Friday, August 5, 2011

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး အပိုင်း (၃)


ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ် စစ်ဆင်ရေး နည်းဗျူဟာထဲတွင် နစ်မြောနေအောင် ရိုက်သွင်းထားရာ တပ်မတော်သားများ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမြင်မကြည်လင်မှု၊ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက်နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထား ခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ် သုံးသပ်ပြီး ကဏ္ဍတစ်ရပ် အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာစီစစ် တည်းဖြတ် ပိတ်ဆို့ထားမှုကြောင့် ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို တပ်မတော်သားများ ဖတ်ရှုသိမြင်ပြီးဆိုပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုနှင့် လက်တွဲဖို့ တိုက်တွန်း လိုက်ရပါတယ်။


စစ်အာဏာရှင်တွေအနေနဲ့ တပ်မတော်သားများအား ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်အောင် ပြုလုပ်ထားပြီး ပြည်သူလူထုအား နီးစပ်မှု မရှိစေရေးအတွက် စစ်တပ်အတွင်း ၀င်ပေါက် ထွက်ပေါက်များကို ပိတ်ဆို့ထားပါတယ်။ တပ်မတော်က ကယ်တင်ရှင် ကျေးဇူးရှင်ကြီးသဖွယ် အစည်းအဝေးပွဲများမှာ မှိုင်းသွင်းထားပြီး တိုင်းပြည်ချောက်ကမ်းပါးမှ လက်မတင်လေး ကယ်တင်လိုက်ရတဲ့ အနေအထားမျိုး သွတ်သွင်း ထားပါတယ်။ ဆည်မြောင်းတံတားများ ဖွင့်ပွဲတွေမှာ နိုင်ငံတော်ရဲ့ စေတနာ (သို့) တပ်မတော်ရဲ့ စေတနာဆိုပြီး ပြည်သူလူထုက တပ်မတော်ကို ကျေးဇူးတင် ပြောဆိုခိုင်းတဲ့ အစီအစဉ် ထည့်ခိုင်းထားပါတယ်။ မြို့တော်မြို့ကြီးများရှိ လမ်းတွေပြင် တဲ့အခါမှာ ကိုယ်ထူကိုယ်ထဆိုပြီး အစိုးရတပ်မတော်ကိုသာ အားမကိုးဘဲ ပြည်သူလူထုထံမှ အတင်းအဓမ္မ ငွေကြေး ကောက်ခံတာတွေလည်း ရှိခဲ့ပါတယ်။ တပ်မတော်သားများ ပြင်ပ ပြည်သူလူထုရဲ့ သမီးပျိုများကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက အရပ်ဘက် တရားရုံးတွင် တရားမ၀င်ကြောင်း တပ်ရဲ့ ထုံးစံအတိုင်း တပ်မတော်မှတ်တမ်းရုံးမှ Part – 2 အမိန့်နှင့် လက်ထပ်ခွင့်တင်မှသာ အကျုံးဝင်ကြောင်း သွေးခွဲထားပါတယ်။ တပ်မတော်သားများ တော်လှန်ရေးနေ့ စစ်ကြောင်းများ ချီတက်စဉ် ပြည်သူလူထုက ပန်းကုံးများစွပ်မည်ဆိုပါက ဗုံးပါမည်စိုးလို့ မိုင်းရှာကိရိယာများနှင့် စစ်ဆေးခဲ့ပါတယ်။ မင်္ဂလာဆောင်များတွင် လက်ဖွဲ့များ ပြည်သူလူထုက ပေးတဲ့အခါ ဗုံးပါမှာစိုးလို့ မိုင်းရှာကိရိယာနှင့် ထပ်မံစစ်ဆေးခဲ့ပါသေးတယ်။ တပ်မတော်သားများ မြို့ထဲ ပြည်သူလူထုအိမ်များသို့ သွားရောက်လည်ပတ်ပါက ခမောက်ရှိတဲ့အိမ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်ထားတဲ့အိမ်၊ ရှောင်ရှားဖို့ နှုတ်မိန့်ပေးခဲ့ပါတယ်။ ပြင်ပလည်ပတ်ခွင့် ပြုရင်တောင် ယူနီဖောင်းဖြင့် မ၀တ်ဘဲ အရပ်ဝတ်ဖြင့် ပုန်းလျှိုးကွယ်လျှိုး သွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ရှေ့တန်းနယ်မြေများတွင် ရွာလူကြီးများနှင့် ရွာသားများအား စာပေးပြီး ခေါ်ခိုင်းပါက စာထဲတွင် ကျည်ဆံထည့်ပြီး မလာမှာစိုးလို့ ခြိမ်းခြောက်ခဲ့ပါ သေးတယ်။ ပေါ်တာများ ဆွဲလျှင်လည်း ကျေးကျွန်များသဖွယ် ဆက်ဆံခိုင်းပါတယ်။ အရပ်သားများနှင့် မှုခင်းများ ဖြစ်ပွားလျှင် ရဲစခန်းကို လက်နက်အားကိုးဖြင့် ၀ိုင်းဝန်းတပ်ပြီး နယ်ဘက်တရားရုံး မတင်ရေးအတွက် ဖိအားပေးပါတယ်။ အမှန်တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ တပ်မတော်သားများအား ပြည်သူလူထုအပေါ် နွေးထွေးစွာဆက်ဆံဖို့ စစ်သားစရိုက်ကို ပြည်သူလူထုအား နားလည်အောင် ရှင်းပြပေးဖို့ တိုက်တွန်းခဲ့ကြောင်း အောက်ပါ မိန့်ခွန်းများက သက်သေထူပါတယ်။


နိုင်ငံသူ နိုင်ငံသားများနဲ့ ဆက်ဆံတဲ့အခါ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ၊ မှန်မှန်ကန်ကန် ဆက်ဆံပါ၊ ရဲဘော်တို့ကို သူတို့ အားကိုးလာချင်အောင် အလုပ်လုပ်ပါ၊ ငါတို့ တပ်ထဲမှာတော့ ငါတို့အချင်းချင်း ပြောနည်းဆိုနည်း၊ လုပ်နည်းကိုင်နည်း၊ အမူအရာတို့ဟာ စစ်စကားပြော၊ စစ်သံပေး၊ စစ်အမူအရာထား၊ စစ်မာန်သွင်းတဲ့ အလေ့အထ ရှိကြပေမဲ့ အပြင်ဘက်က လူတွေအဖို့မှာ ဒါမျိုးတွေဟာ အထူးအဆန်း ဖြစ်နေတယ်။ ဒါကြောင့် သူတို့နဲ့ကျရင် စစ်သား အနေမျိုး မဟုတ်ဘဲ ရိုးရိုး ဗမာတဦးအနေနဲ့ ဆက်ဆံကြရမယ်၊ အဲဒါကို သတိထားကြရမယ် လူတွေရဲ့ စိတ်ထဲမှာ ငါတို့ဟာ ဓားရှိလို့ လက်နက်ရှိလို့ မတရား လွှမ်းမိုးချုပ်ချယ်တယ်၊ အနိုင်ကျင့်တယ် ဆိုတဲ့ သဘောမျိုး မရောက်ပါစေနဲ့။ လူတွေရဲ့ စိတ်ထဲမှာ ဒီတပ်မှ ဒို့တပ်၊ ဒီလူတွေမှ ဒို့လူ၊ ဒို့အားကိုးရမယ် ဆိုတဲ့ သဘောမျိုး ရောက်ပါစေ။…"


(စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ်အောင်ဆန်း၏ မိန့်ခွန်းမှ…)

ငါတို့တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော် ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ရည်ရွယ်ရင်းမရှိသော တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင် အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ် ကွဲပြားခြားနားခြင်းမရှိ၊ အမြေဲဆက်စပ်နေ၍ ပြည်သူတို့နှင့် တသားတည်း ရှိသည်။ ပြည်သူ့တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး၊ ပြည်သူများ၏ ဓါးသွား ဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန်ဖြစ်သည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ အကျိုးကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ တပ်မတော်သားများ ဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်-

(၁) ပြည်သူပြည်သား အပေါင်းတို့အား အရာရှိ၊ အရာမဲ့၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရွေကြပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့် အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။

(၂) ကိုယ်နှင့်မဆိုင်တဲ့ အခြားသူ၏ အလုပ်ကို အနှောက်အယှက် မပြုပါနှင့်၊ သို့သော် ကိုယ့်ဝတ္တရား အချိန်တွင် မည်သူကိုမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားလမ်းကျပါစေ။

(၃) ဗမာမဟုတ်သော နိုင်ငံအတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ၊ ၎င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ကို မကဲ့ရဲ့ပါနှင့်၊ မပြောင်ပါနှင့်၊ မနှောက်ယှက်ပါနှင့်၊ ၎င်းတို့မခံချင်သည့် အပြောအဆို အသုံးအနှုန်းမျိုးကို ရှောင်ကျဉ်ပါ၊ ၎င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။

(က) အရက်မူး မရမ်းကားရ။
(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်းမပြုရ။
(ဂ) လုယက်မခိုးဝှက်ရ။

(၄) တည်းခိုသော အိမ်ယာများတွင် အခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ဘဲ သန့်သန့်ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသော အခါလည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်က အစားထိုးပေးခြင်း၊ လျော်ကြေး ပေးခြင်း ပြုရမည်။

(၅) တန်ရာတန်ဘိုး မပေးဘဲ မ၀ယ်ပါနှင့်။

(၆) ချေးငှါးထားသော အရာကို ဆက်ဆက် ပြန်ပေးပါရန် မမေ့ပါနှင့်။

(၇) အထက်အမိန့်မရဘဲ ပစ္စည်းအတင်း မသိမ်းပါနှင့်။ အထက်အမိန့်အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေး မပြုပါနှင့်၊ သူမခံနိုင်အောင် မလုပ်ပါနှင့်။

(၈) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သော ဘာသာရေးနှင့် ပတ်သက်၍၎င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့် အလုပ်ကို မလုပ်ပါနှင့်။
အောင်ဆန်း
စစ်ဝန်ကြီးနှင့် စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
ရန်ကုန်နေပြည်တော်

ဖိုးတရုတ်ကင်း မှကူးယူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment