Friday, November 18, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား အကျဉ်းထောင်အသီးသီးသို့ ပြောင်းလဲနေရာချထားပေးကြောင်းသိရ

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား ၁၆-၁၁-၁၁ရက်နေ့မှ စတင်၍ အကျဉ်းထောင်အသီးသီးမှ ပြောင်းလဲနေရာချထားပေးကြောင်း အကျဉ်သားမိသားစုဝင် အသိုင်းအ၀ိုင်းမှ သိရှိ ရသည်။

` ၁၇-၁၁-၁၁ရက်နေ့ နေ့လည်၁၂း၄၅ လေယာဉ်နဲ့ ပြောင်းပြီလို့ကြားရပေမယ့်၊ ဘယ်ကိုပြောင်းမယ်ဆိုတာ တော့ အတိအကျ အသိရသေးဘူး´ဟု မင်းကိုနိုင်၏ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်ကပြောသည်။

မိသားစုဝင်အများစုမှာ အကျဉ်းထောင်ပြောင်းလဲသော်လည်း မည်သည့်အကျဉ်းသားအား မည်သည့် ထောင်သို့ ပြောင်းလဲပေးသည်ကို မိသားစုဝင်များထံအကြောင်းကြားခြင်းမရှိပဲ အကျဉ်းထောင်ပြောင်းလဲပေးသော် အကျဉ်း သား စာရင်းများကိုလည်း အတိအကျဖော်ပြထားခြင်း မရှိသေးကြောင်း နိုင်ငံရေး အသိုင်းဝိုင်းမှ သိရှိရသည်။

`ပြောင်းပေးနေတာတော့ကြားတယ်။ ဒါပေမယ့် ပြောင်းပေးတာလည်းဝေးနေတယ်ဆိုရင်ဘာမှမထူးပါဘူး။ သွားတာလည်း အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်မကတော့တစ်ခါထည်း လွတ်ပေးထာကိုပဲ ဖြစ်စေချင်ပါတယ်´ ဟု ၈၈မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင်ဒေါ်ညွှန့်ကပြောသည်။

မြန်မာနိုင်ငံလူအခွင့်ရေးကော်မရှင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့ မေတ္တာရပ်ခံတင်ပြသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင်ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများမှ သိရှိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် မေတ္တာရပ်ခံချက် ၈ချက်ပါဝင်ပြီး အကျဉ်းကျခံရသူများအနက် နိုင်ငံတော် တည်ငြိမ် အေးချမ်းမူကို ထိန်းသိမ်းရန်လိုအပ်ချက်အရ လွတ်ငြိမ်းချမ်းသာခွင့်တွင် ထည့်သွင်းမပေးနိုင်သေးသည့်သူများ ရှိပါကလည်း ထိုသူများသည် မိသားစုများနှင့်ဝေးလံသည့် ဒေသများရှိ အကျဉ်းထောင်များတွင် ကျခံနေရ သူများဖြစ်ပါက မိသားစုတွေ့ဆုံနိုင်ရန် သွားလာ၍လွယ်ကူသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးနိုင် ပါရန်လည်း စဉ်းစားပေးပါရန် အစရှိသည့် အချက်ထည့်သွင်းထားကြောင်း သိရှိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျလျက်ရှိသော နိုင်ငံရေးအကျဉ်းသားပေါင်း ၅၀၀ ကျော်ရှိကြောင်း အန်အယ်ဒီမှ စာရင်းများအရ သိရှိရသည်။

ထွန်းနေအောင်+အောင်ကိုကိုလတ်(မြစ်မခ)

မူရင်း။။ Myit Makha Mediagroup

0 ယောက် အကြံပြုထားပါသည်:

Post a Comment