Sunday, October 16, 2011

*** မနက်ဖန်မှာ ***

နိုင်ငံရေးဆက်လုပ်မယ်....ဆိုတဲ့

မယိုင်မလဲ ခိုင်မြဲတဲ့စိတ်

သူတို့ဆီမှာရှိတယ်...ဆိုတာ

မီဒီယာတွေနဲ့ အမေးအဖြေမှာ

သူတို့ရဲ့အသံ သူတို့ရဲ့အားမာန်တွေက

ဖော်ကြူးလို့နေပြီပေါ့။

အနှစ် ၆၅ လည်း ငါတို့မကြောက်

အနှစ် တစ်ရာလည်း ငါတို့မူ

ငါတို့ရဲ့လက်တွေ ခိုင်ခိုင်ဆက်ထားရင်

လာမယ့်ဘေး ပြေးတွေ့

ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်လိုက်ပါ။

ငါတို့ဟာ ငါတို့ရဲ့

ရဲရင့်ခြင်း စွမ်းပကားတွေနဲ့

ဘယ်တော့မှ အရှုံးမပေးဘူး၊

ငုတ်မိသဲကိုင် တက်နိုင်ဖျားရောက်

ယုံကြည်ရာခရီး မရောက်မချင်း

ငါတို့ရဲ့မာန် သေခါတောင်မလျှော့ဘူး....ဟေ့။

အဲဒါ- ယုံ

ငါတို့ဟာ အမှန်တရားအတွက် ရပ်တည်နေမယ်

ငါတို့ဟာ ယုံကြည်ရာအတွက် စတေးခံမယ်

ငါတို့ဟာ ငါတို့လူမျိုးအတွက် ပေးဆပ်နေမယ်

ငါတို့ဟာ တိုင်းပြည်အတွက် အသက်ပေးမယ်

ငါတို့ဟာ စွှတ်လွှတ်ခြင်းတွေ ရင်ဝယ်ပိုက်ပြီး

အနာဂတ်ရဲ့ နေ့သစ်တွေကို ထုဆစ်နေမယ်။

မနက်ဖန်မှာ

ငါတို့အသက်တွေ ရှင်သန်နေရဦးမယ်

မနက်ဖန်မှာ

မလွတ်မြောက်သေးတဲ့ ရဲဘော်တွေအတွက်

ငါတို့ အလုပ်တွေ လုပ်ကြရဦးမယ်၊

မနက်ဖန်မှာ....

ဒုက္ခတောထဲက ပြည်သူတွေကို ကယ်တင်ရဦးမယ်၊

မနက်ဖန်မှာ....

လမ်းလွှဲလိုက်နေသူတွေကို

လမ်းမှန်ရောက်အောင် တွန်းပို့ရဦးမယ်၊

မနက်ဖန်မှာ....

ဧရာဝတီအငိုတိတ်အောင် သီချင်းတွေဆိုပြရဦးမယ်၊

မနက်ဖန်မှာ....

ပြည်တွင်းစစ်မီးတွေ

မတောက်လောင်အောင် ငြိမ်းသတ်ရဦးမယ်၊

မနက်ဖန်မှာ

ဒါတို့ပြည် ဒါတို့မြေ

ကမ္ဘာမကြေသီချင်းတွေ ဆိုပြီး

တရုတ်နဂါးရန်ကို ကာကွယ်ရမယ်၊

မနက်ဖန်မှာ....

အမျိုးသားရေးစိတ်ဓါတ်တွေ ထက်မြက်ရှင်သန်လာအောင်

ငါတို့အားလုံး သွေးစည်းရမယ်၊

မနက်ဖန်မှာ....

ဒို့အရေးတွေ မဟစ်ကြွေးတတ်သေးတဲ့

တို့ပြည်သူတွေကို လူ့အခွင့်အရေးတွေသိရှိအောင်

လက်တွေ့သင်တန်းတွေ ပို့ချပေးရဦးမယ်၊

မနက်ဖန်မှာ....

ဒီမိုကရေစီလမ်းကြောင်းအမှန် ရောက်ရှိဖို့အတွက်

ငါတို့ရဲ့ စွမ်းပကားတွေနဲ့ တည့်မတ်ပေးရမယ်၊

မနက်ဖန်မှာ....

အကျင့်ပျက်ခြစားမှုတွေကို

ငါတို့ရဲ့စွမ်းအားနဲ့ တိုက်ဖျက်ပစ်ရမယ်၊

မနက်ဖန်မှာ....

ပျက်ဆီးနေတဲ့ကိုယ်ကျင့်တရားတွေ

သူသူ- ငါငါ ပြုပြင်ရမယ်၊

မနက်ဖန်မှာ....

အမျိုးသားပြန်လည်သင့်မြတ်ရေးကို

ကြည်ကြည်ဖြူဖြူ

ငါတို့အားလုံး တည်ဆောက်နိုင်ရမယ်၊

မနက်ဖန်မှာ....

ကျစ်လစ်ခိုင်မာတဲ့ အမျိုးသာသွေးစည်းညီညွှတ်ရေးကို

အမျိုးသာရေးစိတ်ဓါတ်နဲ့ ပြန်လည်တည်ဆောက်နိုင်ရမယ်၊

မနက်ဖန်မှာ....

အေးအတူပူအမျှ အတူတကွ

တို့တိုင်းရင်းတွေ နေထိုင်ကြမယ့်

ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်ရမယ်၊

မနက်ဖန်မှာ....

ဒီမိုကရေစီအရေးကိုဗန်းပြ ဟန်ကြနေသူတွေကို

ခေါင်းမဖော်နိုင်အောင်

နိုင်ငံရေးအသိုင်းဝိုင်းက ဖယ်ရှားပစ်ရမယ်၊

မနက်ဖန်မှာ....

လောကကြီးကို ဆန်းသစ်သွားအောင်

အမြင်သစ်နဲ့ ကြည့်တတ်ရမယ်၊

မနက်ဖန်များစွာမှာ မနက်ဖန်များစွာမှာ

သက်ခန္ဒာမကြွေသေးသ၍ မသေသေးသ၍

ငါတို့ဟာ ပေးဆပ်ရင်းနဲ့ ရှင်သန်နေမယ်။


နိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ပေးဆပ်နေကြသည့်

အကျဉ်းစံဘဝက မလွတ်မြောက်သေးသည့် ရဲရဲတောက်ရဲဘော်များနှင့်

အကျဉ်းစံဘဝက လွတ်မြောက်လာသူများအား ဤ- ကဗျာဖြင့် အလေး

နက်ထား၍ ဂုဏ်ပြုအပ်ပါသည်။

ရဲဘော်.....အောင်စိုး (ခ) ကိုဗလိုင်


by Ko Baloi face book မှကူးယူဖေါ်ပြပါသည်။
မလွတ်မြောက်သေးသော နိုင်ငံရေး အကျဉ်းသားများအား ဤ-ကဗျာဖြင့် ဂုဏ်ပြုရေးသားသော ကိုဗလိုင်းအား
အထူးကျေးဇူးတင်လျှက်ပါ။

0 ယောက် အကြံပြုထားပါသည်:

Post a Comment