Friday, October 21, 2011

ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ


ကဒါဖီ အဖမ်းခံခဲ့ရသည့် လိုဏ်ခေါင်းနေရာ (ဓာတ်ပုံ - Reuters

ပြည်သူလူထုကို မတရားဖိနှိပ် အုပ်ချုပ်ခဲ့ကြသော အာဏာရှင်များ၏ နောက်ဆုံးအချိန် ဘ၀ခရီးလမ်းသည် ဇာတ်သိမ်း မကောင်းတတ်ကြောင်း ကဒါဖီသေဆုံးမှုနှင့်ပတ်သက်၍ သတင်းဆရာကြီး ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။

“အာဏာရှင်တွေဟာ ကဒါဖီလို၊ ဆက်ဒမ်ဟူစိန်လိုမျိုး အသေဆိုးနဲ့သေရင်သေ၊ မဟုတ်ရင်လည်း နိုင်ငံရေးမှာ အညတရ ဘ၀ နဲ့ လူမသိ၊ သူမသိ ဘ၀နဲ့ နိဂုံးချုပ်ရပါတယ်၊ သမိုင်းရဲ့ဒဏ်ခတ်တာခံရတယ်၊ ခေါင်းမာတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း လိုမျိုးပေါ့”ဟု ၎င်းက ဆိုသည်။

လစ်ဗျားနိုင်ငံအား နှစ်ပေါင်း ၄၂ နှစ်နီးပါး အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီသည် မနေ့က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လစ်ဗျားပြည်သူလူထုအပေါ် အာဏာရှင်အဖြစ် အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ ဇာတိဖြစ်သော ဆာ့တ် မြို့၌ လက်ရှိ အာဏာရ ကြားဖြတ်အစိုးရ စစ်တပ်၏ တပ်ဖွဲ့ဝင်များက အရှင်ဖမ်းမိခဲ့ပြီးမှ အသေ သတ်ပစ်ခဲ့ဟန် ရှိသည်။

လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရ သစ်က ကဒါဖီ သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အပြင် လစ်ဗျားပြည်သူ ထောင်ပေါင်းများစွာကလည်း အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။

ဗိုလ်မှူးကြီး ကဒါဖီသည် ၎င်း၏ အသက် ၂၇ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံအား အာဏာသိမ်းပိုက်၍ အုပ်ချုပ် ခဲ့ပြီး ယခု အသက် ၆၉ နှစ်အရွယ်တွင် ဘ၀နိဂုံး ချုပ်သွားခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုတို့နှင့်ဆက်ဆံရေး အဆင်မပြေခဲ့သည့်အပြင် နိုင်ငံ တကာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ခြင်း၊ နောက်ကွယ်မှ ထောက်ပံ့ပေးခြင်းများ လုပ်ခဲ့ကြောင်း သတင်းများထွက်ခဲ့သည်။

အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ကျခဲ့ပြီးနောက် ဗိုလ်မှူးကြီး ကဒါဖီသည် သဘောထားပြောင်းလဲလာဟန်ပြသခဲ့ပြီး ၂၀၀၃ ခုနှစ် ၀န်းကျင်က စ၍ အမေရိကန်အစိုးရ၊ အနောက် အုပ်စုများနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ခဲ့ကာ နိုင်ငံတကာ မီဒီယာများနှင့်ထိတွေ့မှု များလာခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ တူနီးရှားနိုင်ငံက စတင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအတွင်း အာဏာရှင် ဆန့်ကျင် ရေး လူထုအုံကြွမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံကို နှစ်ပေါင်း ၃၀ ၀န်းကျင် အုပ်ချုပ်လာခဲ့သူ အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် နုတ်ထွက်ပေးခဲ့ရသည်။

လစ်ဗျား ပြည်သူလူထုကလည်း အာဏာရှင် ကဒါဖီအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြရာ ပြည်သူများအား စစ်တပ်ဖြင့် နှိမ်နင်းခဲ့ခြင်း၊ ၎င်းအား ဆန့်ကျင်သူများကို တအိမ်တက် တအိမ်ဆင်း ချေမှုန်းပစ်မည်ဟု ကြိမ်းဝါးခြင်းများကို ကဒါဖီက ပြုလုပ် ခဲ့သည်။

လူထုအုံကြွမှုကြောင့် ပြည်သူများ သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်၊ အစိုးရ အဖွဲ့တို့အကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်ကာ ၀န်ကြီး တချို့နှင့်သံတမန် တချို့နုတ်ထွက်ခဲ့ကြသည်။ ကဒါဖီ ၏ ဇနီး၊ သမီး၊ သားနှင့် မိသားစုဝင်များကမူ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လွတ်မြောက်ခဲ့ကြသည်။

အာဏာရှင် ကဒါဖီ သေဆုံးမှုနှင့်ပတ်သက်၍ ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာနှင့်သတင်းစာ ဆရာ မောင်ဝံသ က“ပြည်သူက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ အာဏာသိမ်းပြီးတက်လာတယ်၊ ပြည်သူတွေကို ညှဉ်းပန်း နှိပ်စက်ခဲ့ တယ်၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ အာဏာရှင်တိုင်းဟာ ဇာတ်သိမ်း မကောင်းခဲ့ကြပါဘူး”ဟု ဧရာဝတီ ကိုပြောသည်။

ဖေဖော်ဝါရီလမှစတင်ကာ လစ်ဗျားနိုင်ငံတ၀န်း ဆူပူအုံကြွမှုများဖြစ်ပေါ်ပြီးနောက် အစိုးရတပ်နှင့် သူပုန်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အမေရိကန်စစ်တပ်နှင့် နေတိုးတပ်ဖွဲ့တို့ကလည်း သူပုန်တပ်များဘက်မှ ပါဝင်တိုက်ခိုက်ပေးခဲ့ကြ သည်။ အောက်တိုဘာလ၂၀ ရက်နေ့တွင် ဗိုလ်မှူးကြီး ကဒါဖီနှင့်အတူ သားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကဒါဖီသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းကြောင်းများရေးသားနေသော သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက“အာဏာရှင် တဦးကျဆုံးပြီဆိုရင် အာဏာရှင် စနစ်တွေဟာလည်းပဲ ကျဆုံးတော့မယ်လို့ ကျနော်တို့ စိတ်တွေ ခိုင်မြဲလာတယ်”ဟု ဧရာ

ဝတီ ကို ပြောသည်။

အာဏာရှင် တရုတ်နိုင်ငံအား ကြည့်၍လည်း အာဏာရှင်စနစ် ခိုင်မြဲမည်ဟု ပြော၍ မရနိုင်သကဲ့သို့ တခြားနိုင်ငံ တခုတွင် အာဏာရှင်တော်လှန်ရေး ပေါ်ပေါက်လာတိုင်း မိမိတို့နိုင်ငံက တော်လှန်ရန် သင့်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး နှင့်ပတ်သက်၍ ပြောဆိုရန် စောသေးကြောင်း ဦးသန့်မြင့်ဦး က ဆိုသည်။

ဦးနေ၀င်းကဲ့သို့ အာဏာရှင်ဟု သတ်မှတ်ခြင်းခံထားရသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည်လည်း မည်ကဲ့သို့

ဘ၀နိဂုံး ချုပ်ရမည် ဆိုသည်ကို မသိသေးကြောင်း၊ ၎င်း၏ အနာဂတ် စိတ်ချရရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခြင်း၊ အစိုးရသစ်ဖွဲ့ပေး၍ အာဏာလွှဲပေးခြင်းတို့ လုပ်ဆောင်ခဲ့သည့်တိုင် သမိုင်း၏ ဒဏ်ခတ်မှု ခံရမည်ဖြစ်ကြောင်း ၎င်း၏ ဘ၀နိဂုံး ကို ပြောမရသေးကြောင်း ဦးဝင်းတင် က ပြောဆိုသည်။

“ဦးသန်းရွှေက သူ့ဘ၀နိဂုံးကောင်းဖို့အတွက် ဘာတွေပဲ လုပ်လုပ်ပေါ့၊ သမိုင်းကြွေးက ခေါင်းပေါ်မှာ ဓားဝဲနေသလိုပဲရှိနေ ပါတယ်၊ ဒါကို ရှောင်ပြေးလို့ လွတ်မလား၊ မလွတ်ဘူးလား ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးပါဘူး”ဟု ဦးဝင်းတင် က ဆို သည်။

ကမ္ဘာ့နိုင်ငံများ၌ ၁၉၅၀ ၀န်းကျင်မှ စ၍ စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး အာဏာရှင် အများအပြား ပေါ်ပေါက်လာခဲ့ကာ ယခုတဖန် အာဏာရှင်များ၏ ဘ၀နိဂုံး ချုပ်ငြိမ်းမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။

ပြည်သူလူထုအပေါ် အာဏာရှင် ဆန်စွာ အုပ်ချုပ်ခဲ့ကြသော အီတလီမှ အာဏာရှင် မူဆိုလီနီ၊ ဂျာမနီမှ ဟစ်တလာ၊ ဖိလစ်ပိုင် မှ ဖာဒီနန် မားကို့စ်၊ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များသည် ဇာတ်သိမ်းမကောင်းစွာဖြင့် ဘ၀နိဂုံး ချုပ်ခဲ့ကြ ရ သည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး မြန်မာပြည်သူလူထုကို တပါတီ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေ၀င်းသည်လည်း ဘ၀ဇာတ်သိမ်း မကောင်းခဲ့ပေ။

ဗိုလ်မှူးကြီး ကဒါဖီ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းစွာဖြင့် သေဆုံးရခြင်းသည် နိုင်ငံရေး သမိုင်းဇာတ်ခုံပေါ်မှ ကြည့်ရှုမည် ဆိုပါက သင်ခန်းစာ ယူစရာ၊ သံဝေဂရစရာ ကောင်းသော ဖြစ်ရပ်တခုဟု ရန်ကုန်မီဒီယာ ဂရု(ပ်)၏ အမှုဆောင် အရာရှိချုပ် ကိုကို ( စက်မှုတက္ကသိုလ်) က ပြောသည်။

“မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်မယ်၊ ပြည်သူတွေကို ပျော်ရွင်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေ ရဲ့ချစ်ခင်လေးစားမှု၊ မြတ်နိုးမှု ခံရမှာပဲ၊ မင်းကျင့်တရားနဲ့ မညီဘူး ဆိုရင်တော့ နိဂုံးမကောင်းတာတွေကတော့ သံဝေဂရစရာ၊ သင်ခန်းစာ ယူစရာတခုပေါ့”ဟု ၎င်း က ဆိုသည်။

အာဏာရှင် များ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းမှုကိစ္စနှင့်ပတ်၍ နိုင်ငံတကာ မီဒီယာများက အကျယ်တ၀င့်ရေးသားဖော်ပြ ကြသော်လည်း မြန်မာအစိုးရ သင်းစာများက ရေးသားခြင်းမရှိပေ။ ပြည်တွင်းဂျာနယ်များ၌ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များနှင့်ပတ်သက်၍ အတိုင်းအတာတခုအထိ ဝေဖန်ရေးသားခွင့်ရခဲ့ပြီး ကဒါဖီနှင့်ပတ်သက်၍ ရေးသားမှုမရှိကြသေး ကြောင်း သိရသည်။

ဆရာမောင်ဝံသက“အသက် ၈၀ ကျော်ရှိတဲ့ အာဏာရှင်မူဘာရက်ဟာ ၀က်ခြံလိုလှောင်အိမ်ထဲက ကျန်းမာရေးမကောင်းတဲ့ကြား က တရားခံအဖြစ်နဲ့ ရုံးတင်စစ်ဆေးတာ ခံရတယ်၊ အာဏာ မစွန့်ရခင် အချိန်ထိ သူ့ဘ၀မှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ် ဆို တာ မျှော်လင့်ထားခဲ့ပုံ မရဘူး ဆိုတာတွေ ရေးခဲ့ကြတာရှိတယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “ဦးနေ၀င်းနဲ့ ပတ်သက်ပြီးတော့ မရေးဖူးသေးပါဘူး၊ မီဒီယာတွေက လွတ်လပ်စွာ ရေးခွင့်ရမယ် ဆိုရင်တော့ ဦးနေ၀င်း အကြောင်း ရေးမယ့်လူတွေ အများကြီး ရှိမှာပါ”ဟုလည်း ပြောသည်။

by ဗမာ့သွေး face book စာမျက်နာမှ ဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment