skip to main |
skip to sidebar
မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ ကြာ အာဏာရှင်စနစ်ကနေ လမ်းခွဲပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲရင့်ရင့် လုပ်ဆောင်နေတာတွေဟာ နောက်ကြောင်းပြန်စရာ အကြောင်းမမြင်တော့ဘူးလို့ ICG လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး သုတေသနနဲ့ အကြံပေး အဖွဲ့က ဆိုလိုက်ပါတယ်၊
ဒါကြောင့် မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေကို မဆိုင်းမတွ ချက်ချင်း ရုပ်သိမ်းပေးဖို့ နဲ့ အပြောင်းအလဲကို ၀ိုင်းဝန်းကူညီကြဖို့ ဘယ်လဂျီယံနိုင်ငံ၊ ဘရက်ဆဲအခြေစိုက် အဖွဲ့က တိုက်တွန်း လိုက်ပါ တယ်၊
ဗုဒ္ဒဟူးနေ့မှာ ထွက်လာတဲ့ မြန်မာပြည်က ပြုပြင်ပြောင်းလဲခြင်း - တနှစ်ခန့်ကြာသောအခါ "Reform in Myanmar: One Year On," အစီရင်ခံစာသစ်မှာ အားလုံးလွှမ်းချုံတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နှောင့်နှေးစေ လိမ့်မယ်လို့ သတိပေးထားပါတယ်၊
မြန်မာပြည်မှာ အပြောင်းအလဲတွေ လုပ်ဖို့ အတန်ကြာကတည်းက တောင်းဆိုနေတဲ့ အနောက်နိုင်ငံတွေ အနေနဲ့ အခုအချိန်မှာ တတ်နိုင်သလောက်ကူညီဖို့ လိုပြီး၊ အရေးအကြီးဆုံး ခြေလှမ်းကတော့ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ချက်ချင်းရုပ်သိမ်းပေးဖို့ပဲ ဖြစ်တယ်လို့ အဖွဲ့က ထောက်ပြထားပါတယ်။
ဒီအတောအတွင်းမှာ အရင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ဥရောပသမဂ အီးယူက ပိတ်ဆို့ထားတာတွေကို သိသိသာသာ လျှော့ပေါ့ပေးဖို့က စဉ်းစားနေတယ်လို့ ဆိုထားသလို အမေရိကန် ပြည်ထောင်စုကလည်း ဒဏ်ခတ်ပိတ်ဆို့ထားတာတွေထဲက တချို့ကို ရွေးချယ်ပြီး ရုပ်သိမ်းပေးမယ်လို့ ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပါတယ်၊
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီးနောက် အမေရိကန်က သံတမန် ဆက်ဆံရေးမြှင့်တင့်ဖို့ ကြေညာခဲ့သလို၊ ဗြိတိသျ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းလည်း ဒီတပတ်ထဲမှာပဲ မြန်မာပြည်ကို ရောက်လာဖို့ ရှိနေပါတယ်။
မြန်မာပြည်ကို တနလာင်္နေ့က ရောက်ပြီး သမတဦးသိန်းစိန်၊ လွှတ်တော်အကြီးအကဲတို့နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ကလည်း မြန်မာအစိုးရရဲ့ အပေါင်းလက္ခဏာလုပ်ဆောင်ချက်တွေအတွက် ဆုလာဘ်အဖြစ် အမေရိကန်မူဝါဒမှာ အပြောင်းအလဲဖြစ်လာအောင် သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆောင်ရွက်သွားမယ်လို့ မြန်မာပြည်က မပြန်ခင်မှာ သတင်းထောက်တွေကို ပြောပါတယ်၊
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည်တို့ ကြားထဲမှာ စီးပွားရေးအရ၊ သံတမန်ရေးအရ တင်းပြည့်ကျပ်ပြည့် ဆက်ဆံရေးတိုးမြှင့်တာမျိုးကို မြင်ချင်တယ်လို့ မစ္စတာ ဂျင်ဝက်က ဆိုပါတယ်။
ဒီလို ဆုလာဘ်ပေးခြင်းအားဖြင့် မြန်မာပြည်မှာ နောက်ထပ်အပြောင်းအလဲတွေအတွက် အစိုးရကို စည်းရုံးရာလည်း ရောက်မယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ်က ဆိုပါတယ်၊
DVB TV News fb မှ စုစည်းတင်ပြပါသည်။
0 ယောက် အကြံပြုထားပါသည်:
Post a Comment