Tuesday, November 15, 2011

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ၁ နှစ်ပြည့် အထိမ်းအမှတ်သတင်းစာရှင်းလင်းပွဲ

နေ့လည် ၁နာရီမှ စတင်မြဲ့ သတင်းစာရှင်းလင်းပွဲမှာ နေ့လည် ၁၂နာရီလောက်ကတည်းက သတင်းထောက်တော်တော်များများရောက်ရှိပြီး နေရာယူပြီးကြပါပြီ။

ကျမက ရုံးခန်းထဲမ၀င်ခင် ရုံးရှေ့ကနေ ဓါတ်ပုံရိုက်ဖို့ ပြင်ဆင်နေတုန်း အဖွဲ့ဝင် လူငယ်တဦးက ကျမကို သတိလာပေးတယ်။ အမ အထဲမှာ နေရာမရဘဲနေလိမ့်မယ်။ ပြန်အထွက်မှ ရိုက်ပါလားလို့ လာပြောပါတယ်။

ဟုတ်ကဲ့လို့ ကျမပြောပြီး ၀င်လာတော့ အပေါက်ဝမှာ မီဒီယာ နံပတ်ကဒ်ပြား ချိတ်ဖို့ သတိပေးတာနဲ့ ချိတ်ပြီး အ၀င်ဝမှာ နာမည်စာရင်းကို ပြောရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက နာမည်စာရင်းပေးထားခဲ့တဲ့ ကျမနာမည်နဲ့ နံပတ်ကို အ၀င်ဝ လူငယ်တွေက မှင်ဝါတန်လေးနဲ့ ခြစ်ပြီးဝင်လို့ရပါပြီလို့ ပြောပါတယ်။

အန်အယ်ဒီရုံးအောက်ထပ် ခန်းမထဲမှာတော့ သတင်းထောက်တွေနဲ့ ပြည့်လုနီးပါးဖြစ်နေပါပြီ။ ဒီတခါ သတင်းစာရှင်းလင်းပွဲကို စီစဉ်တာကတော့ အရင်ကထက်အများကြီး ပိုစနစ်ကျလာတာကို တွေ့ရပါတယ်။

ရှေ့မှာ ပလစ်စတစ်ထိုင်ခုံနီနီလေးတွေ စုစုပေါင်း ခုန် ၈၀လောက်ချထားပေးပါတယ်။ အဲဒီခုန်တွေရဲ့ နောက်မှာတော့ ဓါတ်ပုံရိုက်တဲ့သူတွေအတွက် အဆင်ပြေအောင် ခုံတွေကို တန်းပြီး စီပြီချထားပေးပါတယ်။

ဓါတ်ပုံသမားတွေကတော့အဲဒီပေါ်မှာ တက်ပြီးဓါတ်ပုံရိုက်ရပါမယ်။ ခုံမှာထိုင်တဲ့သူတွေကတော့ မေးခွန်းမေးခွင့်ရှိတယ်။ ဒါပေမဲ့ ဓါတ်ပုံမရိုက်ပါနဲ့လို့လည်း စည်းကမ်းလေး ထားပါတယ်။

ကျမတို့ မြစ်မခမီဒီယာက ကျမနဲ့ ၀င့်သင်ဇာကျော်တို့ တက်ခဲ့ပါတယ်။ မီဒီယာတခုကို လူ၂ ဦး တက်ခွင့်ပြုခဲ့တဲ့အတွက်ပါ။ ကျမကတော့ ရောက်တာနည်းနည်းနောက်ကျသွားတဲ့အတွက် နောက်တန်းက ခုံတွေနားမှာ ထိုင်ပြီး ၀င့်သင်ဇာကျော်ကတော့ နောက်က ဓါတ်ပုံရိုက်တဲ့သူတွေကို သတ်မှတ်ပေးထားတဲ့ နေရာမှာ နေရာယူရပါတယ်။

ပြည်တွင်းပြည်ပ သတင်းထောက်တွေ အားလုံး တွက်ကြည့်မယ်ဆိုရင် သတင်းထောက်ပေါင်း ၁၂၀ လောက် တက်ကြတာ တွေ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲရဲ့ အခမ်းနားမှူးကို အန်အယ်ဒီအဖွဲ့က ပြန်ကြားရေးအဖွဲ့က ဦးအုန်းကြိုင်က ဆောင်ရွက်ပါတယ်။

အန်တီက ဒီနေ့မှာလည်း အဖြူရောင်ပန်းတွေ ဝေနေအောင်ပန်ထားပါတယ်။ ဒါ့အပြင် အန်အယ်ဒီဗဟိုအမျိုးသမီးအဖွဲ့ရဲ့ ဇွန်ပန်းကုံးတွေနဲ့ လည်မှာအပြည့်ပါ၊ အဖြူရောင်ပိတ်ဖောက်ဇာပေါ်မှာ နီညိုရောင် ပန်းခက်လေးတွေ ပါတဲ့ မြန်မာအကျီာင်္လေးကို ၀တ်ထားပြီး၊ ဗမာချည်လုံချည် နီညိုရောင်လေးကို ၀တ်ဆင်ထားပါတယ်။

အမြဲတမ်း ဗမာဆန်ဆန်ကျက်သရေ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာလည်း ကျက်သရေရှိရှိ လှပနေတာကို ကျမတို့ အနီးကပ်ငေးမောခွင့်ရခဲ့ကြပါတယ်။

နိုင်ငံခြားသားသတင်းထောက်တွေလည်း ရှိတဲ့အတွက် အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က အင်္ဂလိပ်လိုပဲ ခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်းအကြောင်းရင်းကို ပြောပါတယ်။

`ကျမတို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီး ဆွေးနွေးတာက အခက်အခဲ ရှိလို့ အားလုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။

အဲတော့ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ကျွန်မတို့ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ဆိုတာကို အဓိကထားပြီးတော့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အဖွဲ့အစည်း ဆိုတော့ နိုင်ငံရေးကိုတော့ ပထမ ဦးစားပေး ပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ စပြီိး တည်ထောင်စဉ် ကာလတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီ ရရှိရေးကို ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်လုံး ဒီလမ်းကို လျှောက်ခဲ့ပါတယ်။

အခုနှစ်မှာ ဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ် အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြတဲ့ ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများ အခုဆိုရင် စိတ်ဝင်စား နေတာက NLD ဟာ ပြန်ပြီးတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ လွှတ်တော်က အပြောင်းအလဲ တစ်ခုလုပ်ပြီးတော့ သမ္မတကြီး ကလည်း လက်မှတ်ထိုး ပြီးပြီ ဆိုတော့ ၁၈ ရက်နေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ ပြောမှာပါပဲ။ အဲဒါမေးရင် မေးရကျိုး နပ်မယ် မထင်လို့ မမေးပါနဲ့။

တခြား နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေး အကျဉ်းသား။ ဒီနှစ် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အချို့လွတ်လာတာ ရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေးသမားတွေ ရှိသေးတယ် ဆိုတာလဲ အများ သိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ် ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျွန်မတို့ ဘာမှ မသိရသေးပါဘူး။ အခုထိတော့ ဒါ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောတာကိုပဲ ကျွန်မတို့ ကြားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ သာမက ဒီမိုကရေစီ လိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။

ကျွန်မ ဂျူလိုင်လ တုန်းကဆိုရင် သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကို အိတ်ဖွင့်စာ ပေးပြီးတော့ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ နောက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မ အနေနဲ့ ဘယ်နေရာက ဖြစ်ဖြစ် ကူညီနိုင်ရင်လည်း ကူညီပါမယ်လို့ ကျွန်မ ပြောပါရစေ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မ တစ်ယောက်တည်း အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်း တစ်နေရာက နေပြီးတော့ ကူညီနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့က နေပြီး ဝင်ရောက် ပါဝင် ကူညီဖို့ အဆင်သင့် ဖြစ်ပါတယ် ဆိုတာ ကျွန်မ ထပ်မံပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ မြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဥ်းသား ဆိုတာကလည်း ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ ရှိလေ့ရှိထ မရှိပါဘူး။

နောက် စီးပွားရေးနဲ့ ပတ်သက်လို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ် ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့က ဥပဒေစိုးမိုးရေး လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမဲ့သူ တွေက ­­ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိ၊ မရ­­­­­­­ှိ ဆိုတာကို သေသေချာချာ ကြည့်ပြီးမှ သူတို့ ရင်းနှီးသင့်တယ်၊ မရင်းနှီးသင့်ဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဆိုရင် ဥပဒေစိုးမိုးရေး ဆိုတာ ရှိရမယ်။ ဥပဒေ စိုးမိုးရေးက ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးက မရှိနိုင်ပါဘူး။

ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကပါပဲ။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလေး ကျွန်မ ပြောချင်ပါတယ်။

ကျွန်မတို့ အရင်နှစ်က ကျွန်မ ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာပြည်သူနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ ဒီကွန်ယက် လာတော့ ကျွန်မတို့ အားရလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး လူသားချင်း စာနာတဲ့ နေရာတွေမှာလဲ ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ခုတစ်ခေါက် ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက် တွေကိုလည်း ဖွဲ့နိုင်ခဲ့ ပါတယ်။ ဒါဟာ ကျွန်မတို့ ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ လုံလောက်သလား ဆိုတော့ ကျွန်မအနေနဲ့ လုံလောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီ ဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ရောက်လို့ ဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီလို အပြုသဘော ဆောင်တဲ့ အမြင်နဲ့ မြင်ဖို့ လိုပါတယ်။

တိုးတက်ဖို့ ဆိုတာက အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲရမယ်။ ကျွန်မတို့ဟာ ယုံကြည်ချက် ပေါ်မှာ အခြေခံ ပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးက ပွင့်သွားမှာပါ။ဒီတော့ မပွင့်သေးဘူးလား လို့ တစ်ချို့က ပြောမယ်။ ဒီလို ကျွန်မ ပြောခြင်းအားဖြင့် ဒီိမိုကရေစီ လမ်းကြီးက မပွင့်သေးဘူးလား လို့ ပြောတာလား ဆိုရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး လို့ ကျွန်မ ပြောပါရစေ။ အဲတော့ ဒီအခြေအနေ ရောက်ဖို့ဟာ ကျွန်မတို့ အားလုံး ကြိုးစားဖို့ လိုပါတယ်။

အဲဒီလို ပြောပြီးတဲ့နောက်မှာတော့ အခမ်းနားမှူးက အခမ်းနားအစီစဉ် အရသတင်းထောက်များက မေးမြန်းရမှာဖြစ်ကြောင်း သတင်းထောက်တဦးလျှင်ေ မးခွန်း ၂ ခုမေးခွင့်ရှိကြောင်း ပြောပါတယ်။

ပထမဦးဆုံး ထမေးတဲ့ သတင်းထောက်ကတော့ ရှေ့ဆုံးတန်းက ထိပ်ဆုံးနေရာမှာ ထိုင်နေတဲ့ သာလွန်ဇောင်းထက်ပါ၊ သူက အသံဂျာနယ်က အယ်ဒီတာတယောက်ဖြစ်ပါတယ်။

ကျနော်က The Voice ဂျာနယ်က လှိုင်းသစ်ဇင်ဝေပါ၊ အယ်ဒီတာ ပါလို့ သူ့ကိုသူ မိတ်ဆက်ပြီး မေးခွန်းကို ခုလိုစမေးပါတယ်။

မေး။ ။ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးကော်မရှင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသား ငါးရာရှိတယ်ပြောတယ် ကျွန်တော်တို့မီဒီယာတွေနဲ့ တခြားအဖွဲ့အစည်းတွေက ပြောတာက နှစ်ထောင်ဆိုတာမဟုတ်ဘူး တကယ်လို့သာသူတို့က နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးမယ်ဆိုရင် ငါးရာလောက်သာ လွှတ်ပေးနိုင်မယ် အဲ့လိုသဘောပေါ်မှာ အန်တီဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။အဖွဲ့ချုပ်စာရင်းမှာပေါ့ နိုင်ငံရေးအကျဉ်းသား ငါးရာနှစ်ဆယ့်ငါးယောက် လို့ပြောပါတယ် ဒါပေမဲ့အခု ကိုးဆယ်နဲ့ငါးယောက်ဖြစ်ပါတယ် ဒါက အဖွဲ့ချုပ်ရဲ့ စာရင်းပါ အဖွဲ့ချုပ်စာရင်းဟာ အစိုးရရဲ့စာရင်းနဲ့ နှစ်ရာလောက်တော့ ကွာပါတယ် ဒါပေမဲ့ တချို့စာရင်းတွေဆိုရင် နှစ်ထောင်လောက်ရှိတယ်ဆိုတာ မှန်ပါတယ် အဲ့ဒီ အပြင်ကရတဲ့စာရင်းတွေကို ကျွန်မတို့ တတ်နိုင်သလောက် စုံစမ်းပါတယ် စုံစမ်းတော့ တချို့အဲ့စာရင်း တွေထဲမှာပါတဲ့ တချို့အကျဉ်းသားတွေက လွတ်သွားတာကြာပြီဆိုတာ ကျွန်မတို့ တွေ့ရပါတယ် ဒါပေမဲ့ ကျွန်မတို့ အားလုံးကိုတော့ တိတိကျကျ မစုံစမ်းနိုင်သေးပါဘူး အခုကျွန်မတို့ ငါးရာနဲ့ကိုးဆယ့်တစ်ယောက် ဆိုတော့ သတ်မှတ်ထားတာ ကျွန်မတို့သေသေချာချာ အကျဉ်းထောင်ထဲမှာ ရှိသေးတယ်ဆိုတာ သိတဲ့နိုင်ငံရေး အကျဉ်းသားများဖြစ်ပါတယ်။

ဒီငါးရာကိုးဆယ့်နဲ့တစ်ယောက် မလွတ်သေးဘူးဆိုရင် လွတ်ပါလွတ်ပါဆိုပြီး ဆက်ပြီးပြောရမှာပေါ့

မေး။ ။ အန်တီမှတ်ပုံတင်မဲ့အပေါ်မှာရော ဘာများထူးခြားမှုရှိပါသလဲ။

ဖြေ။ ။အဲ့ကိစ္စကို ဒီ၁၈ရက်နေ့ကျမှ ပြောမယ် မှတ်ပုံတင်ကိစ္စမပြောရဘူးလို့ ပြောထားပြီးသား ကွေ့ကောက် ပြီးတော့ မမေးနဲ့မရဘူး ။

နောက်တဦးကတော့ ၃ တန်းမြောက်ကပါ၊ ပြည်တွင်းဂျာနယ်တစောင်က လူငယ်သတင်းထောက်ဦးပါပဲ။

မေး။ ။အန်တီထွက်လာပြီးတဲ့နောက်မှာ ဦးအောင်ကြည်နဲ့ လေးကြိမ် သမ္မတနဲ့တစ်ကြိမ် အားလုံးပေါင်းငါးကြိမ် အဲ့လိုတွေ့ဆုံပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာတဲ့ရလဒ်ကြည့်ရင် ဧရာဝတီမြစ်ဆုံရပ်တာတို့ နိုင်ငံရေးအကျဉ်းသားလွတ်တာတို့ အဲ့အပေါ်မှာ ဒေါ်စုကိုယ်တိုင် သဘောထားအမြင် ဘယ်လိုသဘောထား ရှိသလဲ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ဘယ်လောက်အတိုင်းအတာထိရှိလာသလဲဆိုတာပေါ့။

ဖြေ။ ။စောစောကပြောခဲ့တဲ့ စကားအတိုင်းဘဲ ကျေနပ်တယ် ဆိုတဲ့စကားကိုမသုံးချင်ဘူးဆိုတာ ကျေနပ်တယ်ဆိုတာ ထပ်ပြီးတော့ လုပ်ဖို့မလိုတော့ဘူးဆိုတဲ့ အဓိပါယ်လေး နည်းနည်းပါလာလို့ ဖြစ်ပါတယ် ကျွန်မပြောချင်တာက သမ္မတကြီးဦးသိန်းစိန်ပြောသွားတဲ့ ဟာတွေကိုတော့ ကျွန်မအင်မတန်မှ အားတက်ပါတယ် သမ္မတကြီးအနေနဲ့ တကယ်ဘဲ ဒီနိုင်ငံကို တိုးတက်မှုလိုချင်တယ် ကျွန်မတစ်ဦးတင်ဘဲ ဒီလိုယုံကြည်ပါတယ်။

နောက်တဦးကတော့ ရန်ကုန်တိုင်းဂျာနယ်က ဒုတိယအယ်ဒီတာချုပ် ဒီမင်းက မေးပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းလို့ သိလိုက်ရပါတယ်။ မေးခွန်း အသေးစိတ်တော့ မှတ်နေရင်းနဲ့ပဲ

မေ့သွားခဲ့ပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲတရားဝင်မှု မ၀င်မှုဆိုတာ ဒါကတော့ ဘယ်သူမှ မေးခွန်းထုတ်စရာမရှိပါဘူး ဒီလွှတ်တော်ထဲက ဥက္ကဌတစ်ယောက်ကနေပြီးတော့ ဒီလို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ နိုင်ခဲ့တာကို အသိအမှတ်ပြုပါတယ်ဆိုတာ ဒါဟာတော့ ကောင်းတဲ့လက္ခဏာလို့ အန်တီမြင်ပါတယ်။နိုင်ငံရေး လုပ်တဲ့နေရာမှာ အားလုံးပါဝင်မှုကိုဦးတည်ပြီးတော့ ပြောတဲ့စကားဘဲလို့ ကျွန်မဒီလိုဘဲ သုံးသပ်ပါတယ် ။သမိုင်းမှာ ၀င်လာတယ်ဘဲရှိတယ် ထားခဲ့တယ်ဆိုတာ မရှိပါဘူး ၁၉၉၀ခုနှစ် ရလဒ်ဟာ သမိုင်းဝင်ရလဒ် ဖြစ်ပါတယ် ။

နောက်တဦးကတော့ ဒေါ်အေးအေးဝင်းက မေးလိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။

မေး။ ။အမခုဏကပြောသွားတဲ့အထဲမှာ ဒီမိုကရေစီလမ်းပွင့်ပြီလို့ အများကလက်ခံတဲ့ အခြေအနေမရသေးဘူးဆိုတော့ အဲ့အခြေအနေရအောင် ဘာလိုနေသေးပါသေးလဲ နောက်

ဖြေ။ ။ ပြည်သူတွေဟာ တကယ်ဘဲသူတို့ရဲ့ ဘ၀တွေ ဒီမိုကရေစီ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်လာလို့ရှိရင် လမ်းပွင့်လာပြီလို့ ဆိုရမှာပေါ့ ပိုပြီးတိတိကျကျ ပြောရရင်တော့ ကျွန်မရဲ့အမြင်မှာတော့ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုတာ ပြည်သူတွေက ယုံကြည်လာလို့ရှိရင် ဒီမိုကရေစီလမ်းကြီးဟာ ကောင်းကောင်းပွင့်သွားပြီလို့ ကျွန်မပြောနိုင်မှာဖြစ်ပါတယ်။

မေး။ ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ရော အမအမြင်ပြောပြပေးပါ။

ဖြေ။ ။ကျွန်မတို့က တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းဖို့ဆိုရင် တန်းတူညီတူရေးဆိုတာ ရှိရမယ် အပြန်အလှန် ယုံကြည်ခြင်း အပြန်အလှန်လေးစားခြင်းဆိုတာ ရှိရမယ် ဒါပေမဲ့ နေ့ချင်းညချင်းဖြစ်နိုင်မယ့် ကိစ္စတွေ မဟုတ်ပါဘူး ကျွန်မတို့ဒီတိုင်းရင်းသားတွေ အားလုံးသည် တိုင်းရင်းသားတွေဆိုရင် ကျွန်မ ဗမာတွေကို ထည့်ထည့်ပြောပါတယ် ကျွန်မတိုင်းရင်းသားတွေ ကြားမှာ ငြိမ်းချမ်းမှုဆိုတာ အားလုံး ဗမာတွေကလည်း တခြားတိုင်းရင်းသားတွေနဲ့ အတူတူဘဲ အားလုံးဟာ အေးအေးချမ်းချမ်းနေဖို့ဆိုရင် အင်မတန်မှကြိုးစားပြီး လုပ်ရမယ့်ကိစ္စပါ လွယ်လွယ်နဲ့တော့ ဖြစ်မှာမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုရင် သမိုင်းအစဉ်အလာကြောင့် တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တဲ့စိတ် တစ်ယောက်နဲ့တစ်ယောက် သံသယနဲ့မြင်တဲ့အလေ့အထတွေ ရှိတဲ့စိတ် ဒါတွေပပျောက်ဖို့ဆိုတာ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူအရ ပြောရမယ်ဆိုရင် ပထမဆုံးစပြီး ပြောရမှာတော့ တွေ့ဆုံဆွေးနွေးရေးပါ။ အမြင်ချင်းဖလှယ်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အရေးအကြီးဆုံးဘဲဖြစ်ပါတယ် အဲ့တော့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် တွေ့နေလို့လဲမဖြစ်ဘူး အပစ်အခတ်ရပ်ဆဲရမှာပေါ့။

ကျမ လက်ထောင်လိုက်တဲ့အတွက် မိုက်ခရိုဖုန်းကျမနားကို ရောက်လာပြီး မေးခွင့်ရလိုက်ပါတယ်။

ကျမမေးခဲ့တာ မေးခွန်း ၂ ခုပါ။ ပထမမေးခွန်းကတော့ တိုင်းရင်းသားအရေးကိစ္စဖြစ်ပြီး၊ ဒုတိယမေးခွန်းကတော့ UN အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်လာမှုအပေါ်မှာ ဘယ်လိုမြင်ပါသလဲဆိုတဲ့ အန်တီ့ရဲ့ အမြင်ကို မေးပါတယ်။

မေး။ ။အန်တီလွတ်လာပြီးတဲ့နောက်ပိုင်း ၁ နှစ်အတွင်းမှာ နိုင်ငံရေးပိုင်းမှာ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တွေကို မြင်ရပါတယ်။ တိုင်းရင်းသားတွေအရေးမှာတော့ တိုးတက်မှုမရှိသလောက်ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါဘာကြောင့်လို့ အန်တီသုံးသပ်မိပါသလဲရှင့်။

ဖြေ။ ။အင်မတန်မှ နှစ်ပေါင်းများစွာရှိခဲ့တဲ့ သံသယတေ တစ်ဦးပေါ်တစ်ဦး သံသယရှိခဲ့တာတွေ နောက်ပြီးတော့လည်း တိုင်းရင်းသားတွေအပေါ်မှာ ခိုင်မြဲအောင်လို့ တိုင်းရင်းသားတွေ ခိုင်မြဲစေမဲ့ဖြစ်ရပ်တွေ အများကြီးရှိပါတယ် ကျွန်မတို့တွေက အဖြစ်ကိုအဖြစ်အတိုင်းရင်ဆိုင်ရမယ် အခြေအနေတစ်ခုကို ပြုပြင်ဖို့ဆိုတာဟာ ဘာဖြစ်လို့ ဒီအခြေအနေဖြစ်လာရတာလဲ ဘာပြသာနာတွေရှိခဲ့တာလဲ ဒါကိုကျွန်မတို့ကနေပြီးတော့ ရဲရဲရင်ဆိုင်ပြီးတော့ ပညာဥာဏ်နဲ့ မေတ္တာစေတနာနဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။

မေး။ `။ ၁ နှစ်အတွင်းမှာ UN အဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံရေးအတွက် ပါဝင်လာမှုအပေါ်မှာ အန်တီ့အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။ အန်တီရဲ့ သဘောထားအမြင်ကို သိပါရစေ။

(ဆက်လျက် ဖော်ပြပေးပါမည်)

မေသင်္ကြန်ဟိန်၊ ၀င့်သင်ဇာကျော်(မြစ်မခ)

မူရင်း။ ။ မြစ်မခ

0 ယောက် အကြံပြုထားပါသည်:

Post a Comment