Friday, August 5, 2011

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး - အပိုင်း (၅)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်နွယ်ပြီး မြန်မာ့တပ်မတော် အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း မှေးမှိန်အောင် စနစ်တကျ စီမံဆောင်ရွက် ညွှန်ကြားခဲ့ပုံ၊ တပ်မတော် အတွင်းတွင် အာဇာနည်နေ့၌ပင်လျှင် အခမ်းအနားများ မပြုလုပ်ခိုင်းပုံ၊ တပ်မတော် အတွင်း၌လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်၍သာ နာမည်ကြီးကြောင်း ၊ အနောက်နိုင်ငံသားနှင့် လက်ထပ်ထိမ်းမြားပြီး သား (၂) ဦးပင် ထွန်းကားနေပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံကို ချစ်သည် ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း၊ သူမရဲ့အမေ ဒေါ်ခင်ကြည် အိန္ဒိယတွင် သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့စဉ်က သူမအား တပ်မတော်အရာရှိတစ်ဦးနှင့် စေ့စပ်ပေးစေလိုကြောင်း ဦးနေ၀င်းကတစ်ဆင့် ဦးနုက ပြောဆိုခဲ့တာကို ဒေါ်ခင်ကြည်က ငြင်းပယ်ခဲ့တယ်လို့ ဆိုနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်မောင်ကို မထိန်းဘဲ ဦးကြည်မောင်ရဲ့ ဒုဗိုလ်မှူးကြီးအထက် မယူဘူး ဖယ်ရှားပစ်မယ်လို့ ကြိမ်းမောင်းသံကို စစ်အာဏာရှင်တွေက တပ်မတော်သားများ အထင်လွှဲအောင် ပုံကြီးချဲ့ပြီး ရိုက်သွင်းနေကြောင်း၊ သူမသည် အနောက်နိုင်ငံကြီးများရဲ့ အလိုအရ မြန်မာနိုင်ငံကို အရင်းရှင် ဒီမိုကရေစီပုံစံသို့ သွတ်သွင်းနေကြောင်း၊ တနည်းအားဖြင့် ခေတ်သစ် ကျွန်ပြုနေခြင်းသာ ဖြစ်ကြောင်း၊ ခေတ်သစ် နယ်ချဲ့ကိုလိုနီလို့ စတန့်ထွင် ခေါ်ဝေါ်ပြီး တပ်မတော်အတွင်း အဆင့်ဆင့်မှ ဆွေးနွေး ဟောပြောမှုများ ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့် ကျင့်သုံးခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ NLD ချေမှုန်းရေးအပြင် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးကို တပ်မတော်အတွင်း၌ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ပြီး အခေါ်အဝေါ်ကအစ မိုက်မိုက်ရိုင်းရိုင်း ခေါ်စေကာ လုပ်ကြံဇာတ်လမ်းမျိုးစုံ ဖန်တီး၍ တိုက်ရိုက် ပုဂ္ဂိုလ်ရေး ကိစ္စများကို တပ်မတော်တွင်းသို့ နည်းမျိုးစုံဖြင့် မဟုတ်မမှန် ၀ါဒဖြန့်ခဲ့ကြောင်း၊ နိုင်ငံတကာမှ ပေးသောဆုများနှင့် ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၄င်းငွေများကို ကိုယ်ကျိုးသုံးစွဲပြီး မြန်မာနိုင်ငံသား အကျိုးအတွက် ဘာမှလုပ်တာ မရှိကြောင်း၊ မြန်မာနိုင်ငံသားများ စားဝတ်နေရေး ကြပ်တည်းစေရန် အတွက် နိုင်ငံခြား ခရီးသွားများ မြန်မာနိုင်ငံသို့ မလာရန် နိုင်ငံတကာအား လှုံ့ဆော်ခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို တားဆီးခြင်းတို့ကို မြန်မာနိုင်ငံသားများ ဒုက္ခရောက်အောင် ဒေါ်အောင်ဆန်းစုကြည် မှ ဆောင်ရွက်နေကြောင်းဖြင့် စတာတွေကို တပ်မတော်တွင်း စိတ်ဓါတ် စစ်ဆင်ရေး ၀ါဒဖြန့်မှုများ ပြုလုပ်ထားခဲ့ပါတယ်။

ဒီလိုဝါဒဖြန့်မှုကြောင့် စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ် စစ်ဆင်ရေး နည်းဗျူဟာထဲတွင် နစ်မြောနေအောင် ရိုက်သွင်းထားရာ တပ်မတော်သားများ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမြင်မကြည်လင်မှု၊ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက်နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထားခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ပြီး ကဏ္ဍတစ်ရပ်အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာစီစစ် တည်းဖြတ် ပိတ်ဆို့ထားမှုကြောင့် ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို တပ်မတော်သားများ ဖတ်ရှုသိမြင်ပြီးဆိုပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုနှင့် လက်တွဲဖို့ တိုက်တွန်း လိုက်ရပါတယ်။


စစ်အာဏာရှင်တွေ အနေနဲ့ တပ်မတော်သားများကို စည်းရုံးမှိုင်းသွင်းထားတဲ့ နောက်တစ်ချက်မှာ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ အမြဲတမ်းပါဝင်ဆောင်ရွက်ရေး ဖြစ်တယ်။ ၁၉၉၇ ခုနှစ် န၀တ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးက ကာကွယ်ရေး ၀န်ကြီးဌာန၊ စခန်းရုံး ခန်းမကြီးတွင် တပ်မတော်သားများအား မိန့်ခွန်းတစ်ရပ် ပြောကြားရာမှာ နိုင်ငံတော်အာဏာကို အရပ်သားတွေအား မလွှဲတော့ဘဲ ဒို့တပ်မတော်က ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် အခြေခံဥပဒေ ရေးဆွဲရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ပိုမိုခိုင်မြဲဖို့ အုပ်ချုပ်ရေးတွင် ပါဝင်သွားရေး ထည့်သွင်းရေးဆွဲထားမှာဖြစ်ပြီး အခြေခံဥပဒေ ပြင်လို့ မရအောင်လည်း စီမံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လက်ခံမှာ မဟုတ်ဘဲ အာဏာရှင်စနစ်အား အသွင်တစ်မျိုးဖြင့် ဖန်တီးသွားမှာ ဖြစ်တယ်လို့ တပ်မတော်အရာရှိတစ်ချို့က တီးတိုးဝေဖန်ကြပါတယ်။ ဆက်လက်ပြီး သူက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို သိမ်းကျုံးပြီး အဆိုးမြင်ဝါဒ မြင်နေတယ်လို့ ပြောဆိုတာကြောင့် စစ်အာဏာရှင်တွေက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ရန်တိုက်ပေးထားပါတယ်။ အမှန်တကယ်တော့ စစ်အာဏာရှင်တွေဟာ တပ်မတော်အား ခုတုံးလုပ်ပြီး သူတို့ရဲ့ လုံခြုံရေး၊ ရပ်တည်ရေးအတွက် အကာအကွယ် အသုံးချသွားတာ ဖြစ်တာကို အရာရှိတစ်ချို့က ရိပ်မိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘောဒီးယား ခမာနီခေါင်းဆောင်များ ခုံရုံးတင်ခံရတဲ့ ဖြစ်စဉ်များနှင့် ဦးနေ၀င်း ဇာတ်သိမ်းမလှပုံတို့ကို ၀ဋ်လည်မှာ ကြောက်ပြီး တပ်မတော်သားများ သေနတ်ပြောင်း မလှည့်စေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူအဖြစ် သဘောထားလာအောင် အကွက်ဆင်ခြင်း ဖြစ်ပါတယ်။ အမျိုးသားညီလာခံ ကျင်းပခါနီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD အား လွှတ်တော်သို့ တက်ခွင့်ပေးတာကို ကြည့်ခြင်းဖြင့် တပ်မတော်သားများက စစ်အာဏာရှင်တွေ ပြောသလို အဆိုးကြီး မဟုတ်ကြောင်း သတိပြု လာခဲ့ပါတယ်။ မည်သို့ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပါ ကောက်နုတ်ချက်များ အရ လူပုဂ္ဂိုလ်တစ်စုကိုသာ ရည်ရွယ်ပြီး တပ်မတော်ကို ရည်ရွယ်တာ မဟုတ်ကြောင်း အောက်ပါအတိုင်း သိရှိရပါတယ်။


ပြည်သူလူထုရော၊ ဒီမိုကရေစီအင်အားစုရော၊ အရင် ၁၉၈၈ ခုနှစ် ဖြစ်ရပ်တွေကြောင့်မို့လို့ နာကျည်းပြီးတော့ တပ်မတော်ကို တိုက်ခိုက်တယ်ဆိုတာ လူတိုင်း အသိပါဘဲ။ ဒီတပ်မတော်၊ တပ်မတော်ဆိုပြီး တိုက်ခိုက်တာကို မကြိုက်လို့ ကျမက ဒီလိုခွဲခြားပြီးတော့ ပြောတာ။ တပ်မတော်ထဲမှာ အားလုံးဆိုးတာ မဟုတ်ဘူး။ ဆိုးတဲ့ လူတွေ ရှိသလို၊ ကောင်းတဲ့လူတွေလဲ ရှိတယ်။ တကယ်ဆိုလို့ရှိရင် ဒီလို တပ်မတော်နာမည်ပျက်စေတာက ကိုယ့်ရဲ့အာဏာ တည်တံ့ခိုင်မြဲရေး အတွက် လုပ်နေတဲ့ လူနည်းစု လူတစုကြောင့်သာ ဖြစ်ပါတယ် ဆိုပြီးတော့ ကျမပြောခဲ့ပါတယ်။ တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲအောင် ဘယ်သူလုပ်ခဲ့တာလဲ။ ဦးနေဝင်း လုပ်ခဲ့တာဘဲ။ ကျမ ထောက်ပြတာဘဲ။ ဦးနေဝင်းဟာ ၂၆ နှစ်အတွင်း မဆလပါတီ တည်တံ့ခိုင်မြဲရေး ဆိုတာ သူတယောက်ရဲ့ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် လုပ်ခဲ့တာပါဘဲ။ အဲ့ဒီလို လုပ်တဲ့နေရာမှာ တပ်မတော်ကို သူ့ရဲ့ လက်ကိုင်တုတ်အနေနဲ့ သုံးခဲ့တယ်။ ဒီတော့ ကျမ ဒါကိုပြောခဲ့တာ။


ဦးနေဝင်းဟာ တပ်မတော်ကို မိမိရဲ့ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်ကိုင်တုတ်အဖြစ် သုံးခဲ့လို့ တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲရတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ ကျဆင်းခဲ့ရတယ်။ ဒါ ကျမ ပြောခဲ့ တယ်။ မှန်တယ်။ ထပ်ပြီးပြောမယ်၊ ဒါ တပ်မတော် ပြိုကွဲရေးအတွက် မဟုတ်ဘူး။ တပ်မတော်ကို အလွဲသုံး စားလုပ်ခဲ့တာ နာကျည်းလွန်းလို့ ကျမ ပြောတာ။ ဒီလို တပ်မတော်ကို အလွဲသုံးစား မလုပ်သင့်ဘူးဆိုတာ ထုတ်ပြချင် လို့ ကျမပြောတာ။


တပ်မတော်ဟာ တနိုင်ငံလုံးအတွက် ဖြစ်ပါတယ်။ လူတယောက်အတွက် မဟုတ်ပါဘူး၊ လူတစုအတွက် မဟုတ်ပါဘူး ဆိုတာ ဖေဖေ တပ်မတော်ကို ထူထောင်ကတည်းက ပြောခဲ့တဲ့ကိစ္စပါ။ ဒီအတိုင်းဘဲ ကျမ ဆက်ပြီး ပြောသွားမှာဘဲ။ အဲ့ဒီတော့ ဒီဟာပြောတာကို ဘယ်လို တပ်မတော် ပြိုကွဲအောင် လုပ်သလဲဆိုတာ ကျမ မေးရမှာဘဲ။ ဘာမှ တပ်မတော်ကို ပြိုကွဲချင်တဲ့စိတ် မပါပါဘူး။


(ရန်ကုန်မြို့၌ ၁၉၈၉ ခုနှစ် ဇွန်လတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်စုပြောကြားခဲ့သော ရှင်းလင်းချက်များထဲမှ…)

“ အာဏာရှင်စံနစ် မရှိသင့်ဘူးလို့ ကျမယုံကြည်တာ ကြာလှပါပြီ။ ကြာလှပါပြီ ဆိုတာ ဟိုးအရင် ၁၉၅၈ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းထဲက ကျမ သဘောမကျခဲ့ဘူး။ သဘောမကျရတဲ့ အကြောင်းရင်းကတော့ တပ်မတော်ဟာ နိုင်ငံရေးအာဏာသိမ်းဖို့ ဖေဖေက တည်ထောင်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖေဖေကိုယ်တိုင် နိုင်ငံရေး လုပ်တဲ့အခါ တပ်မတော်ထဲက ထွက်ပြီးမှ လုပ်ပါတယ်။ ဒီလို တပ်မတော်ထဲက ထွက်ပြီးမှ နိုင်ငံရေး လုပ်ခဲ့ရတဲ့ အကြောင်းကတော့ အစဉ်အလာ ကောင်းစေချင်လို့ဘဲ။ တိုင်းပြည်တပြည်ကို လက်နက်အားကိုးပြီးတော့ အုပ်ချုပ်တယ် ဆိုတဲ့ အစဉ်အလာ မဖြစ်စေချင်လို့…”


မော်လမြိုင်မြို့ အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ဝင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းမှ…

ဖိုးတရုတ်ကင်း မှကူးယူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment