Friday, March 23, 2012

၈၈မျိုးဆက်ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကွန်ယက် ဖွဲ့စည်း












၂၀၁၂ခုနှစ် မတ်လ ၂၃ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားရုံးတွင် လာမည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတခြင်း လွတ်လပ်ခြင်း သန့်ရှင်းခြင်းရှိ၊မရှိကို ပြည်သူများအားသိရှိစေရန်အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
 
ကျွန်တော်တို့ရဲ့ စံတစ်ခုဖြစ်တဲ့ တရားမျှတခြင်း လွတ်လပ်ခြင်း သန့်ရှင်းခြင်းကို ကျွန်တော်တို့ လိုလားတယ်ဆိုတဲ့ ကျွန်တော်တို့ဟာ အခု မလွဲမသွေ ကြုံရမဲ့ ရွေးကောက်ပွဲကို ဘယ်လောက် တရားမျှတသလဲ လွတ်လပ်ပြီး သန့်ရှင်းမှု ဘယ်လောက်ရှိသလဲဆိုတာ စောင့်ကြည့်ဖို့လဲ ကျွန်တော်တို့မှာ အထိုက်လျောက် တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူလို့ အခုဒီကွန်ယက်ကို ဖွဲ့စည်းဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောသည်။
 
အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက် အဖွဲ့အစည်းတွင် ၈၈မျိုးဆက်ကျောင်းသား များသာမက ၂၀၁၀ ရွေးကောက်ပွဲတွင် အတွေ့အကြုံရှိပြီးသော လူငယ်ကွန်ယက်များ နိုင်ငံရေးအဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ထားကြောင်း သိရှိရသည်။
 
ကျွန်တော်တို့ထက် အတွေ့အကြုံရှိတဲ့ လူငယ်အဖွဲ့အစည်းရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စောင့်ကြည့်ခဲ့တဲ့ လူငယ်အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ ရှိပါတယ် အဲ့တော့ ကျွန်တော်တို့က ဒီကိစ္စဆောင်ရွက်ချင်တယ်ဆိုတဲ့ နေရာမှာ ၈၈မျိုးဆက်ကျောင်းသားများ အနေနဲ့ဆောင်ရွက်တာထက် အဲ့ဒီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်နေရာကနေ အားဖြည့်ရမလဲ ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို သက်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါတယ်။ အဲ့လိုတိုင်ပင်ဆွေးနွေးပြီးတော့ ဒီရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်ဆိုတာကို ကျွန်တော်တို့စုစည်းပါတယ်။ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
 
၈၈မျိုးဆက်ကျောင်းသားများသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတခြင်း ရှိ မရှိကို ချိတ်ဆက်ထားသော အဖွဲ့အစည်းများနှင့်သာမက ၈၈မျိုးဆက်ကျောင်းသားရုံးသို့ တိုင်ကြားသော အသံများ စာများကို အင်တာနက်စာမျက်နှာ နှင့် ဖေ့ဘုတ်တွင် ပြည်သူ့အသံအဖြစ် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့အဖွဲ့အစည်းတွေက မဲရုံတွေမှာ မသင်္ကာတာဘဲ ဖြစ်ဖြစ် တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ချက်ချင်း ဖေ့ဘုတ်မှာ တင်သွားမှာပါ ဒါကတော့ ကျွန်တော်တို့ဆီကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာတွေကိုလဲပဲပေါ့ဟု လာမည့်ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်တွင် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမရှိ နှင့် ကွန်ယက်မှ တွေ့ရှိခဲ့သော အတွေ့အကြုံများကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပြန်လည်ထုတ်မည် ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

0 ယောက် အကြံပြုထားပါသည်:

Post a Comment