Sunday, October 16, 2011

လွှတ်တော်တွင်မလိုအပ်သော အချိန်ဖြုန်းတီးမှုများက ပြည်သူ့ဘဏ္ဍာငွေကိုထိခိုက်နေသောကြောင့် ပြုပြင်ပေးစေလိုကြောင်း ပြည်သူအချို့ ပြောဆို

ကိုစိုး(မြစ်မခ)

ပြည်သူ့ဘဏ္ဍာငွေဖြင့် ကျင်းပရသော လွတ်တော်ဖြစ်သည့်အတွက် မလိုအပ်သောနိဒါန်းပျိုးခြင်း၊ အမေးနှင့်အဖြေများနေခြင်းများသည် ပြည်သူ့ဘဏ္ဍာငွေကို ထိခိုက်စေသောကြောင့် လွှတ်တော်တွင်းအချိန်ဖြုန်းတီးမှုများအား ပြုပြင်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူအချို့ ပြောဆိုလျက်ရှိသည်။

လွှတ်တော်တစ်ရက်ကျင်းပရန် သိန်းတစ်ရာ့ငါးဆယ်ဝန်းကျင် ကုန်ကျစရိတ်ရှိသည့်အတွက် ပြည်သူ့အရေးကိစ္စ များကို မဆွေးနွေးပဲ မလိုလားအပ်သည့် အချိန်ဖြုန်းတီးမျိုးကို ပြည်သူများမှ မလိုလားကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ပြည်သူအချို့ပြောသည်။

`လွှတ်တော်အတွင်းမှာ မလိုအပ်တဲ့ နိဒါန်းတွေနဲ့ စကားတွေချဲ့ပြောနေတာတွေမြင်နေရပါတယ်။ ကျနော်တို့က လွှတ်တော်တွင်းမှာ ပြည်သူတွေအတွက် တကယ်ကို လိုအပ်နေတာတွေကိုပဲ ထိထိရောက်ရောက်ပြောဆိုကြစေချင်တယ်၊ ခုထိ အဲလို ဖြစ်မလာသေးတော့ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေ အချိန်ဖြုန်းနေကြတာကို လျော့ပေးပါလို့ပဲ ပြည်သူတယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်`ဟု ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပါရမီအိမ်ရာမှ ပြည်သူတစ်ဦးက ပြောသည်။

လွှတ်တော်တစ်ရက်ကျင်းပရန် သိန်းတစ်ရာ့ငါးဆယ်ဝန်းကျင် ကုန်ကျစရိတ်ရှိသည့်အတွက် ပြည်သူ့အရေးကိစ္စ များကို မဆွေးနွေးပဲ မလိုလားအပ်သည့် ပေရှည်မှုမျိုးကို ပြည်သူများမှ မလိုလားကြောင်း ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“မင်္ဂလာပါခင်ဗျာ၊ ဧည့်သည်တော်များခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊အဲဒီလို မလိုတဲ့ အချည်းနိဒါန်းတွေရဲ့အချိန်ကို ပေါင်းလိုက်ရင်တစ်နာရီလောက်ထွက်လာမယ်။ ကိုယ်စားလှယ်တစ်ယောက် ဆိုရင် လှည့်ပတ်ဆုတောင်းနေတာ သုံးမိနစ်လောက်ကြာတာ ရှိတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဆိုရင် လွှတ်တေ်ဥက္ကဌက မတားရတာ မရှိသလောက်ပဲ။ ဒါပေမယ့် သူကတော့ ပုံစံမပြောင်းဘူး´´ဟု ဦးသိန်းညွှန့်က ပြောသည်။

လွှတ်တော်အတွင်း ကိုယ်စားလှယ်အချို့၏ မေးခွန်းများအား အကုန်ပြန်လည်ဖြေကြားမှုမရှိခြင်း၊ ဖြေကြားရာ၌ မေးခွန်းနှင့် အဖြေကိုက်ညီမှု မရှိခြင်းများလည်း ကျင်းပခဲ့သောလွှတ်တော်အစည်းအဝေးအတွင်း၌ ရှိနေကြောင်းကိုလည်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

“မေးခွန်းကျန်နေရင် မေးတဲ့ကိုယ်စားလှယ်က မေးခွန်းကျန်နေကြောင်း ထပ်မေးလို့ရတယ်။ မေခွန်းတခြား အဖြေတခြား ဖြစ်တာကလည်း ပြန်ဖြေတဲ့နေရာမှာ ဝန်ကြီးဌာနကရေးပေးလိုက်တဲ့အတိုင်း ပြန် ဖတ်ပြတာဆိုတော့ မေခွန်းနဲ့ကိုက်တာ မကိုက်တာ သူတို့မသိဘူး။ ရေးပေးလိုက်တာပဲ လာဖတ်ပြတာ အဲဒါကြောင့် တလွဲတွေဖြစ်နေတာ အချိန်ကုန်တာပေါ့´ ဟု အမျိုးလွတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က လွှတ်တော်အတွင်း လွဲချောမှုများအား ပြောသည်။

နောက်ပိုင်း ကျင်းပမည့်လွတ်တော်အစည်းအဝေးများတွင်အချိန်များလေလွင့်မှူမရှိရန်နှင့်မေးခွန်းနှင့် အဖြေ ကိုက်ညီမှူရှိစေရန် ကိုယ်စားလှယ်များမှ အလွတ်သဘောတင်ပြဆွေးနွေးမှူများရှိခဲ့ကြောင်းလည်း လွတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

“ကိုယ်ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်က ကိုယ့်ဆီက အခွန်ငွေတွေကိုအသုံးပြုပြီး အဓိပ္ပါယ်မရှိတာတွေ၊ အကျိုးမရှိတာတွေ ဆွေးနွေးနေတယ်ဆိုရင် နောက်ရွေးကောက်ပွဲတွေမှာ အဲဒီလိုမျိး လွတ်တော်ကိုယ်စားလှယ် တွေကို မဲမပေးဖို့ပဲရှိတယ်” ဟု တောင်ဥက္ကလာမှ မဲဆန္ဒရှင် မနန္ဒာလင်းကပြောသည်။

by Myit Makha Mediagroup

0 ယောက် အကြံပြုထားပါသည်:

Post a Comment