Sunday, September 30, 2012

ဒေါ်အောင်ဆန်းစုကြည် ၏ ယေးလ်တက္ကသိုလ် မိန့်ခွန်းအပြည့်အစုံ


(သမိုင်း အစိတ်အပိုင်း တစ်ခုအကြောင်း သိမ်းထားချင်တာနဲ့ ပြန်လည်ကူးယူပြီး တင်လိုက်တာပါ)
(Ko Nay Myo)
ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး ” Rule of Law ” ပါဘဲ ။
ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ Rule of Law ဆိုတာကို ကျမမြင်တဲ့ ၊ မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။

ပြောရရင်တော့ ကျမဘ၀မှာ (၁၉၈၈) ထိ ဥပေဒနဲ့ ပတ်သက်စရာ မလိုခဲ့သလောက်ပါဘဲ ။ ( ၁၉၈၈) ထိ ဥပဒေနဲ့ နီးနီးစပ်စပ်ဖြစ်သွားဖူးတာ ၂ ခါဘဲ ရှိဖူးခဲ့တယ်လို့ ဆိုရမယ် ။ ပထမတစ်ကြိမ်တုန်းက အောက်စဖို့ဒ်ကျောင်းသူဘ၀တုန်းကပါ ။ တလမ်းသွားလမ်းပေါ်မှာ စက်ဘီးစီးလာရင်း ကင်းလှည့်လာတဲ့ ရဲကားကို တန်းကို ၀င်တိုက်မိတာဘဲ ( ရယ်သံများ ) ။ ရဲက သည်းငြီးခံပြီး ကျမကို မေးပါတယ် ” ဒါတလမ်းသွားလမ်းဆိုတာ သိလား ” တဲ့ ။ ကျမလည်း သိပါတယ်ပေါ့ ။ အဲဒီနောက် သူလည်း ကိုယ့်လမ်းကိုယ်သွား ၊ ကျမလည်း စက်ဘီးပေါ်ခုန်တက်ပြီး ကျမလမ်းကို ကျမ ပြန်ထွက်လာခဲ့တာဘဲ ။

နောက်တကြိမ်ကလည်း အောက်စ်ဖို့ဒ်မှာပါဘဲ ။ အချိန်က လမ်းမှာ လူရှင်းပြီး မှောင်ရီပျိုးစအချိန်မှာ စက်ဘီးစီလာရင်း မီးနီကို အမှတ်တမဲ့ ဖြတ်ကူးမိတယ် ။ လမ်းတွေက ရှင်းနေပေမယ့် ကျမနောက်တည့်တည့်မှာ ကင်းလှည့်ရဲကားတစ်စီးတော့ ရှိနေပြန်ရော ( ရယ်သံများ ) ။ ဒီတော့ ကျမအဲဒီအချိန်ကတည်းက သိခဲ့ သင့်ပါတယ်……ကျမရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ဥပဒေနဲ့ ပတ်သက်ရမှုဟာ ထူးတော့ထူးခြားရမယ်ဆိုတာကိုလေ ။ ( ရယ်သံများ )

တကယ်တမ်းထဲထဲဝင်ဝင် ဥပဒေနဲ့ ပတ်သက်ရမှုကတော့ ပထမဆုံးအကြိမ် အကျယ်ချုပ် ကျတုန်းကပါ ။ ( ၁၉၈၉ ) ဂျူလိုင်လ ( ၂၀ ) ရက်နေ့မှာ ရုတ်တရက် ယူနီဖောင်းဝတ်ရဲတွေ ၊ စစ်သားတွေတပြုံကြီး ကျမခြံထဲ ရောက်ချလာပြီး ရှိသမျလူတွေကို ၀ိုင်းထားတော့တာဘဲ ။ အစတုန်းက ကျမတွေးမိတာက ကျမကို ထောင်ကိုခေါ်သွားမယ်ဘဲ ထင်တာပါ ။ ဒါပေမယ့် ကျမကို အိမ်အကျယ်ချုပ်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ ထောင်ကို ခေါ်သွားပါတယ် ။

သူတို့လာဖမ်းတုန်းက ဖမ်းမိန့်ပါ တခါတည်း ယူလာပြီး ကျမကို ဖတ်ပြပါတယ် ။ အဲဒီဖမ်းမိန့်မှာပါတာက ကျမကို သူတို့ အိမ်အကျယ်ချုပ်ထားမယ် တဲ့ ၊ ”နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်ဖို့ ” ဥပေဒအရ ကျမကို ဖမ်းရတာလို့ ဆိုပါတယ် ။ ကျမဟာ သူတို့အလိုအရ အဖျက်သမား ပါတဲ့ ။ အဲဒီဥပဒေပုဒ်မ Section 10 အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်ထဲမှာ ဖမ်းချုပ်ထားလို့ ရပါတယ် ။

အဲဒီ Section 10 ဆိုတဲ့ ဥပဒေမှာ အပိုင်း နှစ်ပိုင်းပါပါတယ် ၊ 10 A နဲ့ 10 B ပါ ။ 10 A အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချလို့ ရပါတယ်။ 10 B အရကတော့ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်အကျယ်ချုပ်ချလို့ ရပါတယ် ။ ဒီတော့ ကျမက 10 B အရ အိမ်မှာ အကျယ်ချုပ်ကျခဲ့တာပါ ။ အဲဒီ 10 B ဥပဒေအရ ဖမ်းမိန့်ကို ခြောက်လတစ်ကြိမ် ထပ်တိုးရတယ် ……အဲဒီလိုဆက်ပြီး သုံးနှစ်တိတိ ထပ်ထပ်တိုးသွားလို့ ရပါတယ် ။ ထပ်တိုး မတိုး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ အခေါ် ” ဗဟိုဝန်ကြီးများကော်မတီ ” က ချမှတ်တာပါ ။ အဲဒီအဖွဲ့မှာ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် ၀န်ကြီး သုံးလေးဦးပါပါတယ် ။

အဲဒီအချိန်တုန်းက ကျမမှာ ဥပဒေနဲ့ ပတ်သက်ဖူးတာ မရှိခဲ့သလောက်ဆိုတော့ ကျမထင်မိတာက ကျမကို အကျယ်ချုပ်ချတာဟာ ဥပဒေနဲ့ အညီလုပ်တာဘဲလို့ ထင်မိခဲ့တယ် ။ အဲဒီတုန်းက အိမ်ထဲမှာ ကျမ တစ်ယောက်တည်းပါ ၊ အစကတော့ ကျမသားနှစ်ယောက် ခဏတဖြုတ် ရှိပါတယ် ။ ဒါပေမယ့် နောက်တော့ သူတို့လည်း အင်္ဂလန်ကို ပြန်သွားကြတယ် ။

ဒီလိုနဲ့ ကျမအကျယ်ချုပ်ကျပြီးနောက် ခြံထဲမှာ အစောင့်စစ်သားတွေ လာနေပါလေရော……… အဲဒီအထိလည်း ဒါသူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာဘဲလို့ ထင်ခဲ့မိတယ် ။ နှစ်အတော်ကြာမှ ကျမနားလည်သွားတာက ကျမခြံထဲမှာ ဒီလို လာပြီး အခြေချနေထိုင်ခွင့် သူတို့မှာ လုံးဝမရှိဘူး ဆိုတာပါဘဲ ။ အဲဒီတော့မှဘဲ ငါ့ တိုင်းပြည်က ဥပဒေအကြောင်း ငါ အတော်မသိပါလား ဆိုတာကို စပြီး သဘောပေါက်သွားခဲ့ရတယ် ။ ဒီဥပဒေတွေကို တကယ်လေးစားလိုက်နာမှု ရှိမရှိ ဆိုတာလည်း အတော်လေး မသိခဲ့တာဘဲ ဆိုတာကိုပါ နားလည်သွားခဲ့တယ် ။

အကျယ်ချုပ်အတွင်းမှာ လှိုင်းတိုရေဒီယို နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီရေဒီယိုကဘဲ ကျမကို ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိအောင် လုပ်ပေးခဲ့တာပါ ။ရေဒီယိုကတဆင့် ကျမပါတီဝင်ပေါင်းများစွာ အဖမ်းခံရနေတယ်ဆိုတာကို သိခဲ့ပါတယ် ။ များသောအားဖြင့် သူတို့ကို Section 5 နဲ့ ဖမ်းတာများတယ် ။ Section 5 ဆိုတာက ( ၁၉၅၀ ) မှာ သူတို့အခေါ် ” အရေးပေါ်အခြေအနေ ” တွေဖြစ်ရင် သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ………. အဲဒီကာလမှာတုန်းက ပုန်ကန်မှုအရှုပ်အထွေးတွေအများကြီး ရှိခဲ့တာကိုး ။

အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျမတို့နိုင်ငံရေးသမားတွေက ” အမြင်ကတ်ပုဒ်မ ” လို့ ခေါ်ကြတယ် ။ သူတို့ သည်းမခံနိုင်ရင် အမြင်ကတ်ရင် လူတစ်ယောက်ကို အဲဒီပုဒ်မနဲ့ ငါးနှစ်လောက် ထောင်ချလိုက်လို့ ရတယ် ၊ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ် ( ၂၀ ) လောက်ထိ ချလိုက်လို့ ရပါတယ် ။ ဒီပုဒ်မနဲ့ ထောင်ထဲမှာ ကာလ အရှည်ဆုံး (၁၈) နှစ်နဲ့ ( ၃ ) လလောက် တောက်လျှောက်နေလိုက်ရတဲ့ ကျမတို့ ပါတီဝင်တစ်ယောက် ရှိဖူးပါတယ် ။ အစတုန်းက သူ့ကို ( ၅ ) နှစ်ဘဲ ချထားတာပါ ။

ဒီတော့ ကျမကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံက မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူး ဆိုတာကို နားလည်သွားစေခဲ့ပါတယ် ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးဖို့ ထားတာမဟုတ်ဘဲ အာဏာရှိသူတွေက သူ့တို့အကျိုးအတွက် အသုံးချနေခဲ့ကြတာပါ ။ ။ Section 5 တို့ ၊ Section 10 တို့၊ နောက်ပြီး တခြား Section တွေ ရှိပါသေးတယ် ။ အဲဒီထဲမှာ တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေ Section 17 နဲ့လည်း ကျမအတော့်ကို ရင်းနှီးလာရသေးတယ် ။ ဒါတွေဟာ NLD ပါတီဝင်တွေကို သူတို့ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလောက် ထောင်ချလို့ ရအောင် စစ်အစိုးရက သုံးခဲ့တဲ့ Section တွေပါဘဲ ။

အကျယ်ချုပ်မှာ သုံးနှစ်ကြာလို့ ကျမလွတ်ခါနီးလည်းကျရော ကျမကို နောက်ထပ် အကျယ်ချုပ်မှာ ဆက်ထားလို့ရအောင် Section 10 ကို ပြင်ဆင်လိုက်ကြပါတယ် ။ ဒီလိုနဲ့ တကယ်လည်း ကျမအထဲမှာ ( ၆ ) နှစ်ကြာသွားပါတယ် ။ လူတစ်ယောက်တည်းကို ထောင်ထဲမှာ ပိုကြာကြာထည့်ထားဖို့ အတွက် ပြင်လိုက်တယ်ဆိုတဲ့ ဥပဒေမျိုး လူကြီးမင်းတို့ ကြားဖူးကြပါသလား ။ ဒါကဘဲ ဥပဒေစိုးမိုးမှုအောက်မှာ မရှိဘူးဆိုတာဘာကို ပြောတာလဲဆိုတာကို နားလည်စေတာပါဘဲ ။

အိမ်အကျယ်ချုပ်မှာတုန်းက NLD ပါတီဝင်တွေ အများကြီး အဖမ်းခံရတာကို ရေဒီယိုကနေ ကြားရတယ် ။ ဒီတော့ ကျမတို့မှာ ” ဥပဒေအကူအဖွဲ့ Legal Aid Committee ” ဆိုတာ လိုမယ်လို့ ကျမဆုံးဖြတ်ခဲ့တယ် ။ ကျမတို့ နိုင်ငံမှာ အဲလို အဖွဲ့အစည်းမျိုး မရှိပါဘူး ၊ ဟိုးအရင်ကလည်း ရှိခဲ့မယ် မထင်ပါဘူး ။ ဒီလိုနဲ့ ( ၁၉၉၅ ) မှာ ကျမလွတ်လွတ်ချင်းဘဲ ငါတို့တော့ ဥပဒေအကူအဖွဲ့ဆိုတာ ရှိမှဖြစ်မယ်လို့ ကျမပါတီကို ရှင်းပြခဲ့တယ် ။

အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ကျမရွေးလိုက်တဲ့လူက အဲဒီတုန်းက ပါတီ ဥက္ကဖြစ်တဲ့ ဦးတင်ဦးပါဘဲ ။ သူက ဟိုးအရင်က စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးပြီး ကျွမ်းကျင်တဲ့ ရှေ့နေ တစ်ယောက်လည်း ဖြစ်တယ် ။ စစ်တပ်က အထုတ်ခံလိုက်ရပြီးနောက် ဥပဒေဘက်ကို လိုက်စားခဲ့တာပါ ။ အဲဒီလိုနဲ့ ကျမက ဥပဒေအကူအဖွဲ့ကို ဖွဲ့ဖို့ သူ့ကိုပြောတယ် ။ ဒါမှလည့်း ကျမတို့ ပါတီဝင်တွေ Section တစ်ခုခုနဲ့ အစွဲခံရရင် ကာကွယ်ပေးလို့ရအောင်ပါ ။ ဒီ Section တွေအားလုံးဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို နိုင်ငံရေးကနေ ဆွဲထုတ်လိုက်ဖို့ရာအတွက် ထောင်ချဖို့ ဆင်ခြေတွေချည်းပါဘဲ ။

ကျမရဲ့ အကြံကို ဦးတင်ဦးက လိုက်လျောပါတယ် ။ သူက အင်မတန် ကျွမ်းကျင်ပြီးအတွေ့ အကြုံများတဲ့ စစ်သားတစ်ယောက်ပါ ။ အမိန့်ကိုလည်း တသွေမတိမ်းလိုက်နာတတ်တဲ့သူပါဘဲ ။ သူက ကျမကို commender လို့ ခေါ်လေ့ရှိတယ် ။ အဲဒီလိုနဲ့ ကျမအကြံပေးတော့ သူက အဲဒီအဖွဲ့ကို ဖွဲ့ပါတယ် ။ ဒါပေမယ့် လအတော်ကြာတော့ သူက အဲဒီအဖွဲ့ရဲ့ ထိရောက်မှုကို သူအယုံအကြည်မရှိဘူးလို့ ဆိုလာတယ် ။ ကျမပြောလို့သာ လုပ်ရတာ ၊ ဘာမှ အရာရောက်မယ်မထင်ဘူး တဲ့ ။ Section အမျိုးမျိုးနဲ့ တရားစွဲခံရတဲ့ ကျမတို့လူတွေကို ကာကွယ်ဖို့ကြိုးစားပေမယ့် ဘယ်တစ်မှုမှ နိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုတယ် ။

ဒါပေမယ့် ကျမက သူ့ကို ရှင်းပြပါတယ်…….ကျမတို့လူတွေအဖမ်းခံရရင် ဒီအဖွဲ့လေးနဲ့ သူတို့ကို လွတ်အောင် ကူညီချင်နိုင်မှ ကူညီနိုင်မယ် ။ ဒါပေမယ့် ပထမဆုံးအနေနဲ့တော့ ကျမတို့ လူတွေကို ” ပစ်ထားမခံရဘူး ” ဆိုတဲ့ ယုံကြည်ချက် ရစေချင်တယ် ။ တိုင်းပြည်မှာ ရှိတဲ့ ဥပဒေနဲ့ သူတို့ကို ကျမတို့က အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားတယ်ဆိုတာ နားလည်စေချင်တယ် ။ ဒုတိယအချက်အနေနဲ့ တရားဥပဒေစိုမိုးမှုမရှိလို့ ဖြစ်ခဲ့တဲ့ ဒီအမှုတွေဟာ မှတ်တမ်းအဖြစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်ခဲ့မယ် ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒါမျိုးကို ရှောင်လို့ရမယ်လေ ။

ဦးတင်ဦးက ကျမပြောတာကို လက်ခံပေမယ့် ထိရောက်မယ့် အကြံတစ်ခုဆိုတာယုံကြည်ကြောင်း မပြပါဘူး ။ ဒါပေမယ့် နောက်ပိုင်းတော့ သူမှားကြောင်း ၀န်ခံခဲ့တယ် ။ ကျမတို့ ပါတီဝင်တွေအတွက်ထားတဲ့ ကျမတို့ရဲ့ စေတနာတွေ………….ဆိုလိုတာက သူတို့ မလွတ်နိုင်ဘူးဆိုတာ သူတို့ သိတာပါဘဲ ၊ ဒါပေမယ့် တရားရုံးမှာ သူတို့အတွက် တစ်ယောက်ယောက်ကလာပြီး ကာကွယ်ပြောဆိုပေးတယ်ဆိုတာ သိရတာ သူတို့ ကျေနပ်တယ် ။ ဥပဒေအကူအဖွဲ့ကို မဖွဲ့ခင်တုန်းက အဲဒါမျိုး မရှိခဲ့ပါဘူး ။ ဒီလိုနဲ့ ကျမတို့ဘက်က သတ္တိကောင်းတဲ့ ရှေ့နေတွေ နည်းနည်းလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်ပေးခဲ့တယ် ။

ကျမတို့ဘက်က တစ်မှုမှတော့ မနိုင်သလောက်ပါဘဲ ။ ဥပဒေအကူအဖွဲ့က ကိုင်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အမှုတွေထဲမှာ ကျမတို့နိုင်ဖူးတာဆိုလို့ တကယ့်ကို တစ်ခုတည်း ရှိပါတယ် ။ ။ အဲဒီအမှုမှာ တရားသူကြီးက အမျိုးသမီးပါ…..အမျိုးသမီးဖြစ်နေလို့ဘဲ ထူးသွားတာလား မသိပါဘူး ။ ဒါပေမယ့် ကျမတို့လူကို လွှတ်လိုက်ပြီးတော့ သူလည်း နယ်ကို အရွှေ့ခံရတာပါဘဲ ….ကျမတို့အတွက် တရားမျှတမှုဆောင်ကျဉ်းပေးတဲ့ အတွက် အပြစ်ပေးခံရတဲ့သဘောပေါ့ ။

ဒီလိုနဲ့ ရှေ့ဆက်သွားရင်း ကျမတို့ သိလာရတာက တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျမတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှာ အကြောက်တရားက လွတ်မှာ မဟုတ်ဘူးဆိုတာပါဘဲ ။ သူတို့ဘာအမှားမှ မလုပ်ရင်တောင် သူတို့ကို ” တိုင်းပြည်ရဲ့ ဥပဒေ ” ဆိုတာတွေနဲ့ ချုပ်နှောင်လို့ ရနေတာကြောင့် အမြဲတမ်းကြောက်နေရမှာပါဘဲ ။ ဒီလိုနဲ့ဘဲ တရားဥပဒေ စိုးမိုးမှုရဲ့ အရေးကြီးပုံကို ကျမတို့ဟာ နေ့စဉ်ဘ၀ကနေ သိခဲ့ရတယ် ။

ကျမတို့လူတွေမြောက်များစွာဟာ အဲဒီအချိန်တုန်းက သေးငယ်လွန်းတဲ့ အမှုတွေအတွက် အဖမ်းခံခဲ့ရတယ် ၊ ဥပမာ စစ်အစိုးရက အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေတာမျိုးနဲ့ပေါ့ ။ တကယ်တော့ ကျမတို့ NLD က လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာကို ပြည်သူတွေ သိအောင်လုပ်ပေးခဲ့တာပါ ။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် ။ တကယ်လည်း အဲဒီအချိန်တုန်းက စစ်အစိုးရက ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့ ကုလသမ္မဂနဲ့ သဘောတူညီထားခဲ့တယ် ။

ဒီတော့ ကျမတို့ လုပ်နေတာတွေဟာ စစ်အစိုးရက သဘောတူလုပ်ဆောင်နေတဲ့ အရာတွေပါဘဲ ….ဒါပေမယ့် အဲဒီ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ကော်ပီကူးပြီး ဖြန့်ဝေရုံလေးနဲ့ ကျမတို့လူတချို့အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျမတို့အတွက်တော့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဒွန်တွဲနေပါတယ် ။ ကမ္ဘာ့ကုလသမ္မဂကြေငြာစာတမ်းအဖွင့်မှာလည်း ပါပါတယ် ……. လူ့အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးရမယ် လို့ပါ ။ ကျမတို့အနေနဲ့လည်း ဒါဟာ တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် လူ့အခွင့်အရေးဆိုတာ မရှိပါဘူး ။

NLD က ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ဦးတည်ချက်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထည့်သွင်း သတ်မှတ်ခဲ့တယ် ။ တကယ်တော့ရွေးကောက်ပွဲ ဦးတည်ချက်က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသား ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့ရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်ဆိုပြီး သုံးချက်ရှိပါတယ် ။
တချို့ကလည်း မေးကြတယ် ……တရားဥပဒေစိုးမိုးရေးကို တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။ တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ သိသာမြင်သာစေပါ့မယ်ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင် သရွေ့ကတော့ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ ။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် …..။

အဲဒီမှာမှ မရားတဲ့ဥပဒေတွေ ဖြစ်နေပြန်ရင်လည်း ကျမတို့ဟာ နေ့စဉ်နှင့်အမျှ မတရားသဖြင့် အအုပ်ချုပ်ခံဖြစ်ရဦးမှာပါဘဲ ။ အခုပြောခဲ့တဲ့ Section 5 တို့ Section 10 တို့ ဆိုတာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေပါ ။ အဲဒီ ဥပဒေတွေကို ဥပဒေကိုယ်ထည်ကြီးတစ်ခုလုံးကကို အပြီးအပိုင် ထုတ်ပစ်တာမျိုးကိုဘဲ ကျမတို့လိုလားပါတယ် ။ ခုထိတော့ ဖြစ်မလာသေးပါဘူး ။ လွှတ်တော်အတွင်းကနေ ကျမတို့ အပြင်းအထန်ကြိုးစားနေပါတယ် ။ ဒါပေမယ့် ကျမတို့ဟာ လွှတ်တော်ထဲမှာ လူနည်းစုဘဲ ရှိသေးတယ် ဆိုတာကိုတော့ မမေ့စေချင်ပါဘူး ။ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မရစေတဲ့ ၊ အာဏာပိုင်တွေက လိုသလို အလွဲသုံးစားလုပ်တဲ့ ဒီဥပဒေတွေကို ဖယ်ပစ်မှ ရပါမယ် ။ ဒီဥပဒေတွေနဲ့ ဘယ်သူ့ကို မဆို စွဲချက်တင်လို့ ရပါတယ် ။ လူတစ်ယောက်ဟာ အဖျက်သမား ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ ။ ကျမဟာ အဖျက်သမားဟုတ်၊ မဟုတ်ဆိုတာ ဘယ်လို သက်သေပြမှာလဲ ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျမဟာ အဖျက်သမား ၊ ကျမဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှုကို နှောင့်ယှက်သူ ဆိုပြီး ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်တယ် ၊ ကျမကို နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်ထားနိုင်တယ်ဆိုတာကိုလည်း သူတို့ဘဲ ဆုံးဖြတ်တယ် ။ ဒီလိုနဲ့ဘဲ ပထမအကြိမ်က ၆ နှစ် ၊ ဒုတိယအကြိမ်က ၂ နှစ် ၊ နောက်ဆုံးအကြိမ်ကတခါ ၆ နှစ် အကျယ်ချုပ်မှာ နေလိုက်ရပါတယ် ။

ထောင်ထဲက ကျမ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တွေထက်စာရင် ကျမရဲ့ အိမ်အကျယ်ချုပ်က အများကြီးသက်သာပါသေးတယ် ။ သူတို့ကို ထောင်ထည့်ပို့လိုက်တဲ့ Section 5 ဆိုတဲ့ ဥပဒေကလည်း လူ့အခွင့်အရေးချိုးဖောက်ရာမှာ အတူတူပါဘဲ ။ အဲဒီ Section 5 မှာ ခပ်ဆန်းဆန်း အပိုင်းလေးတစ်ပိုင်းကလည်း ပါသေးတယ် …..အဲဒါကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုအချစ်ခင်ပျက်စေသူကို Section 5 နဲ့ ချလို့ ရသတဲ့ ။ ( ရယ်သံများ ) ဒီတော့ ကျမမေးချင်တာက တစ်စုံတရာအပေါ် လူတစ်ယောက်ရဲ့ ချစ်ခင်မှု လျော့သွားစေတယ် ဆိုတာကို ဘယ်လို တိုင်းတာဆုံးဖြတ်ပါသလဲ ။ အင်မတန် မသေချာ မရေရာတဲ့ ဥပေဒဆိုတော့ ဘယ်သူ့ကိုမဆို အဲဒီအောက်မှာ ဆွဲထည့်ပစ်လို့်ရနေတယ် ။ ဒါကြောင့်ဘဲ ကျမတို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ Rule of Law ဆိုတာကို ရှေ့ဆုံးက တင်ပြီး ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါဘဲ ။

ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ကျမတို့က ၄၃ နေရာနဲ့ နိုင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်လာ ပါတယ် ။ အဲဒီထဲရောက်ပြီးကတည်းက ကျမကို လွှတ်တော်ဥက္ကဌက ” တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ” မှာ ဥက္ကဌလုပ်ခွင့်ပေးပါတယ် ။ ( ရယ်သံများ ) ။ ရှင်တို့ ရယ်ကြမယ်ဆိုတာ ကျမသိပါတယ် ။ ကျမအဲလို Rule of Law and Tranquility Committee လို့ ပြောရင် လူတိုင်း ပြုံးတတ်ကြတယ်။………..ဒါပေမယ့် ရှင်တို့ တွေးမိတာလေးက ကောင်းတဲ့အတွေးပါ ( ရယ်သံများ ) ။

တိုင်းပြည်ထဲမှာ ဥပဒေစိုးမိုးရေးကို တကယ်ကျင့်သုံးစေဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ ကျမတို့ဟာ အငြိမ်းစားယူထားတဲ့ တရားသူကြီးတွေ ၊ အတွေ့အကြုံရင့်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ် ။ တိုင်းပြည်ထဲမှာ ဥပဒေပြန်စိုးမိုးလာစေဖို့ ဘာတွေလိုအပ်မလဲဆိုတာ သိအောင်ပါ ။ ” ပြန်စိုးမိုးလာဖို့ ” ဆိုတဲ့ စကားကို သုံးရတာက အရင်တုန်းက နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု ရှိခဲ့ပါတယ် ။ တရားသူကြီးဟောင်းတွေ ရှေ့နေဟောင်းတွေထဲက တစ်ယောက်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်သူတွေ ခံစားခွင့်ရဖူးတဲ့ လွတ်လပ်ညီမျှတဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို ပြောပြပါတယ်….။ အဲဒီတုန်းက ကျမတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး တရားရေးဘက်မှာ အတော်ကို လွတ်လွတ်လပ်လပ် ရှိပါတယ် ။

မြန်မာ့တရားရေးမဏ္ဍိုင်ရဲ့ သမိုင်းကို ဖတ်ချင်ရင် Yale တက္ကသိုလ် Law School မှာ တက်သွားတဲ့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ဖတ်လို့ပါတယ် ။ သူက မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းမှုမတိုင်ခင်ကာလက Yale Foundation က စကောလားရပြီး နှစ်နှစ်လောက် ပညာသင်ခွင့်ရခဲ့သူပါ ။ သူက ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ မြန်မာပြည်သမ္မတ ခဏလေး ဖြစ်လိုက်ပါသေးတယ် ။ ဒါပေမယ့် ရာထူးမှာတော့ မကြာခဲ့ပါဘူး ။ သူ့စာအုပ်မှာ တချိန်တခါက ရှိခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို တွေ့နိုင်ပါတယ် ။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ ဒီလွတ်လပ်မျှတမှုလည်း ပျောက်သွားခဲ့ရတယ် ။ ရှေ့နေကြီးတွေ တရားသူကြီးဟောင်းတွေက ဒီလွတ်လပ်မျှတမှုကို ပြန်ရှင်သန်စေချင်ကြတယ် ။ တကယ်လည်း ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝကျရောက်နေခဲ့တယ် ။ နိုင်ငံရေးသမားတွေကို စစ်ဆေးတဲ့အခါမျိုးတွေမှာ တရားသူကြီးမင်းတွေဟာ စာအိတ်ကလေးတစ်ခုသူတို့ ရှေ့ကိုရောက်လာဖို့ ပေါ်တင် ဘဲ စောင့်ကြပါတယ် ……အဲဒီစာအိတ်ကလေးထဲမှာမှ တရားခံကို ဘယ်နှစ်နှစ်ချပါဆိုတဲ့ အမိန့်ပါတာကိုး ။ အဲဒီတော့မှ အဲဒီအမိန့်မှာ ပါတဲ့ နှစ်အတိုင်း တရားသူကြီးက ဘယ်နှစ်နှစ်ဆိုပြီး အမိန့်ချတာ ။

ကျမတို့ပါတီဝင်တွေကို ကျမတို့မှာ သင်တောင် သင်ထားရတယ်……လာဖမ်းတဲ့လူတွေကို ဘာအတွက်နဲ့ ဖမ်းတာလဲ ဆိုတာရယ် ၊ ဖမ်းမိန့်ပါရဲ့လား ဆိုတာရယ် မေးဖို့ ပါ ။ ကျမတို့ ပါတီဝင်တစ်ယောက်ဆိုရင် လာဖမ်းတော့ ဖမ်းတဲ့လူတွေကို မေးတယ် ………ဖမ်းဝရမ်းပါသလား ၊ ဘာအမှုနဲ့ ဖမ်းတာလဲ ပေါ့ ။ အဲဒီတော့ လာဖမ်းတဲ့လူကပြန်ဖြေတယ် ” ခင်ဗျား ဘာတွေ ရယ်စရာလာပြောနေတာလဲ ။ ခင်ဗျား ထောင်ဘယ်နှစ်ကျမယ်ဆိုတာတောင် ကျုပ်တို့ ဆုံးဖြတ်ပြီးပြီ ” တဲ့ ။ ( ရယ်သံများ )

မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ ဒါပါဘဲ…. ။ အဲဒီလာဖမ်းတဲ့သူက ဒီလိုကိစ္စမျိုးဟာ သူတို့အတွက် လုပ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ လုံးဝယူဆထားတယ် ။ သူပြန်ဖြေတာကလည်း တကယ်တော့ တရားဥပဒေအတိုင်းလုပ်ဖို့ဆိုတဲ့ မိုက်မိုက်မဲမဲ အလုပ်တွေကို လျှောက်လုပ်မနေနဲ့ ဆိုပြီး ကျမတို့အဖွဲ့ဝင်သိအောင် ပြောပြရုံလေးဘဲ ….မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာ အလုပ်လုပ်ပေးတာ မဟုတ်လား ။ အဲဒါကဘဲ ကျမတို့မြန်မာပြည်သူပြည်သားတွေအတွက် Rule of Law မရှိမှု ဆိုတာ ဘာလဲလို့ ဖော်ပြနေတာဘဲ ။ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး ။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေဆိုတာကို ယုံတာမှ မဟုတ်တာလေ ။

ဒါပေမယ့် အခု ကျမအနေနဲ့ ဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌဖြစ်လာပြီးဆိုတော့ ပြည်သူလူထုယုံကြည်မှုကို ရတဲ့ တရားရေးမဏ္ဍိုင်တစ်ခုကို ပြန်တည်ဆောက်ဖို့ လက်တွေ့လုပ်ဆောင်မှုတွေကို လုပ်ရပါမယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေက တရားဥပဒေကို ယုံမှ မယုံကြတော့တာလေ ။ ဒီမိုကရေစီဆိုတာ အစိုးရအာဏာပိုင်တွေရယ် ၊ လွှတ်တော်ရယ်နဲ့ တရားရေးမဏ္ဍိုင်ဆိုတဲ့ အကိုင်းအခက် ( ၃ ) ရပ်ကြားမှာ မျှအောင် ရပ်တည်ရတာပါ ။ အခုကျမတို့မှာ မယ်မယ်ရရပြောဖို့ တရားရေးမဏ္ဍိုင်ဆိုတာတောင် မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာ တရားရေးမဏ္ဍိုင်ဟာ စိစိညက်ညက်ကြေအောင် အလုပ်ခံလိုက်ပြီလေ ။

ခုနကပြောတဲ့ အစည်းအဝေးမှာ ကျမတို့ရဲ့ အကြံပေးတချို့ ပြောတာက လွှတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးအလောင်းအလျာတွေကို သင်ကြားပေးဖို့ဘဲ တဲ့ ။ ရှေ့နေဟောင်းကြီး တစ်ယောက်ပြောတယ် ……မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ရှေ့နေတွေ မရှိတော့လို့ဘဲ လို့ ဆိုပါတယ် ။ ဒါကြောင့်ဘဲ မြန်မာနိုင်ငံက တရားရုံးတွေမှာ လာဘ်စားမှုတွေ အကြီးအကျယ်ရှိနေတာပေါ့ လို့လည်း ပြောပါတယ် ။ ဒါကြောင့် ပညာတတ်ရှေ့နေတွေကို မွေးထုတ်ပေးမှဘဲ လက်ရှိအခြေအနေကို ကယ်တင်နိုင်မယ်လို့လည်း သူက ဆိုပါတယ် ။ ကျမကတော့ အဲဒီလို တွေးတာဟာ သိပ်ရိုးစင်းလွန်းတယ်လို့ ထင်ပါတယ် ။ နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေ ကိုပျောက်အောင်လုပ်ဖို့ ဆိုတာ အဲလောက် မလွယ်ပါဘူး ။ အကျင့်ပျက်နေပြီးတဲ့ တရားသူကြီးတွေဟာ Yale တက္ကသိုလ်လိုနေရာက စပယ်ရှယ်သင်တန်းတွေ လာတက်ရုံနဲ့ အကျင့်ပြန်ကောင်းသွားမှာမှ မဟုတ်တာ ( ရယ်သံများ )

ဒီတော့ ဒါဟာ ပညာကောင်းကောင်းတတ်တာတစ်ခုတည်းနဲ့ မဆိုင်ပါဘူး ။ သဘောထား attitude ၊ စိတ်ထား mindset တွေနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ် ။ နှစ်ပေါင်းများစွာကြာအောင် တရားသူကြီးတင်မကဘူး …..သာမန်ဝန်ထမ်းတွေကလည်း အရမ်းကို အကျင့်ပျက်ခြစားနေလာခဲ့ကြတယ် ။ အကျင့်ပျက်ရတဲ့ အကြောင်းကို စပြောရရင် လစာမလောက်တာက စတာဘဲ ။ ဒီတော့ လူလူသူသူနေနိုင်ဖို့ အရေး ၊ ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ အရေးတွေအတွက် လာဘ်ကို တောင်းကြတော့တာဘဲ ။ ရလည်း ရကြတယ်လေ ။ ဒီတော့ အဲလို အကျင့်ပျက်ခြစားတဲ့ ဘ၀နဲ့ ရင်းနှီးလာတဲ့လူဟာ သန့်ရှင်းတဲ့ လမ်းကြောင်းကို ပြန်လှည့်ဖို့ဆိုတာ မလွယ်တော့ဘူး။

ဟိုးအရင်က လခမဆိုးတဲ့ ၀န်ထမ်းတစ်ယောက်ဟာ လူတန်းစေ့နေနိုင်တယ် ။ သူ့မှာ နေဖို့ အိမ်ရှိတယ် ၊ စီးဖို့ကားရှိတယ် ။ ကလေးတွေကို ကျောင်းကောင်းကောင်း ထားနိုင်ခဲ့တယ် .။ သူနေတဲ့ ပတ်ဝန်းကျင်မှာ လေးစားခံရတယ် ။ ဟိုအရင်ခေတ်က ၀န်ထမ်းရဲ့ ဘ၀ဟာ ဒီလောက်ပါဘဲ ။ လာဘ်ပေးလာဘ်ယူခေတ်အတွင်းကျတော့ တချို့သော အစိုးရ၀န်ထမ်းတွေဟာ သိပ်ချမ်းသာလာကြတယ် ၊ အိမ်တွေများစွာပိုင်လာတယ် ။ ကားတွေတစ်စီးထက်မက ရှိလာတယ် ။ ကလေးတွေဆိုလည်း သူများမရတဲ့ အခွင့်အရေးမျိုးမျိုးကို ခံစားရတယ် ။ ဒီတော့ ဒီလူတွေကို လမ်းဟောင်းကို ပြန်သွားဖို့ မျှော်လင့်ရမှာ သိပ်မလွယ်ပါဘူး ။ အခုနေအခါ သူတို့ကို လုံလောက်တဲ့ လခတစ်ခုပေးရင်တောင်မှ….လခဆိုတာ လူတန်းစေ့နေနိုင်မယ့် လခမျိုးပေါ့လေ …..သူဌေးလခမျိုးတော့ မဟုတ်ဘူးပေါ့ ……အဲလို လူလူသူသူနေနိုင်မယ့် လခမျိုးပေးရင်တောင်မှ သူတို့ ကျေနပ်မှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ အကျင့်ပါသွားပြီလေ ။

ဒီတော့ သူတို့ကို reeducation လုပ်ပေးရမယ်ဆိုတာ ပြန်လည် ပညာသင်ပေးခြင်းတစ်ခုတည်း ကို ဆိုလိုတာမဟုတ်ဘူး ။ သဘောထား attitude တွေ ၊ စိတ်ထား mindset တွေကိုလည်း reeducation လုပ်ပေးရမယ် ( ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးရမယ် ) ။ ဒီလို ဇိမ်ကျနေတဲ့ ဘ၀တွေနဲ့ အကျင့်ပါနေတဲ့သူတွေကို သင့်တော်တဲ့ စားဝတ်နေရေးတစ်ခုနဲ့ လူရိုသေ ရှင်ရိုသေပြီး သန့်ရှင်းတဲ့ ဘ၀တစ်ခုကို နေတတ်ဖို့ ဘယ်လို သင်ပေးကြမလဲ …… ဒါဟာ တကယ်ခက်တဲ့ အလုပ်ပါဘဲ ။

အဲဒီမှာတခါ Rule of Law ဆိုတာ ပါလာပြန်ပါတယ် ။ သင့်တော်တဲ့ အရေးယူမှုတွေဆိုတာ လုပ်ကို လုပ်ရမယ် ။ ” မင်းတို့ကို အခု သင့်တော်တဲ့ လခတစ်ခုပေးမယ် ၊ ဒါနဲ့ မျှတအောင်နေ ” လို့ ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး ။ အကျင့်ပျက် ၀န်ထမ်းတွေ ၊ အကျင့်ပျက် တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတွေ ကျမတို့မှာ ရှိရပါမယ် ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကနေ နောက်ထပ်တရားဥပဒေစိုးမိုးမှုတစ်ခုကို မွေးဖွားသွားပေးပါလိမ့်မယ် ။ ကျမတို့ဟာ တရားရေးဘက်ကလူတွေကို ဥပဒေကို လိုက်စားလေးနာစေခြင်းအားဖြင့် ဒီလုပ်ငန်းကို စတင်ရမှာဖြစ်တယ် ။ ဒါသိပ်တော့ လွယ်မယ့် ကိစ္စမဟုတ်ပါဘူး ။ တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကျမတို့မှာ အကူအညီလိုပါတယ် ။

ကျမတို့ ကော်မတီက ပထမခြေလှမ်းအနေနဲ့ တရားရုံးမှာ တကယ်ကျင့်သုံးနေတာတွေဟာ ဘာတွေလဲဆိုတာကို သိဖို့ အမှုသုံးခုကို လေ့လာကြည့်ခဲ့ပါတယ် ။ တရားသူကြီးက ဘယ်လို ကျင့်ကြံသလဲ ၊ အစိုးရရှေ့နေက ဘယ်လို ပြုမူသလဲ ၊ အမှုသည်တွေက ဘယ်လို တရားမျှတမှုမျိုးကို မျှော်လင့်သလဲ စသည်ဖြင့်ပေါ့ ။ ဒီလို လက်တွေ့အလုပ်တွေကို ကျမတို့ လုပ်မှလည်း နောက်ပိုင်းမှာ သက်ဆိုင်ရာဌာနတွေကို အကြံပေးလို့ရမှာပါ ။ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ အစိုးရရှေ့နေရုံး ၊ ပြည်ကြားရေးဌာန ….ဒါတွေအကုန်လုံးဟာ မြန်မာပြည်မှာ ကျမတို့ Rule of Law ကို တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ရမှာပါ ။

ဒါကိုသာလုပ်နိုင်ရင် ကျမတို့တိုင်းပြည်အတွက် အကြီးအကျယ်အောင်မြင်မှုတစ်ခုကို ရမှပါဘဲ ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင် ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ် ။ အဲဒီမရောက်သေးသရွေ့ကတော့ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး ။ ကျမတို့ အခု လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုနေရုံနဲ့ မပြီးသေးပါဘူး ။ ဒီဥပဒေတွေဟာ မှန်ကန်မျှတမှု ရှိရမယ် ၊ မှန်ကန်မျှတမှု ရှိနေရုံနဲ့လည်း မပြီးသေးဘဲ လေးစားလိုက်နာမှု ရှိရဦးမှာ ဖြစ်တယ် ။ သင့်တော်တဲ့ လမ်းစဉ်ရှိရမှာ ဖြစ်သလို မျှတတဲ့ ဥပဒေတွေလည်း ရှိရမယ် ။

အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊ ” နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား ” တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အရင်ဆုံးပြောရရင် အခြေခံဥပဒေက ကြားထဲ ခံနေတယ် ။ အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေ အပ်နှင်းထားတယ် ။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျမတို့ပြောလို့ မရပါဘူး ။

ဒါကြောင့်ဘဲ ကျမတို့က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသားပဋိပက္ခတွေ အဆုံးသတ်ရေးရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးရယ် သုံးချက်ကို ဒွန်တွဲထားတာပါ ။ ဒါတွေအားလုံးဟာ ဆက်စပ်နေပါတယ် ။ ဒီမိုကရေစီကို ပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခုကို ရကို ရမှဖြစ်မယ် ။ ဒီသုံးခုမှာ တစ်ခုမရှိရင် နောက်နှစ်ခုလည်း အလုပ်မဖြစ်ပါဘူး ။ အခြေခံဥပဒေကို မပြင်ဘဲ ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုတာမရနိုင်သလို ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး ။ ဒီလို ဆက်စပ်နေတာကြောင့်လည်း ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို ပြန်ရဖို့ဆိုတာကို အရမ်းကို အလေးထားဆောင်ရွက်နေကြတာပါဘဲ ။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့ ကျမတို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဒီထက်ပိုပြီး လုံခြုံစိတ်ချစွာနေလို့ရရပါမယ် ။ ” တရားဥပဒေစိုးမိုးမှု Rule of Law ” ဆိုတာ ” ဥပဒေနဲ့ အုပ်ချုပ်ခြင်း Rule by Law ” ဆိုတာနဲ့ မတူမှန်း ဒီက ဥပဒေကျောင်းသားတွေကို ရှင်းပြနေစရာမလိုဘူးလို့ ကျမထင်ပါတယ် ။ ဥပဒေတွေချည်းရှိရုံနဲ့ မရဘဲ မျှတတဲ့ ဥပဒေ Just Laws တွေလည်း ရှိဦးမှ ဖြစ်မှာပါ ။

ဒီတော့ မြန်မာပြည်ဟာ လမ်းအစမှာဘဲ ရှိပါသေးတယ် ။ ပြီးတော့ ဒီလမ်းဟာ ကျမတို့ သွားရမယ့် အခက်ခဲဆုံးလမ်းတစ်လမ်းဆိုတာကိုလည်း ကျမ မကြာခဏ သတိပေးပါတယ် ။ လူတော်တော်များများက တကယ့်အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီ လို့ ထင်ကြပါတယ် ။ ကျမကတော့ အဲဒီလို ပြောလို့ ရမယ်မထင်ပါဘူး ။ အဲဒီ အပြောင်းအလဲကောင်း breakthrough ကြီးကို ရဖို့ အခွင့်အရေးပေးခံရတာပါ ။ ဒါကြောင့် ကျမကတော့ အဲဒီ အပြောင်းအလဲကောင်းကြီးကို ” ရနိုင်တယ် ” လို့ဘဲ ပြောပါတယ် ။ ရသေးတာမဟုတ်သေးပါဘူး ။ ရအောင်လုပ်ဖို့ အခွင့်အရေးရတာဘဲ ရှိပါသေးတယ် ။

အဲဒီအပြောင်းအလဲကောင်းကို ရအောင်ဖန်တီးရာမှာ ကျမတို့မှာ အဘက်ဘက်က အကူအညီလိုပါတယ် ။ ဒီတော့ အခုလို စကားပြောခွင့်ရတာလေးကို အခွင့်ကောင်းယူပြီး ပြောပါရစေ……… မြန်မာပြည် တရားဥပဒေစိုးမိုးရေးပြန်လည်တည်ဆောက် ရာမှာ ကျမတို့ကို လူကြီးမင်းတို့က ကူညီပေးကြပါ ။ ကျမတို့မှာ ကျွမ်းကျင်တဲ့ တရားသူကြီးတွေလိုပါတယ် ။ ကျွမ်းကျင်တဲ့ ရှေ့နေတွေလိုပါတယ် ။ ကျမတို့တက္ကသိုလ်တွေမှာ ဥပဒေကျောင်းကောင်းကောင်းတွေ လိုနေပါတယ် ။

ကျမတို့ တရားရေးဌာနက လူတွေနဲ့ ဒီမိုကရေစီကို တကယ်ကျင့်သုံးတဲ့ တိုင်းပြည်တွေရဲ့ တရားရေးဌာနတွေကလူတွေကြား အဆက်အသွယ်တွေ လိုပါတယ် ။ လိုနေတာတွေတော့ တကယ့်ကို အများကြီးပါဘဲ ။ အခွင့်အရေးဆိုတဲ့ rights တွေနဲ့ တာဝန်ယူတတ်မှုဆိုတဲ့ responsibility တွေ အကြောင်းကိုလည်း ကျမတို့ ပြည်သူတွေ သေသေချာချာ ရေရေလည်လည် သိအောင် ပညာပေးမှုတွေ လိုအပ်နေပါတယ် ။

လူတွေက ဒီမိုကရေစီအခွင့်အရေးတွေကို အရမ်းလိုချင်ကြပေမယ့် တာဝန်တွေအကြောင်း ကိုတော့ အမြဲမသိချင်ကြပါဘူး ။ မြန်မာပြည်ဒီမိုကရေစီကိုတည်ဆောက်ချင်ရင် အဲဒီနှစ်ခုအပေါ်မှာ ညီတူညီမျှ အလေးပေးမှ ဖြစ်မှာပါ ။ ဥပဒေရဲ့ အကာအကွယ်ပေးမှုကို လိုချင်တဲ့ နိုင်ငံသားတွေဟာ သူတို့ကိုယ်တိုင်လည်း ဥပဒေကို စောင့်ထိန်းဖို့လိုပါတယ် ။ ဒါတွေအားလုံးကိုသာ ရအောင်လုပ်နိုင်မယ်ဆိုရင် မြန်မာပြည်ဟာ တကယ့်ကို သေချာတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုပြီး စိတ်ချလို့ ရပြီလို့ ကျမထင်ပါတယ် ။

နှစ်ပေါင်းများစွာကြာအောင် ဥပဒေစိုးမိုးမှုမရှိတဲ့ ဒဏ်ကို ကျမတို့ ခံကြရပါတယ် ။ ဆိုလိုတာက နောက်ထပ်ဘာဖြစ်မလဲဆိုတာ ဘယ်တော့မှ သေချာရေရာခြင်း မရှိခဲ့ပါဘူး ။ ဒါဟာ မြန်မာပြည်ရဲ့ တကယ်ဖြစ်နေတဲ့ အမှန်တရားတစ်ခုပါ ။ ” မနေ့ညက ဘယ်သူ့ကိုများဖမ်းသွားပြီလဲ ” လို့ နှစ်ပေါင်းများစွာကြာအောင် နေ့စဉ်နေတိုင်း ကျမတို့ ပါတီဝင်တွေ အချင်းချင်း မေးခဲ့ရပါတယ် ။ ဖမ်းတာတွေက များသေားအားဖြင့် ညသန်းခေါင်လောက်မှာ လာလာဖမ်းကြတာကို...
fb Ko Nay Myo

0 ယောက် အကြံပြုထားပါသည်:

Post a Comment