို့စောင့်ထိန်းအပ်သည့် ကျင့်ဝတ်တို့သည်လည်း ဖောက်ပြန်ယိုယွင်းလာခဲ့သည်။ တချိန်က ပြည်သူ့အတွက် ၀တ္တရားစောင့်ထိန်းခဲ့သည့် ၀န်ထမ်းတို့သည်လည်း ခေါင်မိုးမလုံသည့် အိမ်တွင် အနေကြာလာသည်နှင့်အမျှ အဂတိလိုက်စားမှုတို့ တွင်ကျယ်ပေါများလာပြီး မျိုးဆက်တစ်ဆက်ခန့်အကြာတွင် အဆိုပါအချင်းအရာတို့ မြန်မာပြည်၏ရိုးရာအစဉ်အလာအဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိလာခဲ့သည်။ သံသယနှင့်အဆိုးမြင်ဝါဒတို့ အမြစ်တွယ်လာခြင်းနှင့်အတူ သယံဇာတတို့ တစတစပြုန်းတီးလာခဲ့တော့သည်။ လူတန်းစားမညီမျှမှု ကြီးမားကျယ်ပြန့်လာသောအခါ လူထုအတွင်း တော်လှန်ရေးအမြင်များတွင်ကျယ်ပြန့်နှံ့လာခြင်းနှင့်အတူ အမိန့်ကို ဦးထိပ်ပန်ဆင်ကာ အသက်ရှင်နေရသည့် တပ်မတော်သည် ယခင်က၎င်းချစ်ခင်မြတ်နိုးစွာ ကာကွယ်ခဲ့သည့် ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ကြလေတော့သည်။

အာဏာရှင်စနစ်အောက်တွင် တရားဝင်ခြင်း၊မ၀င်ခြင်းသည် ဥပဒေနှင့် ရာနှုန်းပြည့်မသက်ဆိုင်ပေ။ မလျှော်ကန်သည့် အမိန့်တာဝန်ကို ထမ်းရွက်ထားရသူသည် ၎င်းကိုယ်တိုင်လည်း မလျှော်ကန်သည့် အပြုအမူတို့ကို ဖန်တီးရမည့် အခြေအနေသို့ ကျရောက်နေသည်။ လက်နက်နှင့်အာဏာရှိပြီး စားစရာမရှိသော လူတစ်ယောက်သည် ၄င်းဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက် မည်သို့မည်ပုံ ရုန်းကန်မည်ဟုထင်ပါသနည်း။ တပ်မတော်အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းတိုင်းတွင် ပြည်သူအတွက်တည်းဟူသော ဆောင်ပုဒ်များစွာ ရှိလင့်ကစား ချမှတ်ထားသောစနစ်များသည် ပြည်သူအတွက် မဟုတ် သကဲ့သို့ အောက်ခြေစစ်သည်များအတွက်လည်း မဟုတ်ချေ။ တချိန်က တပ်မတော်နှင့် ပြည်သူကြားတည်ရှိခဲ့သည့် ချစ်ခြင်းမေတ္တာသည် အာဏာရှင်စနစ်အောက်တွင် အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်သွားခဲ့လေပြီ။ တစစီပျက်စီးခဲ့ရသည့် ဘ၀ပေါင်းများစွာအတွင်း အမုန်းတရားမီးလျှံတို့ထိန်ငြီးလျှက်၊ လက်နက်ကိုင်တို့အပေါ် ခါးခါးသီးသီးဖြစ်ကုန်ကြလေတော့သည်။

ဗုဒ္ဓ၏သားတော် ပုထုဇဉ်ရဟန်းသည် သူ၏၀တ်ရုံသင်္ကန်းကို မြတ်နိုးခုံမင်သကဲ့သို့ တပ်မတော်သားသည်လည်း ၎င်းဆင်မြန်းသည့် ယူနီဖောင်းကို မြတ်နိုးခြင်းရှိ၏။ ယူနီဖောင်းသည် တချိန်တခါက သစ္စာစောင့်သိခြင်း၏ အမှတ်အသားဖြစ်သည်။ အမိန့်နာခံခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားခြင်း၏ ၀ိသေသလည်းဖြစ်သည်။ ပြည်သူ၏ ချစ်ခင်လေးစား အားကိုးခံထိုက်သော ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့၏ အဆင်တန်ဆာလည်းဖြစ်သည်။ ယူနီဖောင်းဝတ်ဖူးသော မိမိသည် ယူနီဖောင်းကိုလည်း ချွတ်ခဲ့ဖူးသည်။ ယူနီဖောင်းကိုအပြီးတိုင် စွန့်လွှတ်ခဲ့ရသော နေ့ရက်သည် မိမိဘ၀တွင် ၀မ်းနည်းကြေကွဲ၊ နှမြောတသ ယူကြုံးမရစရာ နေ့ရက်များထဲမှ တစ်ခုဖြစ်ခဲ့ဖူးသည်။ ယူနီဖောင်းကို စွန့်လွှတ်ပြီးနောက် မိမိပိုင်ဆိုင်လာခဲ့ရသည့် အရပ်သားဘ၀သည် စိတ်လေလွင့်ခြင်းနှင့် စတင်ခဲ့သည်။ များမကြာမီ ပြည်သူများကြားထဲမှ အရပ်သားတစ်ယောက်ဖြစ်သော မိမိသည် မိမိနှင့်ဘ၀တူ အရပ်သားများနှင့် ယူနီဖောင်းဝတ်များအကြား အလွန်တရာခြားနားသည့် စည်းတစ်ခုရှိနေကြောင်း ထိတ်လန့်စွာ သဘောပေါက်လာခဲ့သည်။ အမိန့်အာဏာ၏ အောက်တွင် ထိတ်လန့်ခြင်းကင်းစွာ နေထိုင်ခဲ့သည့် မိမိသည် အမိန့်မရှိသောနေရာတွင် ထိတ်လန့်ခြင်းအပေါင်းနှင့် အသက်ရှင်ခဲ့ရသည်။

မကြာသေးမီကာလက မိမိခဏတာ နေထိုင်ခဲ့သည့် အရပ်တစ်ခုတွင် စစ်မှုထမ်းဟောင်းနှစ်ဦးရှိသည်။ နှစ်ဦးစလုံး ဒုက္ခိတများဖြစ်ကြပြီး တချိန်က အလွန်တိုက်ရည်ခိုက်ရည် ပြည့်ဝသည့် အခြားအဆင့် စစ်သားကောင်းကြီးများဖြစ်ကြောင်း သူတို့၏ပြောစကားများမှတဆင့် သိခဲ့ရသည်။ အသက်အကြီးဆုံး စစ်ပြန်ကြီးသည် တချိန်တခါ တရုတ်ဖြူကျူးကျော်စစ်တွင် မည်သူမျှမတိုက်တွန်းပဲ ဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်၍ အထက်မြန်မာပြည်တိုက်ပွဲကြီးများတွင် ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့သည့် သူရဲကောင်းမှတ်တမ်းဝင်တစ်ဦးဖြစ်သည်။ နောက်တစ်ယောက်မှာမူ ဗကပ၊ကရင်စသည့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲအလီလီဆင်နွှဲဖူးသည့် တပ်မတော်သားကြီးတစ်ဦးဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ အတွေ့အကြုံများကို နားထောင်ရင်း မိမိတွင် ပြောစရာစကားများ ပျောက်ဆုံးခဲ့ရသည်။ တပ်မတော်အတွက် တိုက်ပွဲတစ်ပွဲမျှ ရင်ဆိုင်မတိုက်ခိုက်ခဲ့ဖူးသည့် မိမိ၏ တပ်မတော်သားဘ၀ကို ရှက်ရွံ့အားငယ်မိသည်။ ပထမစစ်ပြန်ကြီး၏ ဘ၀သည်ကား ခြေတစ်ဖက်ဆုံးရှုံးလင့်ကစား သူ့ဘ၀ကား အဖိုးတန်လှသည်။ မိမိ၏ သိမ်ငယ်မှုကို အဖိုးအို၏ခြေတုတစ်ဖက်က လှောင်ပြောင်နေသည်။ သို့သော် မိမိလူလားမြောက်သည့် အခါသမယတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပထမစစ်ပြန်ကြီး တိုက်ပွဲဝင်ခဲ့သည့် ပြည်ပကျူးကျော်စစ် မဟုတ်ချေ။ မိမိလက်တွင်း သွေးချင်းတိုင်းရင်းသားတို့၏ သွေးတစ်စက်မှ မစွန်းထင်းခဲ့ဖူးသည်ကို ဂုဏ်ယူရမည်လား။ တပ်မတော်သားတစ်ယောက်ဖြစ်ခွင့်ရခဲ့ပါလျှက် တိုက်ပွဲတစ်ပွဲမဆင်နွှဲဖူးခဲ့သည့် မိမိကိုယ်မိမိ သိမ်ငယ်ရှယ်ရွံ့ရမည်လား။ မဝေခွဲနိုင်ခဲ့ပေ။ထိုစဉ်က နယ်စပ်တလျှောက် တိုက်ပွဲသံတို့ကား ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက်လျှက် ရှိနေသည်။

လူတစ်ဦးတစ်ယောက်ချင်းစီသည် မည်သည့်အဖွဲ့အစည်းကိုမဆို ကိုယ်စားပြုနေစေကာမူ ထိုသူ၏ဗီဇစရိုက်အပေါ် မူတည်၍ ကောင်းခြင်း၊ဆိုးခြင်း အနည်းအများစီ ဒွန်တွဲနေမည်သာဖြစ်သည်။ သို့သော် နိုင်ငံနှင့်ချီသော စနစ်တစ်ခု၏အောက်တွင် အဆိုပါစနစ်၏ ကောင်းခြင်း၊ဆိုးခြင်းသည် လူအဖွဲ့အစည်းတစ်ခုလုံးအပေါ်တွင် သက်ရောက်နိုင်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးများမှာ စနစ်၏၀ါးမျိုမှုကြောင့် ပီပြင်ထင်ရှားရန်ခက်ခဲလှသည်။ မမှန်ကန်သောစနစ်အောက်တွင် မှန်ကန်စွာနေထိုင်ကျင့်ကြံသူအဖို့ ထင်ပေါ်ရန်ခက်ခဲလှသည်။ ထိပ်ဆုံးရောက်ရန် ခက်ခဲလှသည်။ မြင့်ရာမှ နိမ့်ရာသို့ အဆန်မရှိ စီးဆင်းသည့် စနစ်ကို ကျင့်သုံးသော တပ်မတော်တွင် ထိပ်ဆုံးရှိ အမိန့်ပေးသော ပုဂ္ဂိုလ်အချို့၏ လူမဆန်သော အမိန့်အာဏာအောက်တွင် မှန်ကန်တည်တံ့စွာ ကျင့်ကြံလိုသူ လက်အောက်ငယ်သားများ အနေဖြင့် သစ္စာတရားနှင့် လူ့ကျင့်ဝတ်ကို မျက်စိမှိတ်၍ အလဲအလှယ်ပြုလုပ်ရသည့် အခါမျိုးလည်းရှိတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ထိခိုက်လာသည့်အခါ အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧက္ကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်မျိုး၊ ကြံဖော်ကြံဖက် သုံးယောက်သားမှာ ကံကွက်ကျား၍ဟု စောဒကတက်သော် လူတိုင်းလက်ခံနိုင်မည် မဟုတ်ချေ။

ကမ္ဘာမီးလောင်သောအခါ အချင်းချင်း စည်းစောင့်ရန်ခက်ခဲပြီး သားကောင်ချနင်းရန် ၀န်မလေးသည့် အခြေအနေသို့ သက်ဆင်းကြရလေ၏။ ပြည်တွင်း၌ ဖိနှိပ်ညှင်းပန်းရက်စက်မှု အစုစုတို့ကို မခံစားနိုင်သည့်အဆုံး အသက်ခန္ဒာ တည်မြဲစေရန်အလို့ငှာ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်ကြရသည့် အမျိုးကောင်းသားသမီး အပေါင်းတို့လည်း ရှိကြလေ၏။ အမုန်းတရားဖြင့်လိမ်းကျံအပ်သည့် ပတ်ဝန်းကျင်ဝယ် လူလားမြောက်ခဲ့ကြသည့် အဆိုပါပုဂ္ဂိုလ်အချို့၏ စိတ်သဏ္ဍန်အတွင်း ဗြဟ္မစိုရ်တရားတို့ ကိန်းအောင်းရန်မလွယ်ကူ၊ အတ္တနှင့် သံသယတို့ ရှေ့ဆောင်သောအခါ ဇာတ်တူသားချင်း သတ်စားကြလေတော့သည်။ စနစ်ကိုအမုန်းကြီးမုန်းသောအခါ နိုင်ငံချစ်စိတ်တို့ပါ ခန်းခြောက်၍ တချို့တချို့သော ပုဂ္ဂိုလ်တို့မှာ စစ်ကျွန်ဘ၀မှ တပါးကျွန်ဘ၀သို့ ရောက်ကြလေ၏။

ယနေ့ခေတ်အခါသမယတွင် နိုင်ငံချစ်စိတ်ထက် အဖွဲ့အစည်းကို ချစ်စိတ် ပိုမိုထက်သန်များပြားနေသည့် ပုဂ္ဂိုလ်အချို့ကို တပ်မတော် အပါအ၀င် အဖွဲ့အစည်းတိုင်းလိုလိုတွင် တွေ့မြင်နေရသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားတွင် အမုန်းတရားတည်းဟူသော အသူတစ်ရာနက်သည့် ချောက်ကမ်းပါးတစ်ခုတည်ရှိ၏။ မည်သို့မည်ပုံ ပေါင်းကူးဆက်သွယ်ကြမည်နည်း။ တစ်ချိန်တခါက မေတ္တာအပြည့်ဖြင့် ပြည်သူ့ရင်ငွေ့တွင် ခိုလှုံခဲ့သည့် ပြည်သူ့တပ်မတော်အဖြစ်သို့ ရောက်အောင် မည်သည့်ဖက်မှ စတင်လက်ကမ်းပါမည်နည်း။

မြတ်သိန်းထွန်း(၂၇.၃.၂၀၁၂)တပ်မတော်နေ့ အမှတ်တရ ရသစာတမ်း

by Myat Thein Tun


NLD နာယကကြီး ဦးတင်ဦးဧရာဝတီတိုင်း မြန်အောင်မြို.ခရီးစဉ်
























ပုံများအားအကျယ်ကြည့်လိုပါက ပုံပေါ်တင်ကလစ်ပါ။

NLD နာယကကြီး ဦးတင်ဦး မြန်အောင်မြို.သို့ 25.3.2012 နံနက်တွင် ဆန်းသစ်ဦး ရုပ်ရှင်ရုံတွင် မိန်.ခွန်းပြောကြားပါသည်ထိုနောက်25.3.2012နံနက်9နာရီမှ11နာရီအထိဟောပြောပြီး
နေ.လည်ပိုင်းတွင်ပြန်လည်ထွက်ခွာသွားပါသည်။ မြန်အောင်မြို့ မှပြည်သူလူများက ကြံခင်း၊ ဘက်ရဲအထိ လိုက်လံပို.ဆောင်ကြကြောင်းသတင်းရှိပါသည်။

byမြန်အောင်းသား။

Monday, March 26, 2012

NLD အောင်နိုင်ရေးအဖွဲ့ဝင် ထိုးကြိတ်ခံရမှု မြို့နယ်တရား လွှတ်တော်သို့တိုင်

ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လ(၂၂)ရက်နေ့ည (၀၇း၀၀)နာရီခန့်က NLD ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် တစ်ဦး ရွာထဲမှ နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ်လူ (၁၀) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်ခံရမှုအား တည်ဆဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုးကြိတ်ခံခဲ့ရသူ ဦးတင်ဝင်းက ''ရွာထဲကနေတစ်ယောက်တည်းပြန်လာတုန်း ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ လူနှစ်ယောက်က လက်ကိုလာချုပ်ပြီး ကျန်တဲ့သူတွေက ၀ိုင်းထားတယ်။ မျက်နှာကိုလည်း မီးအုပ်ဆောင်းကြီးနဲ့ထိုးပြီး မင်းလားကွ NLD ကလို့ပြောပြီး ၀ိုင်းထိုးတာ''ဟု ပြောပြသည်။

ပုသိမ်ထီးဖြင့် ပုသိမ်မြို့တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

သူကပင်ဆက်လက်၍ ၎င်းအား ထိုးကြိတ်ခဲ့သူများမှာ သမ၀ါယမ ပြည်ထောင်စု ဒု ၀န်ကြီး ဦးသန်းထွန်း၏ ညီဝမ်းကွဲတော်စပ်သူ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း၊ ၎င်းအား ချုပ်ထားစဉ် ကြံ့ခိုင်ရေးရုံးအတွင်းမှ ဘယ်သူလဲဟေ့ဟု လှမ်းမေးကြောင်း၊ ချုပ်ထားသူ တစ်ယောက်မှလည်း တင်ဝင်း ဆိုတဲ့ကောင်ဟု လှမ်းအော်ပြောကြောင်း၊ ထိုအခါရုံးအတွင်းမှ တင်ဝင်း ဆိုရင် အသေသတ်ပစ်လိုက်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြသည်။

၎င်းအမှုအား ရွှေသောင်ယံမြို့နယ်ခွဲ ရဲစခန်းသို့တိုင်ကြားရာ ရဲအရေးမပိုင်ဟုပြောသဖြင့် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ဦးတင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

ယခုကိစ္စအားပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ မေးမြန်းရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတိုင်ကြေးဆို မနေ့က ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ကို သူတို့ဘက်က လူငယ် ၃ ယောက်လောက်က ၀ိုင်းထိုးတာ ဖူးယောင်နေတာပဲ။ ပုသိမ်တဘက်ကမ်း (၉) ရပ်ကွက်မှာဖြစ်တာ''ဟု ပြောပြသည်။

ပုသိမ်မြို့နယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ ''ဒီကိစ္စတွေက ပါတီနှစ်ခုပြသာနာတက်တယ်လို့တော့ ပြောလို့မရဘူး။ အသိအမြင်ဗဟုသုတနည်းတဲ့နေရာတွေမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကို ပါတီဝင် ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြေရှင်းကြတာလို့ ပဲထင်တယ်''ဟုသူ၏ထင်မြင်ချက်ကို ပြောပြသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် အင်န်အယ်လ်ဒီ ပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့ ပုသိမ်မြို့တွင် အကြိတ်အနယ် မဲဆွယ်စည်းရုံးလျက် ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းထုတ်ပြန်ချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၆)ရက်

သတင်းထုတ်ပြန်ချက်

သစ္စာသတင်းဂျာနယ်အတွဲ(၄)၊ အမှတ်(၂၇)တွင် ဇမ္ဗူသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအတွက် မဲဆွယ်ကြော်ငြာကို တွေ့ရှိရပါသည်။ ယင်းကြော်ငြာတွင်

“နိုင်ငံတော်သမ္မတကြီးဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းဦးဝင်းဌေးအား ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုဖော်ပြထားပါသည်။

ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၆၄ တွင်

“နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတခုခု၏အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဟုပြဌာန်းထားပါသည်။

သို့ဖြစ်ရာ ကိုယ်စားလှယ်လောင်းဦးဝင်းဌေး၏ မဲဆွယ်ကြော်ညာသည် ပြည်ခိုင်ဖြိုးပါတီ၏လုပ်ငန်းဖြစ်၍ “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော” ဟုဖော်ပြချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိဟု ယူဆကြောင်း ဖော်ပြလိုက်ပါသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
National League for Democracy ပြည်တွင်း

Friday, March 23, 2012

၈၈မျိုးဆက်ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကွန်ယက် ဖွဲ့စည်း












၂၀၁၂ခုနှစ် မတ်လ ၂၃ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားရုံးတွင် လာမည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတခြင်း လွတ်လပ်ခြင်း သန့်ရှင်းခြင်းရှိ၊မရှိကို ပြည်သူများအားသိရှိစေရန်အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
 
ကျွန်တော်တို့ရဲ့ စံတစ်ခုဖြစ်တဲ့ တရားမျှတခြင်း လွတ်လပ်ခြင်း သန့်ရှင်းခြင်းကို ကျွန်တော်တို့ လိုလားတယ်ဆိုတဲ့ ကျွန်တော်တို့ဟာ အခု မလွဲမသွေ ကြုံရမဲ့ ရွေးကောက်ပွဲကို ဘယ်လောက် တရားမျှတသလဲ လွတ်လပ်ပြီး သန့်ရှင်းမှု ဘယ်လောက်ရှိသလဲဆိုတာ စောင့်ကြည့်ဖို့လဲ ကျွန်တော်တို့မှာ အထိုက်လျောက် တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူလို့ အခုဒီကွန်ယက်ကို ဖွဲ့စည်းဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောသည်။
 
အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက် အဖွဲ့အစည်းတွင် ၈၈မျိုးဆက်ကျောင်းသား များသာမက ၂၀၁၀ ရွေးကောက်ပွဲတွင် အတွေ့အကြုံရှိပြီးသော လူငယ်ကွန်ယက်များ နိုင်ငံရေးအဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ထားကြောင်း သိရှိရသည်။
 
ကျွန်တော်တို့ထက် အတွေ့အကြုံရှိတဲ့ လူငယ်အဖွဲ့အစည်းရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စောင့်ကြည့်ခဲ့တဲ့ လူငယ်အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ ရှိပါတယ် အဲ့တော့ ကျွန်တော်တို့က ဒီကိစ္စဆောင်ရွက်ချင်တယ်ဆိုတဲ့ နေရာမှာ ၈၈မျိုးဆက်ကျောင်းသားများ အနေနဲ့ဆောင်ရွက်တာထက် အဲ့ဒီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်နေရာကနေ အားဖြည့်ရမလဲ ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို သက်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါတယ်။ အဲ့လိုတိုင်ပင်ဆွေးနွေးပြီးတော့ ဒီရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်ဆိုတာကို ကျွန်တော်တို့စုစည်းပါတယ်။ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
 
၈၈မျိုးဆက်ကျောင်းသားများသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတခြင်း ရှိ မရှိကို ချိတ်ဆက်ထားသော အဖွဲ့အစည်းများနှင့်သာမက ၈၈မျိုးဆက်ကျောင်းသားရုံးသို့ တိုင်ကြားသော အသံများ စာများကို အင်တာနက်စာမျက်နှာ နှင့် ဖေ့ဘုတ်တွင် ပြည်သူ့အသံအဖြစ် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့အဖွဲ့အစည်းတွေက မဲရုံတွေမှာ မသင်္ကာတာဘဲ ဖြစ်ဖြစ် တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ချက်ချင်း ဖေ့ဘုတ်မှာ တင်သွားမှာပါ ဒါကတော့ ကျွန်တော်တို့ဆီကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာတွေကိုလဲပဲပေါ့ဟု လာမည့်ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်တွင် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမရှိ နှင့် ကွန်ယက်မှ တွေ့ရှိခဲ့သော အတွေ့အကြုံများကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပြန်လည်ထုတ်မည် ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

ရွေးကောက်ပွဲဆိုင်ရာ မတရားမှုများနှင့် ပါတ်သက်၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်ချက်။


စာဖတ်မရပါက ပုံပေါ်ကလစ်ပါ


အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသည့် အကြောင်းအရာများ ရေးသားဖေါ်ပြထားသော စာရွက်စာတမ်းများ နှင့်ပါတ်သက်၍ လည်းကောင်း အခြားရွေးကောက်ပွဲဆိုင်ရာ မတရားမှုများနှင့် ပါတ်သက်၍လည်းကောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်လိုက်ပါသည်။

အဖွဲချုပ် ။။ face book မှဖေါ်ပြပါသည်။

Thursday, March 22, 2012

အမေစုနဲ့ အဖွဲ့ချုပ်ကို ချီတက်ထောက်ခံ ကြတဲ့ လှည်းကူးမြို့ နယ်မှ မိခင်နှင့် ကလေးများ ...


ယနေ့(၂၂.၃.၁၂)နေ့လည်က လှည်းကူးမြို့နယ်မှ အမေ့စုကို ချစ်မြတ်နိုးသော မိခင်တချို့ ဦးဆောင်၍ ၄င်းတို့ သားသမီးများနှင့်အတူ လှည်းကူးမြိုနယ်အတွင်း တစ်နာရီခန့် စံနစ်တကျ ချီတက်လမ်းလျှောက်ပွဲ တစ်ခုကို စည်းကမ်း ရှိစွာ ကျင်းပပြီး အမေစုကိုထောက်ခံကြောင်း ပြသခဲ့ကြသည်ဟု သတင်းရရှိပါသည်။

သတင်း၊ ဓာတ်ပုံအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ။။ မှကူးယူဖေါ်ပြပါသည်။