Wednesday, April 11, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ဒုတိယအကြိမ်အဖြစ် နေပြည်တော်မှာ တနာရီခွဲနီးပါးကြာတွေ့ဆုံ

ဓါတ်ပုံrfa
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဒီနေ့မနက် တွေ့ဆုံပါတယ်။

တနာရီကျော်ကြာမြင့်တဲ့ ဒီတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေတယ်ဆိုတာ မသိသေးဘဲ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေ့လယ်စာအတူ သုံးဆောင်ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းရပ်ကွက်က ပြောပါတယ်။

သမ္မတက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်ကို တွေ့ဆုံမှုလည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် လွှတ်တော်မစတင်မီ နှစ်ပတ်အလို တွေ့ဆုံမှုဖြစ်ပါတယ်။

သမ္မတရဲ့ တွေ့ဆုံမှုဟာ အနောက်နိုင်ငံတွေက မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ထားမှုကို ဖြည်းဖြည်းချင်း ရုပ်သိမ်းဖို့ စတင်ပြောဆိုလာချိန် ဖြစ်သလို သောကြာနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက် မလည်ပတ်ခင်အချိန် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့တာမှာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရခဲ့ပြီး လာမယ့် ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို စတင် တက်ရောက်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခု သြဂုတ် ၁၉ ရက်နေ့တုန်းကလည်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတုန်းက ထုတ်ပြန်ချက်မှာ သူတို့နှစ်ဦးဟာ မတူကွဲပြားတဲ့အမြင်တွေကို ဘေးဖယ်ပြီး နိုင်ငံနဲ့ လူမျိုးအတွက် တကယ်အကျိုးရှိမယ့် ဘုံအကျိုးစီးပွားတွေမှာ ပူးပေါင်း ဆောင်ရွက်ကြမယ့် အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပါရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ မနက် ၁၁ နာရီကစတင်ပြီး နေ့လယ် ၁၂ နာရီခွဲလောက်အထိ တနာရီခွဲနီးပါးကြာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နေပြည်တော်က သမတအိမ်တော်မှာ တနာရီ ခွဲနီးပါးကြာတဲ့ ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာတော့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတွေကို ဆွေးနွေးကြတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ဒီဗွီဘီကို ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှု အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်မိသားစုနဲ့အတူ သမ္မတဧည်ဆောင်မှာ မိတ်ဆုံ နေ့လည်စာသုံးဆောင်ခဲ့ပြီး ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်ကို လေကြောင်းလိုင်းလဲ ပြန်လည် ထွက်ခွာလာမှာလဲဖြစ်ပါတယ်။
dvb fb မှသတင်းများအာ စုစည်းတင်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment