Thursday, April 12, 2012

အားလုံးပါဝင်တဲ့ နိုင်ငံရေး ရှိလာရင် ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်း ပိုမို ချောမွေ့ ခိုင်မာလာနိုင်

အားလုံးပါဝင်တဲ့ နိုင်ငံရေး ရှိလာရင် ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်း ပိုမို ချောမွေ့ ခိုင်မာလာနိုင်

အရပ်သားအစိုးရ ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြုပြင်ပြောင်းလဲရေး လမ်ကြောင်းပေါ် ချောချောမွေ့မွေ့ တက်လာနိုင်အောင် မြန်မာတနိုင်ငံလုံးကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အားပေးနေခဲ့ကြတာ နှစ်တွေ စွန်းလာနေပါပြီ။

နည်းလမ်းတွေ အမျိုးမျိုး ရှိနေခဲ့ပြီး တခုထက်မကတဲ့ နည်းလမ်းတွေရဲ့ ရလဒ်ကောင်းတွေနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ရေရှည်မှာ တိုးတက်ကောင်းမွန်လာစေနိုင်မယ့် နိုင်ငံရေး အခင်းအကျင်းသစ်ကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ရှေ့အနာဂတ်မှာ ကောင်းလာနိုင်တာတွေကို ကြိုတင်ခန့်မှန်း တွေးဆမိနိုင်တာကြောင့် ဒီအနေအထားကနေ ရှေ့ဆက်တိုးဖို့သာ ရှိပါတော့တယ်။ နောက်ပြန်ဆုတ်လို့ မဖြစ်တော့တာ အမှန်ပါပဲ။

ဒီလိုနိုင်ငံရေး အခင်းအကျင်းမှာ ဦးဆောင်သူတွေ၊ ပံ့ပိုးအားပေး ထောက်ခံသူတွေ ဘယ်လောက်ပဲ များများ၊ ဘယ်လောက်ပဲတော်တော် အရှိန်အဟုန်တခုနဲ့သာ ရွေ့လျားနေမှာဖြစ်ပြီး အတိမ်းအစောင်း မခံနိုင်တဲ့ အနေအထားမှာ အမြဲတမ်း ရှိနေမယ် ဆိုတာကို သတိပြုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီကို တည်ဆောက်နေကြရာမှာ တန်းတူညီမျှစွာ အားလုံးပါဝင်တဲ့ နိုင်ငံရေး (All-inclusive politics) မဖြစ်သေးတာကြောင့်ပါပဲ။ မြန်မာနိုင်ငံမှာ ဟိုးအရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ စရိုက် သဘာဝကြောင့် ဒီလိုပြောရတာ ဖြစ်ပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ စုံစုံညီညီ ပါလာမှလည်း သဘောထားအမြင်တွေကို တခါတည်း ချပြ ညှိနှိုင်းယူနိုင်ကြမှာ ဖြစ်ပါတယ်။

အားလုံး ပါဝင်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်း ရှိနေရင် ချောချောမွေ့မွေ့နဲ့ မြန်မြန်အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နိုင်စေဖို့က နောက်ထပ် ကျန်နေသေးသူတွေလည်း နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်လာခွင့် ရှိနေရမှာ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက် နှစ်ပိုင်းကတော့ --

(က) နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်မလာနိုင်အောင် ချုပ်ချယ် ကန့်သတ်ထားတာတွေကို အပြုသဘောနဲ့ မြော်မြင်ပြီး ဖယ်ရှားပစ်နိုင်ဖို့၊

(ခ) အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စေအောင် ကျန်နေသေးတဲ့ ပုဂ္ဂိုလ်တွေ ထပ်မံ ပါဝင်လာစေဖို့ ဖြစ်ပါတယ်။

တည်ဆဲဥပဒေများ၊ နည်းဥပဒေနဲ့ အမိန့်ကြေညာစာ၊ လမ်းညွှန်ချက်တွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ အဟန့်အတား ဖြစ်နေစေသလားလို့ ပြန်လည် သုံးသပ်စိစစ်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်ပါပြီ။

အလားတူပဲ ဖွဲ့စည်းပုံအခြေဥပဒေမှာလည်း ခေတ်စနစ်နဲ့ မလျော်ညီနိုင်ဘဲ ပြဌာန်းထားတာတွေကို ပြန်လည် ပြုပြင်ယူရင်း တိုးတက်ဖြစ်ထွန်းစေနိုင်မယ့် ဥပဒေတွေကို အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။

အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေးအတွက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အပိုင်းမှာတော့ ၄ မျိုးရှိနေမယ်လို့ ယူဆပါတယ်။ သူတို့ကတော့ --

(၁) ဖမ်းဆီးခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ဖြစ်ပါတယ်။ သူတို့တတွေ မလွတ်မြောက်ဘဲ အကျဉ်းထောင်တွေမှာ ဆက်လက် ချုပ်နှောင်ခံနေရတာဟာ အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေးအခင်းအကျင်း ဖြစ်ပေါ်စေရေးကို ဟန့်တားနေပါတယ်။

(၂) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းရေး ရရှိပြီး နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်လာနိုင်ဖို့ သိပ်အရေးကြီးနေပါတယ်။

(၃) နိုင်ငံရေးပါတီတွေနဲ့တကွ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အခုလို အသွင်ကူးပြောင်းရေး

ကာလမှာ အမျိုးသားရေး ဦးတည်ချက်နဲ့ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်လာနိုင်စေဖို့ သိပ်အရေးကြီးပါတယ်။

(၄) လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားအရ အမျိုးသားရေး ဦးတည်ချက် ထားရှိရတဲ့ တပ်မတော်ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ အပြုသဘောနဲ့ ပါဝင်လာဖို့ အင်မတန် အရေးကြီးပါတယ်။

လွင်အောင်စိုး

by Lwin Aung Soe fb မှ

0 ယောက် အကြံပြုထားပါသည်:

Post a Comment