Monday, March 26, 2012

NLD အောင်နိုင်ရေးအဖွဲ့ဝင် ထိုးကြိတ်ခံရမှု မြို့နယ်တရား လွှတ်တော်သို့တိုင်

ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လ(၂၂)ရက်နေ့ည (၀၇း၀၀)နာရီခန့်က NLD ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် တစ်ဦး ရွာထဲမှ နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ်လူ (၁၀) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်ခံရမှုအား တည်ဆဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုးကြိတ်ခံခဲ့ရသူ ဦးတင်ဝင်းက ''ရွာထဲကနေတစ်ယောက်တည်းပြန်လာတုန်း ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ လူနှစ်ယောက်က လက်ကိုလာချုပ်ပြီး ကျန်တဲ့သူတွေက ၀ိုင်းထားတယ်။ မျက်နှာကိုလည်း မီးအုပ်ဆောင်းကြီးနဲ့ထိုးပြီး မင်းလားကွ NLD ကလို့ပြောပြီး ၀ိုင်းထိုးတာ''ဟု ပြောပြသည်။

ပုသိမ်ထီးဖြင့် ပုသိမ်မြို့တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

သူကပင်ဆက်လက်၍ ၎င်းအား ထိုးကြိတ်ခဲ့သူများမှာ သမ၀ါယမ ပြည်ထောင်စု ဒု ၀န်ကြီး ဦးသန်းထွန်း၏ ညီဝမ်းကွဲတော်စပ်သူ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း၊ ၎င်းအား ချုပ်ထားစဉ် ကြံ့ခိုင်ရေးရုံးအတွင်းမှ ဘယ်သူလဲဟေ့ဟု လှမ်းမေးကြောင်း၊ ချုပ်ထားသူ တစ်ယောက်မှလည်း တင်ဝင်း ဆိုတဲ့ကောင်ဟု လှမ်းအော်ပြောကြောင်း၊ ထိုအခါရုံးအတွင်းမှ တင်ဝင်း ဆိုရင် အသေသတ်ပစ်လိုက်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြသည်။

၎င်းအမှုအား ရွှေသောင်ယံမြို့နယ်ခွဲ ရဲစခန်းသို့တိုင်ကြားရာ ရဲအရေးမပိုင်ဟုပြောသဖြင့် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ဦးတင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

ယခုကိစ္စအားပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ မေးမြန်းရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတိုင်ကြေးဆို မနေ့က ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ကို သူတို့ဘက်က လူငယ် ၃ ယောက်လောက်က ၀ိုင်းထိုးတာ ဖူးယောင်နေတာပဲ။ ပုသိမ်တဘက်ကမ်း (၉) ရပ်ကွက်မှာဖြစ်တာ''ဟု ပြောပြသည်။

ပုသိမ်မြို့နယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ ''ဒီကိစ္စတွေက ပါတီနှစ်ခုပြသာနာတက်တယ်လို့တော့ ပြောလို့မရဘူး။ အသိအမြင်ဗဟုသုတနည်းတဲ့နေရာတွေမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကို ပါတီဝင် ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြေရှင်းကြတာလို့ ပဲထင်တယ်''ဟုသူ၏ထင်မြင်ချက်ကို ပြောပြသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် အင်န်အယ်လ်ဒီ ပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့ ပုသိမ်မြို့တွင် အကြိတ်အနယ် မဲဆွယ်စည်းရုံးလျက် ရှိသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment