Sunday, September 25, 2011

နိုင်ငံရေးအကျဉ်းသားကိစ္စ အရေးတယူ စဉ်းစားနေကြောင်း အကြံပေးပုဂ္ဂိုလ် ပြော

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ယူဆပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်း က မိမိတို့နဲ့ တွေ့ဆုံတိုင်း ဒီကိစ္စကို အလေးထား ပြောဆို နေကြတဲ့အတွက် မိမိတို့ကလည်း အရေးတယူ စဉ်းစားနေပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။

အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ

အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် အခြေအနေ အရပ်ရပ်ကို ချင့်ချိန် လုပ်ကိုင်နေတယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

“အပြင်ဘက်ကနေပြီးတော့မှ တောင်းဆိုနေတဲ့အတိုင်း ဒီလူတွေကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရမယ် ဆိုတဲ့ကိစ္စမှာတာ့ ကျနော်ထင်တယ်၊ နိုင်ငံတော်အစိုးရ အနေနဲ့လည်း အများကြီး စဉ်းစားစရာတော့ အခြေအနေတွေ ရှိပါလိမ့်မယ်။ အပြောင်းအလဲလေး ကာလလေးထဲမှာ ဘာလိုအပ်သလဲဆိုတော့ ကျနော်တို့က တိုးတက်မှုလည်း လိုအပ်တယ်၊ တည်ငြိမ်မှုလည်း လိုအပ်တယ်၊ တိုးတက်မှု တည်ငြိမ်မှုအတွက်ကို အကုန်လုံးကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဖို့ ဆိုလို့ရှိရင်လည်း မဖြစ်နိုင်ဘူး၊ လွတ်လပ်မှု ဆိုတာလည်း လိုအပ်တယ်။ ဆိုတော့ အဲဒီ ၃ ခုကို ကျနော်တို့က မျှမျှတတ ချိန်ညှိပြီးတော့မှ သွားရတာပေါ့နော်။ သွားရတဲ့အခါကျတော့ တဘက်မှာလည်းပဲ ဒီတည်ငြိမ်မှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့၊ တဘက်မှာလည်းပဲ တိုးတက်မှုရအောင်၊ တဘက်ကလည်း လူတွေ ကျေနပ်အောင်၊ လွတ်လပ်မှုကိုလည်း ပေးနိုင်ဖို့အတွက်ကို အားလုံးကို သူတို့ ချိန်ဆနေရတယ်လို့ ကျနော် ထင်ပါတယ်”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ပြောဆိုတဲ့ အရေအတွက်နဲ့ အစိုးရက ပြုစုထားတဲ့ အရေအတွက် ကွာခြားမှု ရှိနေတယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ပြောနိုင်တဲ့အချက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စာရင်းကတော့ ၂ ထောင်ကျော် ပေါ့နော်၊ ၂ ထောင်ကျော် ဆိုတာလည်းပဲ ထိုင်းနယ်စပ်ရဲ့ ဟိုဘက်မှာ ရှိနေတဲ့ အေအေပီပီ အဖွဲ့တို့ဘာတို့က ပြုစုထားတဲ့ သတင်းပေါ့။ ဘယ်လောက်ကြီးတိကျတယ် ဘယ်လောက် မတိကျဘူးဆိုတာ ကျနော်တို့လည်း သိပ်တော့ မသိဘူး။ သို့သော် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ ဒီ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဘာတို့က ပြန်စိစစ်တော့ သူတို့ပြောတဲ့ စာရင်းလောက်တော့ မရှိတော့ဘူး။ တချို့အတိုင်းအတာရှိတယ်ပေါ့နော် ကျနော် သိပ်ပြီးတော့ အရေအတွက်တော့ မသိဘူး။ သို့သော် အဲဒီအထဲမှာတောင်မှပဲ တချို့သောပုဂ္ဂိုလ်များသည် Serious Crime ပေါ့၊ အဲဒီမှာဆိုလို့ရှိရင် အကြမ်းဖက်တဲ့ ဗုံးဖောက်ခွဲမှုတွေ၊ နောက် မူးယစ်ဆေးဝါးမှုတွေ၊ လူသတ်မှုတွေ စတဲ့ အမှုကြီးတွေနဲ့ ဆက်စပ်နေတဲ့ လူတွေထဲ ဒီစာရင်းထဲမှာ ရာနဲ့ချီပြီးတော့မှာ ပါနေတယ်လို့ ပြောပါတယ်။”

အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က နယူးယောက်မြို့ကို ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချဲလ် အပါအဝင် အမေရိကန် အစိုးရပိုင်းက အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ဆုံကာ မနေ့က ညနေပိုင်းမှာ အမေရိကန် ပြည်ထောင်စုကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment