Friday, August 5, 2011

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး - အပိုင်း (၄)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ် စစ်ဆင်ရေး နည်းဗျူဟာထဲတွင် နစ်မြောနေအောင် ရိုက်သွင်းထားရာ တပ်မတော်သားများ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမြင်မကြည်လင်မှု၊ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက်နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထား ခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ပြီး ကဏ္ဍတစ်ရပ်အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာစီစစ် တည်းဖြတ် ပိတ်ဆို့ထားမှုကြောင့် ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို တပ်မတော်သားများ ဖတ်ရှုသိမြင်ပြီးဆိုပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုနှင့် လက်တွဲဖို့ တိုက်တွန်း လိုက်ရပါတယ်။


စစ်အာဏာရှင်တွေဟာ တပ်မတော်သားတွေအား ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်းပြီး အထင်အမြင်လွှဲမှားအောင် ပိုမိုပြီး ပြင်းပြင်ထန်ထန် ပုဂ္ဂိုလ်ရေးပါမကျန် မှိုင်းတိုက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ လူထုအုံကြွမှု အရေးအခင်းအပေါ် ချော်လဲရောထိုင် အမှတ်ယူသူ ဖြစ်ကြောင်း၊ တပ်မတော်ဘယ်လောက်ဘဲ ကောင်းအောင်လုပ်လုပ် အဆိုးမြင် ၀ါဒနှင့် သိမ်းကျုံး မြင်တတ်သူဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုနဲ့ တိုင်းပြည်နစ်နာအောင် ပြုလုပ်သူဖြစ်ကြောင်း၊ သူမရဲ့ နောက်ကွယ်တွင် အမေရိကန်ကဲ့သို့ အနောက်နိုင်ငံများက ကြိုးကိုင်ထားသူဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ခေါ်ရင်တောင်မှ အောင်ဆန်းစကားလုံးကို ဖြုတ်ကာ ဒေါ်စုကြည်လို့ ခေါ်ခိုင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အဖွဲ့ဝင်များ သွေးလှူဖို့ စစ်ဆေးရုံကို လာရောက်ရင် လက်မခံဖို့လိုကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ကျင့်သုံးသူဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသား ယူထားသူဖြစ်လို့ မည်သည့်နိုင်ငံမဆို ဥပဒေ ပြဌာန်းချက်အရ နိုင်ငံခေါင်းဆောင် ဖြစ်ထိုက်သူ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခဲ့စဉ်က သူမအတွက် သံရုံးမှ ပေးပို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ပစ္စည်းများနှင့် အတွင်းရေးများကို ဖောက်သည်ချခဲ့ကြောင်း၊ သူမခေါင်းဆောင်ဖြစ်လာပါက တပ်မတော်ဟာ ကောင်းစားမှာ မဟုတ်ဘဲ အနှိမ်ခံဘ၀နှင့် ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်ကြောင်း သွေးထိုး လှုံ့ဆော်ထားပါတယ်။ အမှန်တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်သားတွေကို ပြည်သူလူထုနှင့် နီးစပ်စေချင်ပြီး ပြည်သူလူထုနှင့် လက်တွဲရန် တိုက်တွန်းထားကြောင်း၊ တပ်မတော်အပေါ် သူမက သံယောဇဉ်ရှိကြောင်း၊ သူမရဲ့ဖခင် ထူထောင်ခဲ့တဲ့ တပ်မတော်မို့ အမှန်တကယ် စေတနာရှိကြောင်း၊ ဂုဏ်သိက္ခာမြှင့်ပြီး တပ်မတော်ကောင်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူမရဲ့မိန့်ခွန်းများက သက်သေထူပါတယ်။

“အခုဆိုရင် ဖြစ်နေတာက ပြည်သူလူထု ဆန္ဒကိုလည်း မလိုက်ဘူး။ ပြည်သူလူထုနဲ့ တပ်မတော်ကြားထဲမှာလဲ စိတ်ဝမ်းကွဲအောင် အမျိုးမျိုး လုပ်နေကြတယ်။ ဒီလို စိတ်ဝမ်းကွဲအောင် လုပ်နေတာဟာ ပြည်သူလူထုက လုပ်နေတာ မဟုတ်ဘူး။ ကျမတို့ နိုင်ငံရေးလုပ်နေတဲ့သူတွေကလဲ လုပ်နေတာ မဟုတ်ဘူး။ တပ်မတော်ကို ကိုယ်ကျိုးအတွက် သုံးနေတဲ့သူများက လုပ်နေတာ ဖြစ်တယ်။ ဒီလိုစနစ်မျိုးကို ကျမတို့အားလုံးက အတိုက်အခံ လုပ်ရမယ်။ တပ်မတော် ဆိုတာ ပြည်သူလူထုနဲ့ လက်တွဲပြီးလုပ်ဖို့ ကျမအဖေက တည်ထောင်ခဲ့တာ ဖြစ်တယ်။ ပြည်သူလူထုကို ကာကွယ်ဖို့၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်ဖို့ဆိုပြီး ဒီတပ်မတော်ကို တည်ထောင်ခဲ့တာ ဖြစ်တယ်။ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းဖို့ ဆိုပြီး ဖေဖေက ဖွဲ့ခဲ့တာ လုံးလုံးမဟုတ်ပါဘူး။ အဲ့ဒီတော့ တပ်မတော်နဲ့ ပြည်သူလူထု လက်တွဲချင် နေတာကို လက်မတွဲဖြစ်အောင် လုပ်တဲ့သူများမှာ အင်မတန် တာဝန်ရှိပါတယ်။…"


၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် မုဒုံမြို့နယ် ကမာကေးကျေးရွာ အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ် တင်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းမှ...

“အခု တပ်မတော်နဲ့ ပတ်သက်လို့လဲ ကျမ တခုပြောချင်ပါတယ်။ ကျမက အရင်တုန်းက တပ်မှူးဟောင်းကြီးတွေက အင်မတန် ကောင်းပါတယ် ဆိုတော့ အခု တပ်မတော်ကို စော်ကားနေတဲ့ သဘောထားနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ဒီတပ်မတော်ဟာ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်မို့လို့ ကျမက အင်မတန်မှ ကောင်းစားစေချင်တယ်။ ဒီတပ်မတော်ကို ဂုဏ်သိက္ခာနဲ့ ပြည့်စုံစေချင်တယ်။ ပြည်သူလူထုရဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ပြည်သူလူထုနဲ့ လက်တွဲပြီးတော့ တိုင်းပြည် အကျိုးဆောင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ အဲ့ဒီတော့ ကျမမှာ တပ်မတော်ဟာ တနေ့နေ့တော့ ဒီအတိုင်းဘဲ ဖြစ်ရမယ်ဆိုတဲ့ စိတ်ထားရှိပါတယ်။”


(ငပုတော ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ...)

“တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အစေခံဖြစ်ဖို့ဆိုတာ ဖေဖေ ပြောခဲ့ပါတယ်။ ပြည်သူလူထုဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်စေရဘူး။ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အစေခံ ဖြစ်ရမယ် ဆိုပြီးတော့ ဒီလိုရည်မှန်းချက်နဲ့ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နောက်တခါ ထပ်ပြီးတော့ တပ်မတော်က အာဏာသိမ်းတဲ့ အခါ ကျမ နည်းနည်းမှ မလိုလားခဲ့ပါဘူး။ ကျမ တပ်မတော်အပေါ်မှာ အင်မတန် သံယောဇဉ် ရှိပါတယ်။ အင်မတန် စေတနာ ရှိပါတယ်။ ကျမအဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ပါ။ ဒါကြောင့်မို့လို့ ဖေဖေတည်ထောင်ခဲ့တဲ့အတိုင်း ဖြစ်စေချင်တယ်။ ဖေဖေ့ရည်ရွယ်ချက်အတိုင်း ပြည်သူလူထုတို့ အားကိုးရာ၊ လဲလျှောင်းရာ၊ ကိုးကွယ်ရာ တပ်မတော်ကြီး ဖြစ်စေချင်တယ်။... တပ်မတော်တခုဟာ ဘယ်လောက်ဘဲ အင်အားကောင်းကောင်း၊ ပြည်သူလူထုရဲ့ ထောက်ခံမှု မရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တခု မဖြစ်နိုင်ဘူး။…”


(မော်လမြိုင်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ...)


“ကျမ တပ်မတော်အပေါ်မှာ စေတနာရှိတယ်ဆိုတာ ကျမ ရဲရဲဝံ့ဝံ့ကြီး ပြောဝံ့တယ်။ ကျမ မှန်မှန်ကန်ကန်နဲ့ တပ်မတော်အပေါ်မှာ မှန်ကန်တဲ့ စိတ်ထား ထားပြီး လုပ်သွားမယ် ဆိုတာ ရဲရဲဝံ့ဝံ့ကြီး ပြောနိုင်ပါတယ်။ ဒီ တပ်မတော်ကို ထူထောင်လာတုံးက ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့ကြီးဖြစ်အောင် ထူထောင်လာတာ။ ပြည်သူလူတုနဲ့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ရှိမယ့် အဖွဲ့အစည်းဖြစ်အောင် ထူထောင်လာတာ။ ဒီလိုအဖွဲ့အစည်းတခုဘဲ ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ဒီလို ကျမ မှန်ကန်တဲ့ စေတနာထားတာကြောင့်မို့လို့ ကျမတို့ အဖွဲ့ချုပ်ကသာ အစိုးရဖြစ်လို့ ရှိရင် တပ်မတော်ဟာ တနေ့ထက်တနေ့ ပိုပြီးတော့ ဂုဏ်သိက္ခာလည်း မြင့်တက်ရမယ်။ ပြည်သူလူထုနဲ့လဲ စည်းလုံးရမယ်။ တပ်မတော် ပြိုကွဲရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ကျမတော့ ယုံကြည်တယ်။…"


(ရန်ကုန်မြို့၌ ၁၉၈၉ ခုနှစ် ဇွန်လတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်စုပြောကြားခဲ့သော ရှင်းလင်းချက် များထဲမှ…)

အပိုင်း (၅) ကိုဆက်ရန်....

ဖိုးတရုတ်ကင်းမှ ကူးပြူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment