Tuesday, November 15, 2011

ငြိမ်းချမ်းရေးအတွက် အာဆီယံအမတ်တွေတိုက်တွန်း

မြန်မာပြည်က စစ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေက ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံ အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ထူထောင် နိုင်အောင် ကြိုးစား လုပ်ဆောင် သင့်တယ်လို့ မြန်မာ့ အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ AIPMC ကနေ အာဆီယံ ကိုယ်စားလှယ် တွေကို တိုက်တွန်း လိုက်ပါတယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဒေသတွင်း အစည်းအဝေး တွေကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်ထိ ကျင်းပဖို့ ရှိပြီး အဲဒီ မတိုင်ခင် ရက်ပိုင်း တွေ မှာလည်း အာဆီယံ အဆင့်မြင့် အရာရှိ အစည်းအဝေး တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးတွေ ရှိနေပါတယ်။

အဲဒီအချိန်ကြရင် မြန်မာပြည်က ဒီမိုကရေစီရေးနဲ့ လူ့အခွင့် အရေးအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတို့ ပဋိပက္ခဖြစ်နေတာ မဖြေရှင်း နိုင်သေး တာတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ AIPMC အာဆီယံ အမတ်တွေက တိုက်တွန်း လိုက်တာပါ။

မြန်မာပြည်မှာ ရွေးကောက်ပွဲလုပ်ခဲ့တာ အခုဆိုရင် တစ်နှစ်ရှိ လာပေမယ့် မြန်မာပြည်မှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာပါ အခြေအနေတွေက တိုးတက်မလာသေးဘူး။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ အခွင့် အရေး တွေ လူ့အခွင့် အရေးတွေ မခံစား နိုင်ကြ သေးပါဘူးလို့ AIPMC အဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှား ပါလီမန်အမတ် မစ္စ လီလီ ဝါဟစ်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး အခု ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ၂၀၁၄ မှာ မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးကိုလည်း ဆွေးနွေးဖွယ် ရှိတာမို့ ဒီအခြေ အနေကို အခွင့်ကောင်း တစ်ရပ်အဖြစ် ရယူပြီး မြန်မာပြည်မှာ လက်ဆုတ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ အမြန် ဖြစ်လာ အောင် ပြောဆို စည်းရုံးကြဖို့ AIPMC က တိုက်တွန်း ထားပါတယ်။

အကျဉ်းသားတွေထပ်လွှတ်ဖို့ လူ့အခွင့်အရေး ကော်မရှင်က ပန်ကြား

ပြီးခဲ့တဲ့ လက လွတ်လာတဲ့ အကျဉ်းသားတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀လောက်ပဲပါ

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုဝင်ဘာလ ၁၂ရက်နေ့ နေ့စွဲနဲ့ အိတ်ဖွင့်စာ ရေးပြီး ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူပေါင်း ၂၀၀၀ နီးပါး ရှိတယ်လို့ ကုလသမဂ္ဂ နဲ့ ကမ္ဘာ့ နိုင်ငံတချို့က ပြောနေပေမယ့် မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ မေးမြန်း စုံစမ်းမှုတွေ အရတော့ ၅၀၀ ခန့်သာ ရှိကြောင်းနဲ့ အဆိုပါ ၅၀၀ ခန့်အနက် ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ၂၀၀ခန့် ပြန်လွတ်လာခဲ့ပြီး ဖြစ်တာမို့ ကျေနပ် ဝမ်းမြောက်မိတယ်လို့လည်း အိတ်ဖွင့်စာထဲမှာ ဖေါ်ပြထားပါတယ်။

အခုတခါ ထပ်ပြီး လွှတ်ပေးနိုင်သူတွေကို လွှတ်ပေးဖို့နဲ့ မလွှတ်ပေးနိုင်သူတွေကိုလည်း မိသားစုနဲ့နီးရာ အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ ထားရှိပေးဖို့ကိုလည်း ထည့်သွင်း တင်ပြထားပါတယ်။

နိုင်ငံခြား သတင်း အေဂျင်စီ တွေမှာတော့ အကျဉ်းသားတွေ ပြန်လွှတ်ပေးမယ့် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်တခု မကြာခင် ရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်ဘွယ် ရှိတယ်လို့ အမည် မဖေါ်တဲ့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တဦးကို ကိုးကားပြီး ဖေါ်ပြ ထားပါတယ်။

နိုဝင်ဘာလ ၁၃ရက် တနင်္လာနေ့မှာတောင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်နိုင်ဘွယ် ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဘာလီကျွန်းမှာ လာမယ့် နိုဝင်ဘာလ ၁၇ရက်နေ့မှာ စတင် ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင်မှာ သမ္မတ ဦးသိန်းစိန် အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးမယ့် ပုံမျိုး ရှိတယ်လို့လည်း မျှော်လင့်နေကြပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာရေး လက်မှတ်ရေးထိုး တောင်းဆိုမှုတွေကို ဦးဆောင် လှုပ်ရှားနေတဲ့ ကိုတိုးကျော်လှိုင်ကတော့ အိတ်ဖွင့်ပေးစာပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမယ့်ပုံမျိုး မရှိဘူးလို့ ခန့်မှန်းပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်မလွှတ်ပေးတာဟာ အစိုးရအနေနဲ့ အစိုးရိမ် လွန်နေတာသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Myanmar Journal's Notes Face Book စာမျက်နှာမှကောင်းနှုတ်တင်ပြထားပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment