Saturday, April 30, 2011

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ - အပိုင်း (၄)

စာဖတ်ပရိတ်သတ်များခင်ဗျား

ယခုအပိုင်း မှာတော့ တပ်မတော်နှင့် နီးစပ်သူများက စစ်တပ်မှာ တော်သုံးတော် ရှိတဲ့အနက် အဖားတော်သူနှင့် အမျိုးတော်သူ ဘွဲ့နှစ်ဘွဲ့စလုံးအား ပိုင်ဆိုင်သူ အရာရှိကြီး ကတော် ညီအမ နှစ်ဦးရဲ့အကြောင်းနဲ့ တပ်မတော်အတွင်း ထင်ရှားတဲ့ သူတို့အကြောင်းများကို စာဖတ်ပရိတ်သတ်များ အကြိုက် ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများအဖြစ် ရေးသားပေးပို့ လာပါတယ်။ အခုလို ပေးပို့ လာတဲ့အတွက် စစ်ဖက်နီးစပ်သူများအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရင်း စာဖတ် ပရိသတ်များအား တင်ပြအပ်ပါတယ် ခင်ဗျား။

ဒေါ်တင်တင်နွဲ့နှင့် ဒေါ်တင်တင်ညွန့်တို့ ညီအမအရင်း နှစ်ဦးဟာ ပုသိမ်မြို့ဇာတိဖြစ်ကြပြီး တပ်မတော်အရာရှိဖြစ်တဲ့ သူတို့ရဲ့ အမျိုးသားတွေ ရာထူးတိုးတက်ရေး၊ နေရာကောင်း ရရှိရေးတို့အတွက် အဖားတော်ခြင်းနှင့် အမျိုးတော်ခြင်း စွမ်းရည်များကို ပိုင်ဆိုင်ခဲ့ကာ အစွမ်းကုန် လှုပ်ရှားခဲ့ကြတဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒေါ်တင်တင်နွဲ့ကို စစ်တပ် အသိုင်းအ၀ိုင်းမှာ မဖြူလို့ ခေါ်ကြပြီး ဒေါ်တင်တင်ညွန့်ကိုတော့ မနီလို့ သူတို့ရဲ့  အိမ်နာမည် အသီးသီးအား ခေါ်ကြပါတယ်။

မဖြူရဲ့အမျိုးသား ဗိုလ်ချုပ်မောင်မောင်ဆွေ (ယခု လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ယခင် လ၀က၀န်ကြီးနှင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး) ဟာ OTS (မှော်ဘီ ဗိုလ်သင်တန်းကျောင်း) မှ ဘွဲ့ရ အပတ်စဉ် (၄၇) ကြည်း/၁၂၈၂၉ ဖြင့် ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဗိုလ်ကြီးအဆင့်မှာ ပျားဂေဟာ သင်တန်းသို့ တက်ရောက်ခဲ့ကာ ပုသိမ်သူ (မမပုသိမ်သူ) စစ်သူနာပြု ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (မဖြူ) နဲ့ မဆရ (၂) စစ်ဆေးရုံမှာ တက်ရောက် ကုသနေစဉ်က တွေ့ဆုံကာ ဖူးစာဆုံခဲ့ခြင်း ဖြစ်ပါတယ်။

မဖြူဟာ လူမှုဆက်ဆံရေးမှာ အင်မတန်မှ ညက်ညောသူဖြစ်သလို သူမယောက်ျားရဲ့ အထက် အရာရှိကြီးများရဲ့  ဇနီးတွေနဲ့ စကားပြောဆိုရာတွင်လည်း ချွဲနွဲ့ကာ “ဟုတ်ကဲ့ရှင့်” အား “ရှင့်” နဲ့ “ကဲ့” ကိုဖြုတ်ကာ “ဟုတ်” တစ်လုံးထဲကိုသာ နားထဲစိမ့်နေအောင် တဟုတ်ဟုတ်နဲ့ သံယောင်လိုက် ပြောတတ် ထူးတတ်သူ ဖြစ်ပါတယ်။ စစ်သူနာပြု အမျိုးသမီးအရာရှိပီပီ လူတွေရဲ့ အကြောကို ကိုင်တတ်သူလည်း ဖြစ်ပါတယ်။ မဖြူဟာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ကတော် ဒေါ်မြမြစန်းနဲ့ စစ်သူနာပြု အမျိုးသမီး အရာရှိ (Nursing cadet) အချင်းချင်းပီပီ ညီအမသဖွယ် ရင်းနှီးမှု ရယူနိုင်ခဲ့သလို ဗိုလ်ချုပ် မောင်မောင်ဆွေဟာလည်း ဒေါ်မြမြစန်းရဲ့မောင်အရင်း ဖြစ်နေပြန်တာမို့ အလိုလို အတွင်းစည်းသို့ ၀င်ရောက်ပြီးသား ဖြစ်ခဲ့ပါတယ်။

ဒီတော့ကာ ဗိုလ်ချုပ်မောင်မောင်ဆွေဟာ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်လည်း ယောက်ဖတော်စပ်သူ ဖြစ်ပြီး အင်္ဂလန်မှ အကောင်းစား အရက်များကို သောက်မယ် ဆိုရင်တောင် ဗိုလ်မောင်အေးက ယောက်ဖကို သတိရပြီး အတူတူ အရက်သောက်ဖို့ သူတို့ အိမ်တော်ကြီးသို့ ခေါ်လေ့ခေါ်ထ ရှိပါတယ်။ တံခါးမရှိ ဓါးမရှိ ၀င်ထွက်နိုင်ခဲ့လို့ မဖြူဆိုရင် စစ်ရုံး အသိုင်းအ၀ိုင်းက လန့်ဖြန့်ကြရပါတယ်။

(NDC) နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၃) ကို ဗိုလ်ချုပ် မောင်မောင်ဆွေဟာ နတခ စစ်ဗျူဟာမှူး ဘ၀နဲ့ သင်တန်းတက်ရင်း အကောင်းဆုံး ပထမဆုအား ရရှိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများသာ တက်ရောက်ရမဲ့ အမြင့်ဆုံးသင်တန်းဖြစ်ပြီး တပ်မတော်ရဲ့ တတိယမျိုးဆက် (Third generation) လို့ ခေါ်ဆိုရမဲ့ သင်တန်းဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ ထူးချွန် ပထမဆု အဆင့် (၁) ရရင် တပ်မမှူးအဖြစ် Jump promotion ကြိမ်းသေရမှာမို့ အကြိတ်အနယ် ကြိုးစားကြပါတယ်။ အဲဒီသင်တန်းမှာ နာမည်ကြီး စာပေထူးချွန်သူများ၊ ငွေကြေးချမ်းသာသူများ၊ စစ်အာဏာရှင်များနှင့် ပတ်သက်ရာ ပတ်သက် ကြောင်း အမျိုး၊ သားတပည့် တော်စပ်ကြတဲ့ ကြည်း/၁၃၉၄၈ ဗိုလ်မှူးကြီး ကျော်သူ ၊ ကြည်း/၁၂၇၅၆ ဗိုလ်မှူးကြီး ထင်အောင်ကျော်၊ ကြည်း ၁၃၈၇၅ ဗိုလ်မှူးကြီး မြင့်လှိုင်၊ ကြည်း ၁၂၆၀၇ ဗိုလ်မှူးကြီး ရဲမြင့်၊ ကြည်း/၁၂၆၁၀ ဗိုလ်မှူးကြီး ခင်မောင်စိုး၊ ကြည်း/၁၃၀၇၉ ဗိုလ်မှူးကြီး လင်းသော်၊ ကြည်း/၁၂၈၂၀ ဗိုလ်မှူးကြီး ၀င်းသန်း စသည်တို့ကို ဗိုလ်မောင်မောင်ဆွေဟာ ကျော်ဖြတ်ပြီး အဆင့် (၁) ပထမဆုကို ရရှိသွားကာ သင်တန်းဆင်းတာနဲ့ တပ်မ (၇၇) တပ်မမှူး ဖြစ်သွားခဲ့ပါတယ်။ အဲဒီလို ပထမဆုရအောင်လည်း မဖြူက NDC ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စန်းအောင်ကို ချဉ်းကပ်ကာ မေးခွန်းများရရှိရေးနှင့် အမှတ် ကောင်းကောင်း ရရှိရေးကို အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

သူ့ရဲ့သား ကောင်းကျော်ဆွေအနေနဲ့လည်း တပ်မတော် ဆေးတက္ကသိုလ်မှာ တက်ရောက် သင်ကြားလျှက်ရှိရာ စာမေးပွဲများတွင် အဆင့်ကောင်းကောင်း ရနေတာတွေဟာ မဖြူရဲ့ စွမ်းဆောင်ချက်ကြောင့် ဖြစ်ပြီး မေးခွန်းများ ကြိုတင်ရရှိထားလို့ ဖြစ်ပါတယ်။ ကောင်းကျော်ဆွေ စာကြည့်ပြီဆိုရင် သူငယ်ချင်း ကျောင်းသားများက ၀ိုင်းဖွဲ့ပြီး သူကျက်တာ လိုက်ကျက်ကြတဲ့အထိ သဘောပေါက် နေကြပါတယ်။

ဗိုလ်ချုပ်မောင်မောင်ဆွေဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီမှူး တတိယတန်း (G-3) (ပြည်သူ့စစ်) နဲ့ စစ်ဦးစီးမှူး ဒုတိယတန်း (G-2) စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ခမရ (၃) ဘီးလင်းမြို့ မှာ ဒုတိယ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သထုံအခြေစိုက် တပ်မ (၄၄) လက်အောက်ခံ တပ်ဖြစ်လို့ ကြမ်းတမ်းတဲ့ ကရင်ပြည်နယ်လို ရှေ့ တန်း စစ်ဆင်ရေးဂွင်ကို ၀င်ရမယ်ထင်ပြီး စာဖတ်ပရိသတ်များအနေနဲ့ ပူပင်သောက မရောက်လိုက်ကြပါနဲ့။

ဒုတပ်ရင်းမှူးအဖြစ် ရောက်ပြီး နှစ်လလောက်သာနေရကာ တပ်ရင်းမှူးသင်တန်းကို ဗထူးမှာ သွားရောက်တက်ရပါတော့တယ်။ ယခင်က တပ်ရင်းမှူး သင်တန်းမှာ (၆) လ တက်ရောက်ရပြီး ဗိုလ်မောင်မောင်ဆွေ တက်တဲ့နှစ်မှာဘဲ (၄) လသာ တက်ဖို့ မူဝါဒ ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်မောင်မောင်ဆွေဟာ သင်တန်းဆင်းဆင်းချင်းမှာဘဲ ခလရ (၁၈) ဟင်္သာတမြို့မှာ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ ရပါတော့တယ်။ ၎င်းနောက် ဗိုလ်ချုပ် မောင်မောင်ဆွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ရာထူး တိုးသွားပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဗျူဟာမှူး အဖြစ် ဆက်လက်ရာထူးတိုးခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် ပထမရလို့ဆိုကာ ဒုတပ်မမှူး၊ ဒုတိုင်းမှူး မဖြစ်တော့ဘဲ Jump promotion တပ်မ (၇၇) တပ်မမှူးအဖြစ် တိုက်ရိုက် ရာထူးတိုးသွားပြီး ထိုမှတဖန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ဆက်လက် ရာထူးတိုးသွားပါတယ်။ ဗိုလ်ချုပ် မောင်မောင်ဆွေဟာ သဘောကောင်းပြီး အေးဆေးစွာ နေတတ်သူဖြစ်ကာ စစ်ရေးစစ်ရာတွင်မှု ထက်မြက်သူ မဟုတ်ဘဲ နောက်ကွယ်က မဖြူရဲ့ စွမ်းဆောင်ချက်များကြောင့် ရာထူးတိုးခဲ့သူ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် အဖါးတော်သလို အမျိုးတော်လို့ အခုလို ဒုံးပျံပမာ တဟုန်ထိုး ရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မောင်မောင်ဆွေဟာ တပ်မ (၇၇) တပ်မမှူးမှ တိုင်းမှူးသို့ မျှော်မှန်းနေချိန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်သန်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ရာထူးတက်သွားလို့ ထိပ်တန်း တိုင်းမှူး ရာထူးနေရာဖြစ်တဲ့ အဲဒီ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ရာထူးနေရာသို့ ၀င်ရောက်နိုင်ဖို့ မဖြူအနေနဲ့ ကြိုးစားပါတော့တယ်။


ဗိုလ်ချုပ် မောင်မောင်ဆွေအား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်


ဒါပေမဲ့ပေါ့ ခင်ဗျား…. အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်မြင့်ဆွေ (ဗိုလ်သန်းရွှေ အိတ်ကို အတင်းဆွဲကာ ဖါးလွန်းလို့ အိတ်ဆွဲမြင့်ဆွေဟု တပ်အသိုင်းအ၀ိုင်းမှ ခေါ်သူ) ကိုယ်တိုင်က သူ့ထက်ကဲ အမျိုးတော် အဖါးတော်ကာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ပြန်ပြောင်းလို့ ရအောင် ကြိုးစားသွားနိုင်ခဲ့ပါတယ်။ ဆိုလိုတာက ဗိုလ်မြင့်ဆွေနဲ့ သူ့ရဲ့ဇနီး ဒေါ်ခင်သက်ဌေး နှစ်ဦးစလုံးဟာ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် တို့အား အဖားတော်လွန်းသူများ ဖြစ်ကြပြီး သထုံသား ဗိုလ်မြင့်ဆွေဟာ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေမျိုးနီးစပ် တော်စပ်နေတာကြောင့် ဒေါ်တင်တင်နွဲ့ (မဖြူ) ခမျာ လင်တော်မောင်ကို ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်အောင် မလုပ်နိုင်ခဲ့ဘဲ နောက်ကောက် ကျခဲ့ရပါသေးတယ်။

ဗိုလ်မောင်မောင်ဆွေက ခပ်အေးအေးနေတတ်ကာ ယောက်ဖ ဒုတပ်ချုပ် ဗိုလ်မောင်အေး တစ်ယောက်လုံး ရှိနေပြီး ဖြစ်လို့ ဖါးတဲ့ကိစ္စမှာ ဗိုလ်မြင့်ဆွေလောက် မလုပ်ချင်တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ထမ်းဆောင်ခဲ့စဉ် သူ့ရဲ့ အထက်အရာရှိ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်သူ ဒုဗိုလ်မှူးကြီး စိုးဝင်း (ရဲချုပ်ဟောင်း) က သူတို့ လင်မယားနှစ်ယောက်အား စစ်ကုန်ကူးစားသူ အဖြစ် ရှုတ်ချ ဝေဖန်ခဲ့ဖူးပါတယ်။

အဲဒီလို ပြောရတဲ့ အကြောင်းရင်းကတော့ ဗိုလ်မောင်အေးက အရာရှိများ အပြောင်းအရွေ့ကိုင်တာ ဖြစ်လို့ ဒေါ်မြမြစန်းနဲ့ မဖြူတို့ထံ အရာရှိတွေဟာ ပြောင်းရွှေ့ရေးအတွက် လိုင်းဝင်ကြရပါတယ်။ အဲဒီလို လိုင်းဝင် ချဉ်းကပ်ထားသူတွေကိုဆိုရင် ဒုတပ်ချုပ်ရဲ့ P.A ဒုဗိုလ်မှူးကြီး ဘိုဝင်းထွန်းက ဒေါ်မြမြစန်း အမိန့်နဲ့ စစ်ရာထူးခန့်ချုပ်ထံ စာရင်းပေးလိုက်ရုံဖြင့် အလိုရှိသလို ပြောင်းရွှေ့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒ့ါကြောင့် လက်အောက်ငယ်သားများ အနေနဲ့ ဒေါ်မြမြစန်းထံ တိုက်ရိုက်ဝင်ဖို့ ခက်ခဲလို့ မဖြူထံကိုသာ ချဉ်းကပ် ၀င်ရောက်ကြရပါတယ်။ NDC သင်တန်း တက်နေတုန်းကလည်း သင်တန်းသားချင်း အတူတူ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဖုန်းမြင့်ရဲ့ ဇနီးဟာ သင်တန်းကို စိတ်မ၀င်စားတော့ဘဲ နယ်ဘက် ၀န်ကြီးဌာနကို ပြောင်းရွှေ့ပေးဖို့ မဖြူအား လာရောက်အကူအညီ တောင်းခဲ့ဘူးပါတယ်။

ဗိုလ်မောင်မောင်ဆွေဟာ ငယ်စဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး တတိယတန်း (G-3) နှင့် စစ်ဦးစီးမှူး ဒုတိယတန်း (G-2) အဆင့်များကို ဆက်တိုက် ရာထူးရရှိခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခုကလည်း ထိုစဉ်က တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မျိုးညွှန့်ရဲ့ ဇနီး စင်္ကာပူသို့ သွားရောက် ဆေးကုသမှု ခံယူစဉ် မဖြူဟာ အဖားတော်သူ စစ်သူနာပြုပီပီ အတူတူ လိုက်ပါသွားခွင့်ရယူကာ ပြုစုပေးရင်း လင်တော်မောင်အတွက် နေရာကောင်း ရရှိရေး ပြောဆိုခွင့် ရရှိခဲ့လို့ ဖြစ်ပါတယ်။

အလားတူ သူရရှိခဲ့တဲ့ တပ်မ (၇၇) တပ်မမှူးရာထူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ G- 1 နဲ့ တိုင်းမှူးရာထူးများဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းက လက်ရွေးစင် ရာထူးနေရာများ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟာ အခြားတိုင်းမှူးများထက် ပိုမိုချမ်းသာပြီး န၀တ ခေတ်က နမခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် ထောနေတာကို မပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဘက ပြုံးကာ နည်းပါသေးတယ်လို့ ခနဲ့ခဲ့ဖူးကြောင်း သိရပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မြန်မာပြည် တစ်ပြည်လုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတ အဖိုးတန် ကျောက်မျက်ရတနာများနဲ့ ကျွန်းသစ်တွေ၊ သစ်တောတွေအပြင် ယခုအခါ ယူရေနီယမ်တွေပါ ထွက်ရှိ ပိုင်ဆိုင်နေလို့ ဖြစ်ပါတယ်။ သာမန် G-1 တစ်ဦးဆိုရင် တိုင်းမှူးဖြစ်လာပါက G-1 လုပ်ခဲ့တဲ့ တိုင်းစစ်ဌာနချုပ်သို့ နှစ်ခါပြန် ပြန်ရောက်ဖို့ အခွင့်အလမ်း နည်းပါးနေသော်လည်းပဲ မဖြူဟာ သူ့ရဲ့အမျိုးသားအား မပခတိုင်းမှူးရာထူး နေရာကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ မဖြူဟာ ရှေ့ရေးကိုမျှော်တွေးကာ သူ့ရဲ့သား ကောင်းကျော်ဆွေကိုလည်း တပ်မတော် ဆေးတက္ကသိုလ်သို့ တက်ရောက်စေခဲ့ပါတယ်။ သားတစ်ယောက် သမီးတစ်ယောက်သာ ရှိပြီး သမီးကြီး အိသက်သက်ဆွေနာမည်နဲ့ စိတ်ချရတဲ့ နိုင်ငံတကာဘဏ်များမှာ ငွေကြေး ဒေါ်လာပေါင်း မြောက်များစွာကို အပ်နှံထားရှိပါတယ်။

အဲဒီနောက် ဗိုလ်မောင်မောင်ဆွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘ၀ ကချင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် တရုတ် - မြန်မာ မှောင်ခိုကုန်သည်များရဲ့ သစ်လုံးများ နယ်စပ်ခိုးထုတ်တဲ့ ပြဿနာနဲ့ အဂတိ လိုက်စားမှုမှာ သင်္ကာမကင်းဖွယ်ရာ သတင်း ထွက်ပေါ် လာရာက ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ပြောင်းရွှေ့ ခြင်း ခံခဲ့ရပါတယ်။ ကမ်းရိုးတန်း တိုင်းမှူးအဖြစ် သိပ်မနေလိုက်ရဘဲ တပ်ချုပ် ဗိုလ်သန်းရွှေက မကျေနပ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို မပေးတော့ဘဲ နယ်ဘက် ပြောင်းခိုင်းပါတော့တယ်။ ယောက်ဖ တော်သူ ဒုချုပ် ဗိုလ်မောင်အေးက နှစ်သိမ့်ဆုအနေနဲ့ သူ့ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးအပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးကိုပါ ပူးတွဲ ကိုင်တွယ် ထမ်းဆောင်ခိုင်းလို့ အောင်ဖျာလိပ်ရင်း ပြောင်းရွှေ့ခဲ့ရပါတယ်။

မဖြူရဲ့အစ်မ အရင်း မနီကတော့ ယခု သမ၀ါယမ၀န်ကြီး (ယခင် လျှပ်စစ်စွမ်းအားဝန်ကြီး၊ ရပခ တိုင်းမှူး ၊တပ်မ (၃၃) တပ်မမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သူ OTS အပတ်စဉ် (၃၀) ကျောင်းဆင်း ဗိုလ်ချုပ်တင်ထွဋ်ရဲ့ဇနီး ဖြစ်ပါတယ်။ သူတို့ ညီအစ်မ အချင်းချင်း Power ချင်းတောင် မတူညီကြဘဲ မဖြူက အမျိုးတော်လို့ မနီထက် ပိုပြီး အစွမ်းထက်ပါတယ်။ မနီရဲ့ အမျိုးသား ဗိုလ်ချုပ်တင်ထွဋ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀တုန်းက မဖြူထံ လာရောက်ပြီး ဒုတပ်ချုပ် ဗိုလ်မောင်အေး ရွှေစိတ်တော်ညှိးနေလို့ အကြောဖြေခိုင်း ခဲ့ရပါသေးတယ်။

ဗိုလ်ချုပ်မောင်မောင်ဆွေနဲ့ ဗိုလ်ချုပ်တင်ထွဋ်တို့ဟာ မယားညီအစ်ကိုဖြစ်ကြလို့ စစ်တပ် အသိုင်းအ၀ိုင်းက ဒုချုပ် ဗိုလ်မောင်အေး အရှိန်အ၀ါကြောင့် သူတို့မိသားစုများအား ကြောက်ရွံ့ နေကြရပါတယ်။ မဖြူက စစ်သူနာပြု အရာရှိ ဖြစ်သလို မနီကလည်း ကျောင်းဆရာမ ခေတ်ပညာတတ် တစ်ဦးဖြစ်တာမို့ ထက်မြက်လှသူတွေ ဖြစ်ကြပါတယ်။ ဒီလို ထက်မြက်ပြီး ဒုချုပ်ရဲ့ မိသားစုဖြစ်တဲ့ အတွက် သူတို့ကို ဘွားတော်ကြီး ဒေါ်ကြိုင်ကြိုင်က သူတို့ထက် ပိုပြီးထက်မြက် အကွက်မြင်ကာ ဘေးဖယ်လိုက်ရင်း အခုဆိုရင် ချောင်ထိုးထားလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ ရရှိတဲ့ ၀န်ကြီးဌာနတွေဟာ ခပ်ညံ့ညံ့တွေသာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် မဖြူနဲ့ မနီခေတ်က ၂၀၀၆ ခုနှစ်ထိ တပ်မတော်မှာ အရှိန်အ၀ါကြီးခဲ့သလို တစ်ခေတ်တကာလ ထခဲ့ဖူးပြီး စစ်တပ်ရဲ့ တော်သုံးတော်ထဲက အဖားတော်သူနဲ့ အမျိုးတော် သူများအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သူများ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

ဖိုးတရုတ်ကင်း

Friday, April 29, 2011

စစ်စည်းကမ်းနှင့် လက်ရှိတပ်မတော်

“လေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘာတွေကြံစည်နေသလဲ” ဆောင်းပါးနဲ့ “လေတပ်သားတစ်ဦး၏ ဘဝကောက်ကြောင်း” ဆောင်းပါးတွေကို ဖတ်ရူရင်း တပ်မတော်သား တစ်ဦးအနေနဲ့ အနာဂတ် တပ်မတော်အတွက် ရင်လေးလာမိပါတယ်။ ကြည်းတပ် လက်အောက်ခံ ခြေလျင်တပ်တွေမှာ အဓမ္မ တပ်သားသစ် စုဆောင်းမှုတွေ၊ ကလေးစစ်သား ပြဿနာတွေ တက်နေချိန်မှာ လေတပ်ကလည်း တပ်သားသစ် တစ်ဦးလျှင် ကျပ် ၁ဝဝဝဝဝ ပေးကာ တပ်မှူးတွေက စုဆောင်းနေတယ် ဆိုတဲ့အတွက် ခြေလျင်တပ်တွေအဖို့ အံ့သြကြရပြန်ပါတယ်။

ဒါပေမယ့်လည်း လေယာဉ်ဆီတွေအကြောင်း သိရပြန်တော့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတဲ့ မြန်မာ့လေတပ် အခြေအနေကို နားလည်လာရပါတယ်။ ၁၉၉၂ မှ ၂ဝ၁ဝ အထိ ကာလအတွင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် အကြီးအကဲ တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေသည့်တိုင် တပ်မတော်မှာ ဘာတွေ တိုးတက်လာသလဲဆိုတဲ့ ဆန်းစစ်မှုကို ယနေ့တပ်မတော်သား အဆင့်အတန်းအားလုံးက စနစ်တကျ ပြုလုပ်သင့်ပါပြီ။ အရာရှိ/စစ်သည် အင်အား (၅) သိန်း ပြည့်မှီရေးအတွက် အသည်းအသန် စုဆောင်းခိုင်းပြီး ဖွဲ့စည်းပုံများ ချဲ့ထွင်ကာ တပ်ရင်းတွေ မှိုလိုပေါက်လာတာနဲ့အမျှ စစ်လက်နက် အသစ်အဆန်းတွေ ဝယ်ထားတာဟာ တပ်မတော်ကြီး တိုးတက်လာတာ အစစ်အမှန်တော့ မဟုတ်ပါဘူး။

အရာရှိ/စစ်သည်တွေ မိသားစုတွေရဲ့ အခြေအနေဟာ ဘာတွေများ တိုးတက်လာပါသလဲ၊ ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးမှာ အသာစီးရဖို့သာ လုံးပန်းနေတဲ့ တပ်ချုပ်ကြီး အပါအဝင် ဗိုလ်ချုပ်အဆင့်ထိသော အရာရှိကြီးများသည် တပ်လုပ်ငန်းများထက် အရပ်ဘက် အုပ်ချုပ်ရေး လုပ်ငန်းများမှတဆင့် မိမိ၏ စီးပွါးရေးလုပ်ငန်းများကိုသာ အာရုံစိုက် လုပ်ကိုင်နေသည်မှာ မြင်သာသော သက်သေများပင် ဖြစ်ပါတယ်။


အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်ရမည်ဟူသော မူအရ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ လွှတ်တော် အသီးသီးမှာ တပ်မတော်သား (၂၅%) ပါဝင်ရန်အပြင် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီတွင်လည်း တပ်မတော်သား အင်အားစုများ အားဖြည့်ထားရှိပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံရေး အခန်းကဏ္ဍမှာလည်း တပ်မတော်ကို လုံးလုံးလျားလျား ပါဝင် ပတ်သက်စေဖို့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ တပ်မတော် အကြီးအကဲတွေ နိုင်ငံရေးမှာသာ စိတ်ဝင်တစား ဆောင်ရွက်နေခဲ့တဲ့ ၁၉၈၈ မှ ၂ဝ၁ဝ ခုနှစ် ကာလအတွင်းမှာ တပ်မတော်သားတို့ရဲ့ ဘဝတွေဟာ အာဆီယံ တပ်မတော်အချင်းချင်းတွင်ပင် အောက်ကျ မျက်နှာငယ် နေခဲ့ရပေရာ ရှေ့ဆက်ရမယ့် ခရီးအနေနဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။

ထိုသို့သော အတွေးများဖြင့် ရှိနေစဉ် စစ်ရေးချုပ်ရုံး၊ ရေး ၃ မှ ထုတ်ပြန်လိုက်သော အမိန့်နှင့် ညွှန်ကြားချက်များ စာအုပ်ပါ ၁၊၃၊၁၉၉၁ ရက်စွဲနဲ့ စာအမှတ် ၇ဝ၁/၂၄/ရေး ၃ (ခ) ဖြင့် စစ်ရေးချုပ်ရုံးမှ “တပ်မတော်သားများ နိုင်ငံရေးပါတီများနှင့် ပတ်သက်ခြင်း မရှိစေရေး” ဟူသော စာကို ဖတ်မိခဲ့ရပါတယ်။ ဦးရွှေမန်းခေါ် ယခင် ဗိုလ်ချုပ်ကြီးရွှေမန်းက ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ ဆိုခဲ့သော်လည်း လက်တွေ့နယ်ပယ်တွင် ဥပဒေအထက်မှာ စစ်ဗိုလ်ချုပ်များ ရှိနေသည် ဆိုတာကို ရှင်းလင်းချက် မပေးခဲ့ပါ။

စစ်စည်းကမ်းသည် တပ်မတော်၏ အသက်ခန္ဓာဟု ဆိုပါလျှင် ဤအမိန့်အတိုင်း လိုက်နာရပါမည်လား.... ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်သင့်ပါသလား...... ပြည်ခိုင်ဖြိုးပါတီဟာ စတင်ဖွဲ့စည်းကတည်းက ရည်ရွယ်ချက်အနေနဲ့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရမှာဖြစ်သလို နိုင်ငံရေးနှင့် ပတ်သက်ခြင်း မရှိစေရဆိုပြီး နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲသွားတာ ဘာကြောင့်ပါလဲ… နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးသည် တီထွင်ပေးအပ်ခြင်း ဖြစ်ပါသည်ဟု ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အရေးယူခဲ့စဉ်က ပြောခဲ့ဖူးသည်ကို အမှတ်ရမိပါတယ်။ ထိုသို့ဆိုလျှင် နိုင်ငံတော်ဝန်ကြီးချုပ်သည် စစ်ဘက်ရာထူးကဲ့သို့ပင် သတ်မှတ်ရမည်လား.....၂ဝ၁၀ က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် တပ်မတော် သည်လည်းကောင်း တပ်ချုပ်သည်လည်းကောင်း ဘယ်ပါတီဘက်က ရပ်တည်ခဲ့ပါသလဲ.... နိုင်ငံတော် ၀န်ကြီးချုပ်အဆင့်သည် ၀ါစဉ်အရ အဆင့် နံပါတ် (၁) မဟုတ်ဘဲ နံပါတ် (၄) ရှိနေရာ နိုင်ငံတကာရှိ ထိပ်သီးအစည်းအဝေးတွေမှာ သူ့အား မျက်နှာပြောင်တိုက် တက်ခိုင်းခြင်းဖြင့် နိုင်ငံအတွက် ဆုံးဖြတ်ပေးမဲ့ပုဂ္ဂိုလ် မဟုတ်တာမို့ ဘာကြောင့် ဗိုလ်ချုပ် သန်းရွှေက မတက်ရတာလဲ…ပြောင်လည်းပြောင်တဲ့ သမ္မတသိန်းစိန် လက်အောက်က တိုင်းသူပြည်သားတွေ ဘာဆက်လုပ်ကြရမလဲ။

တပ်တွင်းမိသားစုများအား အတင်း ဝင်ခိုင်းထားခဲ့တဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ကြီးနဲ့ ပြည်ခိုင်ဖြိုးပါတီ အတူတူပဲလား..... မေးခွန်းများစွာရဲ့ အဖြေများထဲမှာ အရာရှိ/စစ်သည်တွေရဲ့ ဘဝ အိပ်မက် များစွာဟာ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေကြရဆဲ ဖြစ်ပါတယ်။ ယခင် မဆလ ခေတ်တုန်းက တပ်မတော်သားများ အနေနဲ့ ပါတီ မ၀င်မနေရ ၀င်ခဲ့ကြရသလို ယခုတဖန် ကြံ့ဖွံ့ပါတီ ၀င်ခိုင်းပြန်တာလည်း မိအေး နှစ်ခါနာဖို့အရေးသာ တွေးမြင်နေရလို့ မဆလကို ဖြုတ်ချသလို ကြံ့ဖွံ့ကို ဖြုတ်ချကြဖို့နဲ့ တပ်မတော်နဲ့ပြည်သူ လက်တွဲပြီး နိုင်ငံ့ခေါင်းဆောင် အတုအယောင်တွေကို ဖယ်ရှားကြပါစို့လို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။

ဆောင်းပါးရှင် - ဝေဟင်

အမေ့အိမ်မှကျေးဇူးတင်စကား။

သင်္ကြန်အပြီးမှာ ပြင်ဆင်တိုးချဲ့  ဆောက်လုပ်ပြီး အမေ့အိမ်ပညာဒါနကျောင်းကို
အားလုံးဝမ်းသာရအောင် တင်ပေးလိုက်ပါတယ်။ သင်္ကြန်တွင်းမှာ
ကျောင်းကော်မတီဝင်တွေအနားမယူပဲ လုပ်အားပေးခဲ့လို့ အမေ့အိမ်ဟာ
အခုဆိုတိုးတက်ကျယ်ဝန်းလာခဲ့ပါပြီ။


ပိုပြီးသပ်ရပ်ကျယ်ဝန်းလာတဲ့အမေအိမ့်မှာ တိုင်းပြည်ရဲ့ 
ရတနာလေးတွေအေးချမ်းစွာ ပညာသင်ယူနေကြပါပြီ
(၁) ကျောင်းကော်မတီရဲ့  ကြိုးစားအားထုတ်မှု
(၂) အလှူရှင်များရဲ့ စေတနာထက်သန်မှု
(၃) ကျောင်းသားမိဘတွေရဲ့  ၀ိုင်းဝန်းကူညီမှု
(၄) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ နားလည်လက်ခံပေးမှု
တို့အပေါ်အထူးကျေးဇူးတင်ပါကြောင်း မင်္ဂလာရှိတဲ့ နှစ်သစ်ဦး မှာ အားလုံးရဲ
့ကိုယ်စားပြောပါရစေ။
ကျောင်းကော်မတီဝင်များရဲ့ ပြောကြားချက်အရ Summer Course အားလုံးကို May
29th မှကျောင်းဆင်းလက်မှတ်အပ်နှင်းပွဲနဲ့ ဆရာကန်တော့ပွဲ ကျင်းပမယ်လို့
သိရပါတယ် ။
၂၀၁၁-၁၂ ပညာသင်နှစ် သင်တန်းတွေကိုတော့ 1st June နေ့မှ
ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ် ။
1st June မှ Computer သင်တန်းကိုလည်း စတင်သင်ကြားပေးနိုင်အောင်
ကြိုးစားနေပါတယ် ။ လောလောဆယ် Computer သုံးစုံ အလှူခံရရှိထားပါပြီ ။
တိုးချဲ့ ထားတဲ့ အဆောင်အနေအထားအရ Computer ရှစ်လုံးလောက်အထိတပ်ဆင်
သင်ကြားပေးနိုင်မှာဖြစ်ပါတယ် ။ မိမိတို့မှာ အသုံးမ၀င်ပိုလျှံနေတဲ့ Model
နိမ့် Computer အဟောင်းများကို ပညာဒါနအဖြစ် လှူဒါန်းနိုင်ပါတယ် ။
စာကြည့်တိုက်ငယ် တစ်ခုလည်း ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် စာအုပ်စာတမ်း
ဂျာနယ်များလည်း လှူဒါန်းနိုင်ပါတယ် ။

အလှူရှင်များ အားလုံး ပညာပါရမီ ပြည့်ဝကြပါစေ။

ကျောင်းလိပ်စာ။ ။အမှတ် ( ၅၄၈ ) မေခလမ်း (၁၄) ရပ်ကွက် (ပင်လုံဈေးအနီး)
လှိုင်သာယာမြို့နယ်


IMG_3492.JPG


IMG_3494.JPG


IMG_3495.JPG


IMG_3496.JPG


IMG_3499.JPG


IMG_3500.JPG


IMG_3501.JPG




ပြည်တွင်းကိုငယ် ( 09 5162060)


Thursday, April 28, 2011

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့်နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ်ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သောအဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲမှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကမြ၀တီမှာ ထိုင်းနဲ့မြန်မာရဲတွေ အထူးစည်းဝေးပွဲလုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေကို ထိုင်းဘက်ကအရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံအထောက်အထားတွေထဲမှာ မြန်မာအတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက်အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိကဆွေးနွေးသည့်အချက်တွင် မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများသည် ထိုင်းဘက်တွင်အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့များက ပြုလုပ်နေခြင်းဖြစ်သည့်အတွက် ထိုင်းဘက်မှအမြန်ဆုံး အရေးယူမှုများပြုလုပ်ပေးရန်ပါရှိသည်ဟု သိရသည်။

ယမန်နေ့ကပြုလုပ်သည့် ထိုအထူးစည်းဝေးပွဲသို့ ထိုင်းနိုင်ငံတာ့ခ်ခရိုင်ရဲမှူးကြီး Pol. Maj.Gen Chamlong Nomsian နှင့် အတူ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ ထိုင်းလ၀က၊ ကာကွယ်ရေးဌာန၊ နယ်ခြားကော်မတီ စသည့်အဖွဲ့များမှ အဆင့်မြင့် အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်မှ မြ၀တီခရိုင် ရဲမှူး ဒုရဲမှူးကြီး ခင်ကျော်၊ ရဲမှူး လေးစိုး(ဦးစီး)၊ ရဲမှူး လင်းဦး(သတင်းတပ်ဖွဲ့)၊ ဒုရဲမှူး အောင်ငွေ၊ ဒုရဲမှူး ကြီးရွှေ(လူကုန်ကူး-အထူး)၊ ဒုရဲမှူး စောလေးဝါး(မူးယစ် အထူး)၊ ရဲအုပ်သိန်းလွင်(မူးယစ်အထူး-BLO)၊ ရဲအုပ် အောင် မျိုးလွင် နှင့် ဒုရဲအုပ် ဆွေလတ် တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးမှ နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီချက်အရ မကြာမီ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နှင့် မြ၀တီခရိုင်အတွင်း ရာဇ၀တ်မှုနှိမ်နှင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လာနိုင်သည်ဟု မဲဆောက်ရှိဝါရင့် ထိုင်း သတင်းထောက် တဦးက ပြောဆိုသည်။

ဧရာဝတီ

Wednesday, April 27, 2011

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၃)

သန်းရွှေအလှည့်တော့ မနွဲ့နဲ့ပေါ့

ယနေ့ စစ်အာဏာရှင်နဲ့ မိသားစုတွေရဲ့  နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့ကြတယ်။ ဘယ်လို ဖောက်ပြန် ခဲ့ကြတယ်။ ဘာတွေ ကြံစည်လှုပ်ရှားခဲ့တယ် ဆိုတာတွေကို ပြည်တွင်းက တပ်မတော် အရာရှိတစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ ပြည်တွင်းက တပ်မတော် အရာရှိ တစ်ဦးအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူး တင်ရှိပါတယ်။

အပျော်ကြူးတဲ့ ဘဏ္ဍာရေးဝန်ကြီး ပွဲစားကြီး တေဇနဲ့ သာရင်မြတ်တို့ဟာ နိုင်ငံခြားက စစ်လက်နက် ပစ္စည်းတွေကို ၀ယ်ပေးပြီးတာနဲ့ သူတို့ နိုင်ငံခြားငွေ စိုက်ထားတာ ပြန်ရအောင် ဘဏ္ဍာရေး ၀န်ကြီးထံ ချဉ်းကပ်ထားရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံတော် ဗဟိုဘဏ်ကနေ မြန်မာငွေ ပြန်ထုတ် ပေးရတာမို့ ဘဏ္ဍာရေး ၀န်ကြီးရဲ့ လိုအပ်တာ မှန်သမျှ အပျော်ကြူးဖို့ပါ ပိုက်ဆံအုပ်လိုက်ကိုင်ပြီး သူတို့နှစ်ဦးက ဖြည့်ဆည်း ပေးရပါတယ်။

ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဦးခင်မောင်သိန်း ဆိုရင် နိုင်ငံခြား သွားရင် ဟိုတယ်တွေမှာ ကာမ သောင်းကျန်း ပျော်မြူးဖို့ ဇိမ်မယ်ကောင်မလေး နုနုထွဋ်ထွဋ်လေး နှစ်ဦးကို ပွဲစားကြီး တေဇနဲ့ သာရင်မြတ်တို့က သူ့အခန်းထဲကို ထည့်ပေးရပါတယ်။ ထည့်ပေးပုံ ထည့်ပေးနည်းက ဦးခင်မောင်သိန်း အိပ်ဖို့ အခန်းနဲ့ ကောင်မလေးတွေ အိပ်ဖို့ အခန်းရှိရာ အဲဒီအခန်း (၂) ခန်းကို ဆက်ရက် ထားပြီးတော့ အလယ်မှာဖွင့်လို့ရတဲ့ တံခါးအရှင် ရှိတဲ့ အနေအထားမျိုး စီစဉ်ငှားရမ်းပေးရပါတယ်။ ကောင်မလေး နှစ်ဦးကို မကြိုက်ရင် လဲလှယ် ပျော်ပါးလို့ ရအောင် စိတ်ကြိုက် စီစဉ်ပေးတဲ့သဘော ဖြစ်ပါတယ်။ အဲဒီ အခန်းတွဲကြီးကို ဘယ်သူမှ ၀င်မရဘဲ ပွဲစားကြီးတွေ ငှားရမ်းထားတဲ့ မန်နေဂျာမှ ရှေ့က ကြိုတင် စီစဉ်ပေး ထားရပါတယ်။ ဒီလို တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ပြီးတော့ သောင်းကျန်းနေကြတဲ့ နအဖ ၀န်ကြီး တွေရဲ့ အကျင့်စာရိတ္တဟာ အပြင်ဘမ်းမှာတော့ လူကြီးလူကောင်းပုံ ဖမ်းနေတာဟာဖြင့် အော့နှလုံးနာစရာ ကောင်းလှပါကြောင်း တင်ပြလိုက်ရပါတယ်။


ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် ရက်အနည်းငယ်လောက် အလိုမှာ ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို ရှမ်းပြည်မှာ သွားဖူးပါတယ်။ အဲဒီမှာ ပြာပြာသလဲ ကြိုဆိုကြတဲ့ စစ်ဗိုလ်တွေ စစ်အရာရှိတွေ ကြားထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ရဟတ်ယာဉ်ပေါ်က ဆင်းလာပြီး ယာဉ်တန်းနဲ့ ဆိုက်ရောက်လာတဲ့ ဗိုလ်ခင်ညွန့်ကို ဆရာတော်ကြီး ရုပ်ကလပ်ထားရာ ဗိမာန်ဆောင်ရှေ့ကနေ ကြိုပြီးစောင့်တဲ့ စစ်အရာရှိ နှစ်ဦးက ကိုယ်ရေး အရာရှိ PA တွေ အနီးကပ် မပါလာတဲ့ ဗိုလ်ခင်ညွန့်ကို သူစီးလာတဲ့ ရှုးဖိနပ်အား ထိုင်ချွတ်ပေး လိုက်ပါသတဲ့။

အရင်တုန်းက အထာသိတဲ့ ကိုယ်ရေး အရာရှိတွေက ဗိုလ်ခင်ညွန့်ရဲ့ ဖိနပ်ကို ဇစ်အသာဖွင့် ချွတ်လိုက်ပေမယ့် အထာမသိသေးတဲ့ အရာရှိတစ်ဦးက ဖိနပ်ကြိုးကို ဆွဲဖြုတ်ပြီးတော့ ဖိနပ်ကို ဆွဲချွတ်လိုက်ပါသတဲ့။ အဲဒီမှာတင် ရုတ်တရက် ဗိုလ်ခင်ညွန့်ဟာ ဒေါသတွေ တဟုန်းဟုန်းထွက်ပြီး ဆွဲချွတ်လိုက်တဲ့ အရာရှိကို ဆဲဆိုတော့တာပါပဲတဲ့။ ပြောလိုက်တာများ နှစ်ပြားမတန်အောင် ပါပဲတဲ့။ ဆူဆောင့်ပြီး အထဲဝင်သွားတော့ ကျန်ခဲ့တဲ့ ဗိုလ်မှူးကြီးတွေက အဲဒီဖိနပ်ချွတ်လိုက်တဲ့ အရာရှိလေးကို မြည်တွန် တောက်တီး ဆူပူကြိမ်းမောင်း ပါတော့တယ်။

ဗိုလ်ချုပ်ကြီး အင်မတန် အထွဋ်အမြတ် ထားပြီး နေရာအာဏာ တည်မြဲဖို့ ဆေးစီရင်ကာ ပျားဖယောင်းနဲ့ သေချာစီမံ ချည်တုပ်ထားတဲ့ ဒီဖိနပ်ကြိုးကို ဘယ်သူမှ မဖြည်ရဲဘဲ အကြောင်းမသိ အဖါးလွန်လို့ ဒီဖိနပ်ကြိုးကို မင်းဖြေလိုက်တာ မိုးမီးလောင်တော့မယ် ဆိုတဲ့အကြောင်း မြည်တွန်ပြောဆို ကြပါတော့တယ်။ အဲဒီကိစ္စက မပြီးသေးဘဲနဲ့ ရဟတ်ယာဉ် ပေါ်တက်တဲ့ အချိန်မှာတောင် ဗိုလ်ခင်ညွန့်က တိုင်းမှူးကို ပြောသွားသေးသတဲ့၊ သူ့ဖိနပ်ကြိုးကို ဖြုတ်ပစ်တဲ့အတွက် အတော် မကျေမနပ်ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။

အဲ မကြာပါဘူး ရက်ပိုင်းမှာပဲ သူ အဖမ်းခံရပါလေရော။ ဗေဒင်တွေ ယတြာ တွေတော့ မယုံပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်တွေကြောင့် မယုံလို့လည်း မရသလိုဖြစ်နေတယ်။ ဒီလောက် ဘုန်းကံကြီးပါတယ်ဆိုတဲ့ ဗိုလ်ခင်ညွန့်ရဲ့ ဖိနပ်ကြိုးကို ဖြည်ပစ်တဲ့ အရာရှိလိုမျိုး စစ်ဗိုလ်စစ်သားတွေ များများ ပေါ်ထွက်လာပါစေလို့ မျှော်လင့်ရင်း သတိရ မိတာလေး အဖြစ်မှန်တစ်ခုကို ပို့လိုက်တာပါ။ ဗိုလ်သန်းရွှေလည်း ယတြာ ဘယ်လောက် ကောင်းကောင်း အဆင်မသင့်ဘဲ ငြောင်းကို ငြောင်းဖို့ အကြောင်း ဖန်လာပါလိမ့် မယ်လို့ ထင်မြင်ယူဆ မိကြောင်းပါ ခင်ဗျား။

ပေးပို့သူ - သိန်းမော်လင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

Tuesday, April 26, 2011

မြန်မာ့အိမ်နီးချင်း နိုင်ငံများကို အမေရိကန် ဝေဖန်


နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေသည့် မြန်မာ့ဒီမိုကရေစီ အရေးနှင့် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ့အိမ်နီးချင်းနိုင်ငံများက စိတ်ဝင်စားမှုမရှိဟု အမေရိကန်နိုင်ငံက ပြောဆိုလိုက်သည်။

landmine-victim

မြေမြှုပ်မိုင်းကြောင့် ခြေထောက်အတု တပ်ထားရသော ဒုက္ခသည်တဦးကို ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင်၂၀၁၀ နိုဝင်ဘာလက တွေ့ရစဉ်

အိန္ဒိယ၊ ထိုင်း၊ တရုတ် စသည့် မြန်မာ့အိမ်နီးချင်းနိုင်ငံတို့သည် အဆိုပါ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများထက် စီးပွားရေးအကျိုးအမြတ်ကိုသာ မျှော်လင့်နေကြကြောင်း အမေရိကန်နိုင်ငံ၏ အာရှပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးယွန် (Joe Yun) က ယမန်နေ့တွင် ပြောသည်။

“လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံအစိုးရက မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ လိုလားနေတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေကို တိုးချဲ့ဖို့လည်း ကြိုးစားနေတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာ နေရာ ပိုပြီးရဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတယ်”ဟု အမေရိကန်အစိုးရ၏ အကြီးတန်းအရာရှိများက ယမန်နေ့ အစည်းအဝေးအပြီးတွင် ပြောဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ယမန်နေ့၌ Burma Soldier အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းကို ပြသပြီးနောက် ဌာနတွင်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဇာတ်လမ်းအကြောင်းကို အမေရိကန်နိုင်ငံရောက် မြန်မာစစ်သားဟောင်း ဦးမျိုးမြင့်က ရှင်းလင်းပြောဆိုပြီး ထိုင်း-မြန်မာနယ်စပ်တွင် ရှိနေသည့် ဒုက္ခသည်များမှာ ထိုင်းအစိုးရ ပြန်ပို့မည့်အရေးကို တွေးပူနေကြကြောင်းလည်း ပြောသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် သမိုင်းကြောင်းတွင်လည်း ပြိုင်ဆိုင်မှုများရှိခဲ့ပြီး မြန်မာနိုင်ငံသည် ၎င်းတို့နှစ်နိုင်ငံ ယှဉ်ပြိုင်ရာ ကစားကွင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဟာဗျူဟာကျကျ တွေးခေါ်မှုများလိုအပ်ပြီး နောက်မှသာ တခြားကိစ္စများဖြစ်သည့် လူ့အခွင့်အရေးကိစ္စများကို ဆက်လက် အကောင်အထည်ဖော်ကြရမည်ဟုလည်း မစ္စတာ ဂျိုးယွန်က ဆိုသည်။

လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမေရိကန် လက်ထောက်အတွင်းရေးမှူးဖြစ်သူ မစ္စတာ အဲရစ် ရှဝါ့ဇ် (Eric Schwartz) က ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်များကို ပြန်ပို့ခဲ့ပါက အမေရိကန်နိုင်ငံက သဘောတူမည်မဟုတ်ကြောင်း၊ ၂၀၁၀ ခုနှစ် မြန်မာ့ရွေးကောက်ပွဲအပြီးတွင် နိုင်ငံအတွင်း၌ နိုင်ငံရေးအရ တိုးတက်မှုများရှိလာသည်ဟု ထိုင်းနိုင်ငံက ယုံကြည်နေသော်လည်း အမေရိကန်အစိုးရက ထိုအချက်ကို ယုံကြည်မှုမရှိကြောင်း ပြောသည်။

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သတိထားရမည်မှာ မြန်မာအစိုးရသည် ဖိနှိပ်မှုများစွာဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေကြောင်း၊ တိုင်းပြည်တွင်း မငြိမ်သက်မှုများကိုပါ သတိပြုရမည်ဖြစ်ကြောင်း မစ္စတာ ရှဝါ့ဇ်က ဆက်လက်ပြောသည်။
ဧရာဝတီ

ငွေကြေးအတွက် ပစ်မှတ်ဖြစ်လာသော ဒုက္ခသည်

မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်မီးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေမှုတို့ကြောင့် နည်းမျိုးစုံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိလာကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ အနာဂတ် ဟာ နေဝင်ချိန်ကို ရောက်ရှိနေပါပြီ။

ပြည်တွင်းအစိုးရနဲ့ ပြည်ပအတိုက်အခံတွေကြား အခြေအနေ ပျက်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့ရဲ့ ဘဝ ကိုယ်စီကို အသစ် တဖန် ပြန်လည် တည်ဆောက်နိုင်ရေးတွက် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) တခုတည်းကိုပဲ အားကိုးမှီခို နေခဲ့ရတာပါ။

ဒီလိုယုံကြည်အားထားနေရတဲ့ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် စာနာကူညီလိုစိတ်ဟာ ဝိသမ လောဘသား မြန်မာ တချို့ကြောင့် အခွင့်အရေးတွေ ဆုံးရှုံး လုမတတ် ဖြစ်နေပြီးတော့ ဒုက္ခသည်တွေရဲ့ အနာဂတ် ဘဝသစ် တည်ဆောက်ရေး မျှော်လင့်ချက်တွေ ဟာလည်းပဲ မကြာခင်မှာ အိပ်မက်တခုလို ပျောက်ကွယ်သွား ရပါတော့မယ်။

ကြမ်းတမ်းလှတဲ့ လမ်းခရီးတွေကို အသက်စွန့်ပြီး နယ်စပ်အသီးသီးကို ကျော်ဖြတ်လာခဲ့ကြတဲ့ မြန်မာဒုက္ခသည် တွေဟာ ဒေသခံ အစိုးရရဲ့ အိမ်ပြန်ဖို့ ဖိအားပေးသံကို ရင်တမမနဲ့ စောင့်နေကြရပါပြီ။ ဘဝတစ်ခု အသစ်ကနေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ ဆိုပြီး ရည်ရွယ်ဖွဲ့စည်းထားကြတဲ့ ဒုက္ခသည်ကိုယ်စားပြု ရုံးတွေရဲ့ ရည်ရွယ်ချက်ဟာ ဖွဲ့စည်းခဲ့စဉ်ကနဲ့ မတူတော့ဘဲ ငွေကြေးကို အခြေခံ ဝိသမလောဘတွေ တက်လာတာကို တွေ့လာရပါတယ်။

ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းရမယ့် အနေအထားကနေ နည်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာ ကြီးပွားမှုကိုသာ ရှေးရှုလာကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေထဲမှာ တတိယနိုင်ငံ ထွက်ခွာဖို့နဲ့ ဘဝတခု ပြန်လည်နေရာချထားရေး စ၊ လယ်၊ ဆုံး ဆောင်ရွက်ချက်ဟာ အခမဲ့သာ ဖြစ်ပါတယ်။ ဒီဘောင်စည်းမျဉ်းကို ကျော်လွန်ပြီးတော့ ဒုက္ခသည် ကိုယ်စားပြုရုံးတွေဟာ UNHCR Registration တွက် ဒုက္ခသည် တစ်ဦးဆီကနေ မလေးရင်းဂစ်ငွေ ၅၀၀ ကနေ ၁၀၀၀ အထိ တောင်းယူနေကြတာကို တွေ့ရပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဘဝလုံခြုံမှုကို ရရှိစေမည့် တစ်ခုတည်းသော UNHCR ရဲ့ အထောက်အထား ရဖို့အတွက် သူတို့အနေနဲ့ ပေးနေရတာပါ။ ဒါကို သိသိလျက်နဲ့ စီးပွားရေး ဆန်ဆန် ပြုလုပ်နေကြတာဟာ ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းနေတာ မဟုတ်ဘဲ ရက်စက်နေတာလို့ ပြောရင် လွန်မယ် မထင်ပါဘူး။

အဲဒီလို ရရှိလာခဲ့တဲ့ သောင်းပေါင်းများစွာသော ရင်းဂစ် ငွေကြေးတွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ဒုက္ခသည် မြန်မာတွေရဲ့ ငွေကြေးသာ ဖြစ်ပြီးတော့ သူတို့အနေနဲ့ ထိန်းသိမ်းပေးခြင်းသာ ဖြစ်တယ်လို့ ယုံတမ်း စကားကို ပိပိရိရိ ပြောဆိုနေကြပါတယ်။ တကယ်တမ်း မလေးရှားနိုင်ငံမှာ ထောင်၊ ကမ့် တွေထဲမှာ ထိန်းသိမ်းခံ နေရတဲ့ ဒုက္ခသည် မြန်မာတွေကို ဘာတခုမျှ ကူညီထောက်ပံ့ပေးမှု မရှိကြပါဘူး။

ဒါပေမယ့်လည်း တောမီးလောင် သားကောင်ချနင်း ဆိုသလိုမျိုး အဖြစ်ပျက်တွေက ဒုက္ခသည်တွေအဖို့ ရင်နာ စရာ ကောင်းလွန်းပါတယ်။

ဒီကြားထဲမှာ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထားရှိတဲ့ စေတနာမေတ္တာကို ခမ်းစေတဲ့ လုပ်ရပ်တွေကိုလည်းပဲ မြန်မာဒုက္ခသည်တွေကပဲ ဆက်တိုက်လုပ်ဆောင်လာကြတာကို တွေ့ရှိရပါတယ်။ တတိယနိုင်ငံထွက်ခွာဖို့ စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာ UNHCR ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ကဒ်ပြားတွေကို အတုထုတ်လုပ်ပြီး တစ်ကဒ်ကို မလေးရင်းဂစ် ၂၀၀ နဲ့ ၃၀၀ ကြား ရောင်းချနေကြသလို ဘယ်နိုင်ငံကမှ ခွင့်မပြုတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို ကျူးလွန် နေကြပါတယ်။

နည်းမျိုးစုံနဲ့ မလေးရှားကို နေ့စဉ်လိုလို ဝင်ရောက်လာကြတဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ တစ်နေ့ကို ပျမ်းမျှ ၄၀ ဦးရေ မှာ ရှိနေပါတယ်။ ဒီလို များပြားလှတဲ့ ဒုက္ခသည်တွေကို အလုပ်အကိုင်၊ အဖမ်းအဆီး၊ ကျန်းမာရေးနဲ့ ယာယီ တည်းခိုနေထိုင်ခွင့် စတာတွေကို မဖြေရှင်းပေးကြပဲ Community Card အရေတွက် ပြည့်မီရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပြီးတော့ UNHCR ရဲ့ နောက်တစ်ကြိမ်ပေးမယ့် Registration ကိုသာ ဇွဲရှိရှိနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဒီလို လုပ်ရပ်တွေကြောင့်လည်းပဲ မလေးရှား အစိုးရ အပါအဝင် UNHCR ကလည်းပဲ စိတ်ပျက်လာ ပါတယ်။

ခုတစ်ကြိမ်မှာတော့ UNHCR ရဲ့ ဒုက္ခသည်တွေအပေါ် ကိုင်တွယ်လာပုံက စေ့စပ်လွန်းပါတယ်။ မလေးရှား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး UNHCR အရာရှိကြီးတွေကိုယ်တိုင် ဒုက္ခသည် အစစ်မှန်နဲ့ တရားမဝင် နေထိုင်သူတွေကို ခွဲခြားနိုင်ဖို့ လိုက်ပါ ကူညီပေးနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ ရက်သတ္တပတ်တွေက စပြီးတော့ မလေးရှားနိုင်ငံ ဒေသအသီးသီးကို အထူးစီမံချက်တွေနဲ့ ဝင်ရောက် စစ်ဆေးခဲ့ရာမှာ ဒုက္ခသည် အစစ်အမှန်တွေကို လွတ်ပေးစေခဲ့ပြီး ယူအန်ကဒ် အတု ကိုင်ဆောင်သူတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ယူအန် ကဒ် အတု လုပ်တဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီးနေတယ်လို့လည်း ကြားရပါတယ်။

ဒါပေမယ့်လည်း အတောမသတ်နိုင်သေးတဲ့ ဒုက္ခသည်တချို့ရဲ့ ဝိသမ လိုအင်ဆန္ဒ လောဘကို အဆုံး သတ်နိုင်ဖို့ ဆိုတာကတော့ သိပ်ပြီးတော့ မလွယ်ကူသေးပါဘူး။

စာရေးသူ – လင်းအာရုဏ်

မြန်မာပြည်သူလူထုသည် အင်အားအစစ်အမှန်

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ထွက်လာပြီး ပြည်သူလူထုကို နှုတ်ဆက်စဉ် အိမ်ရှေ့မှ ဖြတ်သန်းသွားလာ သူများက “မင်္ဂလာနှစ်သစ်ပါ ဒေါ်စု”၊ “ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ပါစေ” စသည်ဖြင့် အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။ ပြည်သူ ရာပေါင်းများစွာကလည်း ကားပေါ်မှဆင်း၍ ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နိုင်ငံတကာမှ သြဇာရှိ အရေးကြီးပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုနှင့် ချီးကျူးထောပနာပြုမှုကို ရရှိနေလင့်ကစား၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ကမ္ဘာတဝှမ်းမှ ထောက်ခံအားပေးမှုရအောင် ဆောင်ရွက်ရေးမှာ ငြင်းဆန်၍မရအောင် အရေးကြီးနေလင့်ကစား ဒေါ်အောင်ဆန်းစုကြည်၏ အင်အားအစစ်အမှန်မှာ မြန်မာပြည်သူလူထုသာ ဖြစ်သည်။

ရာထူးများကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီဆိုသော်လည်း အစိုးရသစ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တခြားစစ်အစိုးရ ခေါင်းဆောင်များအပေါ် နိုင်ငံတကာမှ ဖိအားပေးနိုင်ရေး လုပ်ဆောင်ပေးနိုင်မည့် ပုဂ္ဂိုလ်များအပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏အင်အား မတည်ရှိပါ။ ဒေါ်အောင်ဆန်းစုကြည်၏ အဓိကအင်အားမှာ သူကိုယ်စားပြုထားသော ပြည်သူလူထု၊ မျှော်လင့်ချက်နှင့် ပြင်းပြသည့်ဆန္ဒများအပေါ် ဒေါ်အောင်ဆန်းစုကြည် တန်ဖိုးထားသူများသာလျှင် ဖြစ်သည်။

လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည် ထိပ်တန်းဦးစားပေး ဆောင်ရွက်သင့်သည်မှာ အကွဲကွဲ အပြားပြားဖြစ်နေသည့် မြန်မာ့အတိုက်အခံ အင်အားစုများ ပြန်လည်ညီညွတ် အားကောင်းလာရေးနှင့် လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အဖိနှိပ်ခံပြည်သူများ တက်တက်ကြွကြွ ပြန်လည်ပါဝင်လာရေးပင်ဖြစ်သည်။

အဘယ့်ကြောင့် ထိုသို့ ဆောင်ရွက်သင့်သည်ဆိုသည်မှာ ရှင်းပါသည်။ အကယ်၍ မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှု၌ အကွဲအပြဲနှင့် အငြင်းအခုန်များ ဆက်လက်ရှိနေပါက၊ အကယ်၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုတစုံတရာ မရှိသည့်အတွက် ပြည်သူလူက လှုပ်ရှားမှုအပေါ် စိတ်ပျက်အားလျော့မှုများ ပိုမိုရှိလာပါက နိုင်ငံတကာမှ မြန်မာ့အရေးအတွက် ထောက်ခံအားပေးနေမှုများသည်လည်း အဓိပ္ပာယ်ကင်းမဲ့ နေလိမ့်မည် ဖြစ်သောကြောင့်ပင်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိဆောင်ရွက်နေရသော အလုပ်သည် တသက်တာတွင် အကြီးမားဆုံးနှင့် အခက်အခဲဆုံး စိန်ခေါ်မှုဖြစ်နိုင်သည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ စစ်အစိုးရနှင့် ရင်ဆိုင်ခဲ့သော အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းနှင့် နေအိမ်အကျဉ်ချုပ် ကျခံစဉ်ကာလများ၌ ကြုံတွေ့ခဲ့ရသော အခက်အခဲများကား စာဖွဲ့၍ ကုန်နိုင်မည် မဟုတ်ပေ။

၁၉၈၈ ခုနှစ် ရွှေတိဂုံဘုရားခြေတော်ရင်းတွင် ပြည်သူလူထုကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောခဲ့စဉ်၌ အညွန့်တလူလူ အားကောင်း နေပြီဖြစ်သော ဒေါသနှင့် ဆန္ဒပြမှုများအတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ချက် လောင်စာဆီ ပက်ဖြန်းပေးခဲ့သည်။

အပြောင်းအလဲများဖြစ်နိုင်သည်ဟု လူထုက ယုံကြည်ခဲ့ကြသည်၊ အပြောင်းအလဲအတွက် လူထုက မျှော်လင့်ခဲ့ကြသည်။ ထိုအပြောင်းအလဲများအတွက် ပြည်သူလူထုက လက်တွဲပါဝင်ရန် အဆင်သင့်ဖြစ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုလူထုအတွက် ဦးဆောင်မှုနှင့် စိတ်ဓာတ်ရေးရာ လမ်းညွှန်မှုများ ပေးခဲ့သည်။

သို့သော် ယနေ့ အခြေအနေကား ၁၉၈၈ နှင့်မတူ၊ များစွာကွားခြားသွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နိုင်ငံရေးမုန်တိုင်းများကြောင့် ကျိုးပဲ့သွားသော၊ ဟိုတစု ဒီတစုဖြစ်နေသော အတိုက်အခံလှုပ်ရှားမှု၏ အကိုင်းအခက်များကို အားလုံး ပြန်လည် စုစည်းရမည်ဖြစ်သည်။ ထို့အပြင် မကြာတော့သည့် အနာဂတ်ကာလတွင် အမှန်တကယ် အပြောင်းအလဲများ ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ အဆိုးမြင်လာကြသည့် အဓိက ထောက်ခံသူများ၏ ငြိမ်းလုဆဲ စိတ်ဓာတ်ရေးရာ မီးခဲကိုလည်း ပြန်လည် တောက်လောင်အောင် လုပ်ရပေဦးမည်။

ထိုသို့လုပ်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကနဦးဆောင်ရွက်နိုင်သည့် အဆင့်များစွာရှိသည်။

ပထမဆုံးအနေနှင့် အဆင့်တိုင်း ပြန်လည်သင့်မြတ်ရေးအတွက် ဆက်လက်တောင်းဆိုရမည်ဖြစ်ပြီး ထိုရည်မှန်းချက်သို့ရောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ထိုအတွက် ဒေါ်အောင်ဆန်းစုကြည်က ရဲရင့်သည့်ဆောင်ရွက်ချက်ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အလုံးအရင်းနှင့် ဝေဖန်မှုများရှိသော်ငြား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် သို့မဟုတ် ထောက်ခံသူများဖြစ်ခဲ့ပြီး NLD ကို စွန့်ခွာ၍ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသော အတိုက်အခံနှင့် တိုင်းရင်းသားခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုမှာ လမ်းကြောင်းအမှန်တွင်းမှ ခြေတလှမ်းဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံအတွင်း ညီညွတ်ရေးကိုဆောင်ရွက်သော မည်သူ့ကိုမဆို ရိုက်ခတ်လာနိုင်သည့် ထိုးနှက်ချက်များကို ရင်ဆိုင်ကျော်လွှားနိုင်သည့် နိုင်ငံရေးသြဇာရှိသူ ဖြစ်သောကြောင့်ပင်။

ထို့အတူ စစ်အစိုးရကိုသာမက ဝေဖန်ဆန်းစစ်သူများ သတိပေးသကဲ့သို့ မိမိအင်အားစုအတွင်းရှိ “အတွင်းရန်သူ” ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် အာရုံစိုက်ရပေမည်။ NLD သည် ၁၉၈၈ က စစ်တပ်ကို ရင်ဆိုင်ခဲ့သော၊ ၁၉၉၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာနှင့် အနိုင်ရခဲ့သော အဖွဲ့ချုပ်မဟုတ်တော့၊ NLD သည် အိုမင်းရင့်ရော်၍ အားအင်ချိနဲ့သော အဖွဲ့အစည်းတခု ဖြစ်လာပြီဖြစ်သည်။ NLD သည် သူတို့ကိုထောက်ခံသော လူငယ်မျိုးဆက်များနှင့် အဆက်အသွယ်ပြတ်နေသည်ဟု လေ့လာစောင့်ကြည့်သူ အများအပြားက ယူဆကြသည်။

အတိုချုပ်ပြောရမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေနှင့် NLD ထိပ်တန်းခေါင်းဆောင်များ၏ ပါဝင်ဆောင်ရွက်မှုနှင့် အတွေ့အကြုံများကို လေးစားအသိအမှတ်ပြုသည့် တချိန်တည်းမှာပင် NLD ပြန်လည်ဖွဲ့စည်းရေးကို ဦးစီးဦးဆောင် ပြုရပေမည်။ ထိုသို့ မလုပ်နိုင်မချင်း NLD အနေနှင့် တိုင်းပြည် ပြုပြင်ပြောင်းလဲရေး၌ ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်လိမ့်မည်မဟုတ်။

NLD ပြန်လည်ဖွဲ့စည်းရေးတွင် တိုးတက်မှုရှိလာစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၌ အကြံပေးအဖွဲ့ အသစ်ရှိရပေမည်။ ထိုအဖွဲ့အား အမြော်အမြင်ရှိသော လူကောင်းလူတော်များ၊ ဒီမိုကရေစီရေးအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူများဖြင့် ဖွဲ့စည်းရမည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် NLD ကို သွေးသစ်လောင်းရမည်ဖြစ်သည်။ နိုင်ငံခြားဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေး၊ တိုင်းရင်းသားပဋိပက္ခ၊ လူ့အခွင့်အရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စစ်တပ်ရေးရာ စသည့် ကိစ္စများတွင် အကြံပေးနိုင်သူများအား NLD အတွင်း၌ ဝင်ရောက်ဆောင်ရွက်နိုင်အောင် စီမံရမည်။

သို့မှသာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို ထင်ဟပ်သည့် အတိုက်အခံ မဟာဗျူဟာအသစ်တခုကို ချမှတ်နိုင်မည်ဖြစ်ပြီး ထိုသို့ ချမှတ်နိုင်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများအား လှုပ်ရှားမှုတွင် ပြန်လည်တက်ကြွလာစေရန် တဖက်တလမ်းက လှုံ့ဆော်နိုင်မည်ဖြစ်သည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အဖွဲ့ဝင်အသစ်များအား အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲနိုင်စွမ်းရှိသည့် အတိုက်အခံမျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာစေရေးအတွက် အလုပ်တာဝန်များ ခွဲဝေပေးရပေမည်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် NLD ခေါင်းဆောင်များအား အဖွဲ့ချုပ်မှနှုတ်ထွက်ပေးရေးအတွက် ပြောရန် ဆန္ဒမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်သည်။ ထိုသို့မပြောလိုသည်မှာ ဆန္ဒထက်စာပါက မြန်မာ့ ယဉ်ကျေးမှုကြောင့်သာဖြစ်သည်ဟု သုံးသပ်မိသည်။ သို့သော် ယဉ်ကျေးမှုအတိုင်းသာ ပြောရမည်ဆိုရင် NLD နှင့် အတိုက်အခံလှုပ်ရှားမှုအတွက် ယင်းတို့၏ ပုဂ္ဂိုလ်ရေးခံစားချက်များကို ဘေးဖယ်ထားရန် လိုအပ်နေသည်ကိုလည်း NLD ဝါရင့်ခေါင်းဆောင်များ အသိအမှတ်ပြုသင့်သည်။ ၄င်းတို့အနေနှင့် NLD အတွက် လိုအပ်သည့် အကြံဉာဏ်များပေးသော အခန်းကဏ္ဍတွင်သာ ရှိသင့်သည်။ မျိုးဆက်သစ်ခေါင်းဆောင်များအား ၄င်းတို့၏ လောင်းရိပ်အောက်မှထွက်၍ NLD ကို ဦးဆောင်ခွင့် ပေးသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့သစ်သည် စစ်တပ်ကခြယ်လှယ်ထားသော အစိုးရသစ်အတွင်းမှ ဆက်စပ်ဆောင်ရွက်နိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြေလည်မှုရစေရန်အတွက်လည်း ချဉ်းကပ်ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရပေမည်။

သဘောထားတင်းမာ၍ စိတ်ထားကျဉ်းမြောင်းသော ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ပြောင်းလဲ၍ ရချင်မှရမည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုး၍ အပြောင်းအလဲနှင့်ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏အသံကို နားစွင့်နေသော အစိုးရဝန်ထမ်းများ၊ စစ်တပ်အသိုင်းအဝန်းမှ ပုဂ္ဂိုလ်များစွာ ရှိကြသည်။

အကယ်၍ အစိုးရသစ်အတွင်းမှ ထိပ်ပိုင်းမဟုတ်သည့်တိုင် အလယ်အလတ် အာဏာရှိသူများအား ၄င်းတို့အနေနှင့် လွတ်လပ်၍ ဒီမိုကရေစီနည်းကျသော မြန်မာနိုင်ငံတွင် အကျိုးအမြတ်များစွာ ရှိနိုင်ကြောင်း၊ ဖိနှိပ်သည့်လမ်းကြောင်းအတိုင်း ဆက်သွားပါက ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က နားလည်လက်ခံလာအောင် စည်းရုံးသိမ်းသွင်းနိုင်မည်ဆိုပါက အမှန်တကယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သောအပြောင်းအလဲအတွက် ရှေးရှုသည့် အရေးကြီးဆုံးအဆင့်သို့ ရောက်သွားနိုင်ပါလိမ့်မည်။ ထိုအချိန်သည် ပထမဆုံးအကြိမ်အဖြစ် အစိုးရအတွင်းနှင့် အပြင်မှပုဂ္ဂိုလ်များ ဦးတည်ချက်တူ လျှောက်လှမ်းကြမည့် အချိန်လည်း ဖြစ်ပေလိမ့်မည်။

လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိလင့်ကစား ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် “လွတ်မြောက်မှု” ကို စတင် စမ်းသပ်နိုင်သည့်ကာလဖြစ်သည်။

ပြည်သူလူထု၏အသံကို နားထောင်ချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်လာစဉ် ပြောကြားခဲ့သည်။ ထိုသို့ပြောခဲ့သည့်အတိုင်းလည်း လုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ၊ လူငယ် ဒီမိုကရေစီခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းဝင်များ စသည်ဖြင့် တွေ့ဆုံခဲ့သည်။ သို့သော် ဆွေးနွေးပွဲအများစုမှာ တံခါးပိတ်ဆွေးနွေးပွဲများဖြစ်ပြီး ဆွေးနွေးပွဲများအားလုံးကို ရန်ကုန်၌ ကျင်းပခဲ့ကြခြင်းသာဖြစ်သည်။

အစိုးရသစ်တက်စအချိန်ဖြစ်ပြီး စစ်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အစိုးရသစ်အပေါ် တစုံတရာ အသိအမှတ်ပြုလာရေးအတွက် တိုးမြှင့်ဆောင်ရွက်ချင်နေသော ယခုကာလတွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လမ်းမပေါ်ထွက်၍ သူ့ကို ထောက်ခံသူများနှင့် ပိုမိုရှည်ကြာစွာ တွေ့ဆုံ၍လည်းကောင်း၊ ရန်ကုန်မြို့ပြင်ပသို့ထွက်၍လည်းကောင်း ပြန်လည်သင့်မြတ်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။

နိုင်ငံတကာ မီဒီယာများတွင် တွေ့နေရခြင်းထက် ပြည်တွင်းတွင် ပို၍ မြင်သာထင်သာရှိနေခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာအဆင့်အတန်းကို မည်သည့်အရာထက်မဆို ပို၍ အမှန်တကယ် ထည်ဝါအောင် အထောက်အကူပေးနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက်ပိုင်း တွေ့ဆုံခဲ့သည့် သံတမန်အများအပြားနှင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်အကြောင်းကို အသေအချာ သိကြသည်မဟုတ်။ ၁၉၈၈ ရွှေတိဂုံစေတီတော်ခြေရင်း၌ ထောင်သောင်းချီသော လူစုလူဝေးကို ဒေါ်အောင်ဆန်းစုကြည် စုရုံး မိန့်ခွန်းပြောခဲ့စဉ်ကသော်လည်းကောင်း၊ ၁၉၉၀ ကာလများက အင်းလျားကန် အိမ်ပေါက်ဝ၌ ထောင်နှင့်ချီသော ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် မိန့်ခွန်း ပြောခဲ့စဉ်ကသော်လည်းကောင်း၊ နိုင်ငံအနှံ့ စည်းရုံးရေးဆင်းသောကာလအတွင်း ဒီပဲယင်း၌ ဒေါ်အောင်ဆန်းစုကြည် အသက်နှင့်ရင်းခဲ့ရစဉ်ကသော်လည်းကောင်း ထိုပုဂ္ဂိုလ်များ ရှိခဲ့ကြသည် မဟုတ်ပါ။

ထိုသို့များပြားလှသော နိုင်ငံတကာဧည့်သည်များနှင့် တွေ့ဆုံပွဲများ၏ ရလဒ်ကား ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ၄င်းတို့ ပြန်ပြောသောအခါ၌ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေခြင်းပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ထိပ်တန်း ခေါင်းဆောင်များကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြော၍ ဓာတ်ပုံအတူတွဲရိုက်သွားသော သံတမန်များ၏ နောက်ကွယ်မှ တချို့မှတ်ချက်များသည် ဟက်ဟက်ပက်ပက် မရှိလှသည်ကို ကောင်းကောင်းသိကြပါသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုသော ပြည်သူလူထုအား နားလည်လက်ခံ တန်ဖိုးထားနိုင်ရေးအတွက် သံသယရှိနေသူများအပါအဝင် အဆိုပါ နိုင်ငံတကာမိတ်ဆွေသစ်များ မြင်တွေ့ရန်လိုအပ်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြည်သူလူထုနှင့်အတူရှိ၍ အင်အားကို ပြသရန်သာ ဖြစ်ပါသည်။

ဧရာဝတီ

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၂)

ယနေ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) မှူးတွေရဲ့ အနေအထားနဲ့ အခြေအနေဟာ အရင်ခေတ်ကနဲ့ မတူဘဲ ပြောင်းလဲသွားပြီဖြစ်တဲ့ အကြောင်းတင်ပြပါအုံးမယ်။ မဆလ အာဏာရှင် အစိုးရ ခေတ်က ကစထမှူး နှစ်ဦးဖြစ်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး စိန်အောင်နဲ့ ချစ်ဆွေတို့ဟာ အဲဒီအချိန်မှာ ပြည်တွင်း စစ်ဆင်ရေးကြီးတွေ ရှိတာမို့ ထိပ်တန်းလျှို့ ဝှက် အဆင့်ရှိတဲ့ စစ်ဆင်ရေး ဦး(၁)က ဦးစားပေး ဖြစ်နေတာကြောင့် သူတို့ရဲ့ အာဏာ ဇောင်းဟာ အစွမ်းထက်လှပါတယ်။

ယခု နအဖ ခေတ်မှာတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ငြိမ်းချမ်းရေး ရယူထားပြီး ဖြစ်ရာ တိုက်ပွဲများ နည်းပါးသွားလို့ စစ်ဆင်ရေးလည်း မရှိသလောက် နည်းပါးနေပြီ ဖြစ်ပါတယ်။ အဲဒီအခါမှာ၂၀၀၃ ခုနှစ် နောက်ပိုင်း ကစထမှူးတွေ ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး (အောင်ထွေး၊ ရဲမြင့်၊ မောင်ဘို၊ ခင်မောင်သန်း) ၄ ဦးဟာ ရုံးခန်းတစ်ခန်း၊ ထိုင်ခုံနဲ့ စားပွဲ တစ်လုံးစီသာ ရရှိပြီး နေ့စဉ် စာဖတ်ကာ ငေါင်စင်းစင်းနဲ့ စစ်ရုံးကို တပ်မဲ့ ဗိုလ်ဘ၀တွေ အဖြစ်နဲ့သာ ရောက်လာခဲ့သူများ ဖြစ်နေကြပါတယ်။ အခြား တိုင်းမှူးတွေ ဖြစ်ခဲ့ကြတဲ့ ဒုဗိုလ်ချုပ်ကြီး (စိုးဝင်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ တင်အေး) တွေကိုတော့ နောက်ခံ တပ်တွေ ရှိတဲ့ စစ်တပ်ရဲ့  အရေးကြီး ရာထူးများ၊ ဥပမာ- လေကြောင်းကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်နဲ့ နိုင်ငံရေးအရ သြဇာအာဏာ ရှိလှတဲ့ အတွင်းရေးမှူး (၁/၂) ရာထူးများ ရရှိကုန်ကြပြီ ဖြစ်ရာ အဲဒီ ကစထမှူး (၄) ဦးရဲ့  ရင်ထဲမှာ ဘ၀င်မကျတာတွေရှိလာပြီး တပ်တွင်းအာဏာလုပွဲလည်း အတွင်းပိုင်းမှာ ပြင်းထန်လာပါတယ်။

ဒါကို သိတဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းဟာ တပ်ချုပ်ထံ တင်ပြလာပါတယ်။ ဒါကြောင့် ကစထမှူး (၄) ဦးကို နှစ်သိမ့်တဲ့ အနေနဲ့ စစ်တိုင်းများကို ခွဲတမ်းချ ကွပ်ကဲရေး လုပ်ပိုင်ခွင့် ပေးထားမူကို Power လုပ်ပိုင်ခွင့် အရှိန်အဟုန် မြှင့်တဲ့ အနေနဲ့ ကစထမှူးတွေကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ လေယာဉ်လမ်းနှင့် ကားလမ်းတည်ဆောက်ရေး စီမံကိန်း၊ တံတားနှင့် ဆည်ကြီးများ၊ ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်းကြီး တွေမှာ စစ်ဆေးရေး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီ လုပ်ပိုင်ခွင့်ဟာလည်း အတွင်းရေးမှူး (၁/၂) တို့လို ငွေကြေး၊ အုတ်၊ ဘိလပ်မြေ စသဖြင့်ကို ဖြည့်ဆည်းပေးနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မရရှိ ကြဘဲ ဖြည့်ဆည်းပေးဖို့ထက် ဖြုတ်၊ ထုတ်၊ ချ အပြစ်ရှာ အမှုစစ် ပြဿနာ ရှာဖို့အတွက် လူကြမ်းမင်းသား အဖြစ်သာ သရုပ်ဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။ အဲဒီ လူကြမ်းမင်းသား တွေကို အခုအခါမှာတော့ အပြီးဘေးဖယ်လိုက်ပြန်လို့ ဘ၀င်မကျ ဖြစ်နေတဲ့ သူတို့နဲ့ သူတို့ရဲ့ သား တပည့်တွေဟာ အရိပ်အချည်ကို စောင့်ကြည့်လျှက် ရှိနေပါတယ်။

အဲဒီမှာတင် လုပ်ပိုင်ခွင့် အနည်းငယ် ရလာတဲ့ ကစထမှူးတွေဟာ “ရိုက်စား ဟောက်စား” တွေနဲ့ အစွမ်းကုန် ကြမ်းရမ်း ပြပါတော့တယ်။ ကစထမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်ရဲမြင့်ဆိုရင် ကြပ်ပြေးမှ မန္တလေး၊ မန္တလေးမှ ကြပ်ပြေး၊ ကြပ်ပြေးမှ မကွေး၊ မကွေးမှ ကြပ်ပြေး တစ်နေ့ထဲမှာပင် ၀င်လိုက်၊ ထွက်လိုက် အလုပ်ရှုပ်နေသယောင် TV သတင်းထဲမှာ လုပ်ပြနေပါတယ်။

ဗိုလ်ရဲမြင့်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး လေယာဉ်ပေါ်မှ ဆင်းလာပြီ ဆိုရင် တပ်ထိန်းတွေ လုပ်ရမဲ့ အလုပ်ကိုယ်စား သူကိုယ်တိုင် ထီး မိုးပေး၊ ထီး စောင်းပေးရာမှ ကျေနပ်သူ ဖြစ်ပြီး TV ထဲမှာ မျက်စိ ဆံပင်မွေး စူးလောက်အောင် “အဖားတော်” သူ တစ်ဦး ဖြစ်ပါတယ်။ သူက အတွင်းရေးမှူး (၂) ရာထူးကို စိတ်ကူးယဉ် မျှော်မှန်းသူ ဖြစ်ပေမဲ့ သူ့သား မူးယစ်ဆေးကြောင့် ယခု ဆိုရင် မြောင်းထဲ ရောက်သွားပါပြီ။ ကစထမှူး ဗိုလ်ရဲမြင့်ဟာ စီမံကိန်း အင်ဂျင်နီယာ တစ်ဦးကို သတ်မှတ် အချိန်အတွင်း မပြီးလို့ ဆိုကာ ရဲစခန်း အချုပ်ထဲကို တစ်ရက် ထည့်တဲ့အထိ ကြမ်းရမ်းခဲ့ပါတယ်။

လယ်ဆည်ဝန်ကြီးနဲ့ ဆောက်လုပ်ရေး ၀န်ကြီး၊ စက်မှု (၁) ၀န်ကြီး ဗိုလ်ချုပ်တွေဟာလည်း တိုင်းမှူးဘ၀က လာခဲ့တဲ့ စီနီယာ ဗိုလ်ချုပ်တွေ ဖြစ်သလို ဗိုလ်သန်းရွှေ ရဲ့  တပည့်ရင်းတွေ ဖြစ်တာမို့ ကစထမှူး ခိုင်းတိုင်း လိုက်မလုပ်ဖို့ ပထွေးကို ကြောက်ဖို့ မလိုကြောင်း ညွှန်ကြားထားပြန်ပါတယ်။ ဒီနေရာမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဟာ တိုင်းမှူး ဗိုလ်ချုပ် မဖြစ်ပေမဲ့ အိမ်တော်ကြီးအထိ “အဖားတော်” တဲ့ သူမို့ တိုင်းမှူး ဗိုလ်ချုပ်တွေထက် “လျှာဇောင်း ထက် ” နေသူ ဖြစ်ပါတယ်။

အလုပ်တွေ ရှုပ်နေတာလား အရှုပ်တွေ လုပ်နေတာလားဆိုတာ

မသိရဘဲ ကြပ်ပြေးထဲကို တစ်နေ့ထဲမှာပင် အကြိမ်ကြိမ်

ဝင်လိုက်ထွက်လိုက် လုပ်ပြခဲ့တဲ့ ဗိုလ်ရဲမြင့်

တိုင်းမှူးတွေ ခမျာလည်း သူတို့ရဲ့ တိုင်းအတွင်းမှာ TV ထဲပါအောင် လုပ်ပြရမဲ့ အမှတ်ရမဲ့ စီမံကိန်း စစ်ဆေးရတဲ့ အလုပ်တွေကို ကစထမှူးတွေက ၀င်ရောက် စွက်ဖက် လုပ်နေကြတာမို့ ကစထမှူး ပြန်သွားရင် ဌာနဆိုင်ရာတွေကို ဓားကြိမ်း ကြိမ်းပါတော့တယ်။ တဖန် တိုင်းမှူးတွေနဲ့ ၀န်ကြီးတွေ ပဋိပက္ခဖြစ်တာတွေလည်း ရှိပါတယ်။ တိုင်းမှူးတွေက မင်းတို့ ၀န်ကြီးတွေဟာ ၀န်ထမ်းအကြီးအကဲသာ ဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း Commander ဟာ တိုင်းမှူးဖြစ်တာမို့ တိုင်းမှူး အမိန့်ကို နာခံရမှာ ဖြစ်တယ်လို့ ဆူပူ ငေါက်ငမ်းပါတော့တယ်။

ဇေယျဝတီ သကြားစက် စက်ရုံမှူး တစ်ဦးဆိုရင် စက်ရုံဖွင့်ပွဲမှာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုအား မဖိတ်မိလိုက်လို့ တိုင်းမှူး TV ထဲမှာ မပါလိုက်ရတဲ့အတွက် အခြားတိုင်းမှူးတွေနဲ့ ယှဉ်ရင် အမှတ်မရ သွားတာကြောင့် စက်ရုံမှူးကို တိုင်းမှူးက အထက်ပါအတိုင်း ကြိမ်းမောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေခံ ဌာနဆိုင်ရာ ၀န်ထမ်း အကြီးအကဲ တွေနဲ့ ပြည်သူတွေခမျာမှာ နီးရာ “ဓား” တိုင်းမှူးကို ကြောက်ရတာတမျိုး၊ ကစထမှူးတွေကို လန့်ရတာက တဖုံ၊ ၀န်ကြီး တွေကို သတိထားရတာက တမျိုး စတဲ့ သုံးဖက်ညှပ်ရတဲ့ အခြေအနေမျိုး ဆိုက်ရောက် နေရပါတော့တယ်။

ဖိုးတရုတ်ကင်း

Monday, April 25, 2011

ဦးပိုင်ရှယ်ယာ သတင်းဆိုး

ခေတ်သစ် ၂ဝ၁၁ ခုနှစ် နိုင်ငံတော် အာဏာလွှဲပြောင်းမှု ဆောင်ရွက်ပြီးတဲ့နောက် တိုင်းမှူးတွေက အာဏာ လက်မဲ့ ဘဝမှာ အလုပ်မရှိ အလုပ်ရှာကာ တပ်တွေလှည့်လည် စစ်ဆေးနေရပါတယ်။ ဦးပိုင်ရဲ့ ဖြတ်တောက်မှုအောက်မှ တပ်မတော်သားများ အနေနဲ့ မွန်းကျပ်နေရတဲ့အထဲ တပ်မတော် စည်းရုံးရေးကော်မတီ ခေါင်းစဉ်အောက်ကနေ တခါမှ မလုပ်ဘူးတာတွေ လျှောက်လုပ် နေရတာတွေကြောင့် တပ်တွေမှာ အစိုးရသစ်နဲ့ တပ်ချုပ် (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) အသစ်အောက်တွင် အတော်လေး ကိုးယိုးကားရားနိုင်သော ဖြစ်ရပ်များ ဖြစ်နေရကြောင်း စစ်ဘက် နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တပ်ချုပ် အသစ်ပြောင်းပြီ ဆိုသော်လည်း နိုင်ငံအကြီးအကဲလည်း မဟုတ်၊ တပ်ချုပ်လည်း မဟုတ်တော့တဲ့ ဗိုလ်ချုပ်မှူးကြီး အပွင့်တပ်ထားသော ဦးသန်းရွှေအား မည်ကဲ့သို့ ဆက်ဆံသွားရမည်ကို နားမလည်သလို သတင်းစာတွေ၊ တီဗွီတွေ၊ စာစောင်တွေမှာ ပါနေတဲ့ ဦးတည်ချက် (၁၂) ရပ်တွေ၊ ပြည်သူ့သဘောထားတွေကလည်း မပြောင်းလဲသေးတာကို တွေ့နေရတာကြောင့် ခေါက်ရိုးကျိုးနေတဲ့ ပုံစံခွက်သာဖြစ်ကြောင်း တပ်တွင်းမှာ တီးတိုး ဝေဖန်နေကြပါတယ်။ အစိုးရရဲ့ သတင်းထုတ်လွှင့် ချက်တွေကလည်း မပြောင်းလဲသေးတာကို တွေ့နေရပါတယ်။ စစ်သည်တွေရဲ့ နားမလည်နိုင်မှုကို အရာရှိတွေကလည်း ရှင်းပြဖို့ အတော်ခက်ခဲနေတဲ့ အနေအထားရှိကြောင်း သိရှိရပါတယ်။ ဒီလိုအခြေအနေမှာပဲ တပ်မတော်က ဆက်လက်ချုပ်ကိုင်ထားတဲ့ တပ်မတော် စီးပွါးရေးဦးပိုင် လီမိတက်ရဲ့ အစုရှယ်ယာများကို အရာရှိ/စစ်သည် အားလုံး မဝယ်မနေရဆိုသော ညွှန်ကြားချက်က ရုတ်တရက် ထွက်လာလို့ တပ်တွင်းကို အတော် ဂယက်ရိုက်စေခဲ့ပါတယ်။ အရင်ကတော့ လေတပ်စခန်းအလိုက် ဌာနချုပ်တစ်ခုလျှင် သိန်း (၃ဝဝ) ကျပ် ပြည့်အောင် ထည့်ဝင်ရမည် ဆိုတာသာ ရှိခဲ့ပြီး မပြည့်သော တပ်များအတွက် ကက (လေ) အစီအစဉ်နဲ့ ထည့်ပေးထားတယ်ဆိုကာ စစ်ရေးချုပ်ရုံးမှ တဘက်လှည့်ဖြင့် ငွေတွေ ထည့်ပေးထားရတယ်လို့ သိခဲ့ရပါတယ်။ တပ်တွေရဲ့ သက်သာချောင်ချိရေးအတွက် တပ်မတော်အစိုးရလက်ထက် ဆောင်ရွက်ပေးတာဖြစ်လို့ ပြည်ခိုင်ဖြိုးကို မဲပေးဖို့ ဌာနချုပ်မှူးများအား မဲဆွယ်စေသော ထောက်ပံ့ကြေးအနေဖြင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဦးပိုင် အမြတ်ငွေများ ပိုရရှိကာ တပ်များရဲ့ သက်သာချောင်ချိရေး လုပ်ငန်းအချို့ အဆင်ပြေသလို ရှိခဲ့ပါတယ်။


ဒီလို စေတနာ ဗလာပွ စစ်ဌာနချုပ်များက စိုက်ပေးသလိုလိုနဲ့ ဆက်ပြီး မစိုက်နိုင်တာလား၊ စိုက်ထားတဲ့ငွေကို တဘက်လှည့်နဲ့ အရာရှို၊ စစ်သည် လစာတွေထဲက ပြန်တောင်း လာတာလား ဆိုတာကတော့ အခုထွက်လာတဲ့ ညွှန်ကြားချက်က ဦးပိုင်ကိုင်တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ တင်ပြပြီးခဲ့တဲ့ သတင်းတွေထဲမှာ အသစ် ရောက်ရှိလာတဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်တွေက ပြောင်းသွားခဲ့တဲ့ ဗိုလ်ချုပ်တွေအပေါ်မှာ စာရင်းရှင်းတမ်း မကြေလည်ကြကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဦးပိုင်ကဲ့သို့သော ငွေစာရင်းရှင်းတမ်းများ ရှုပ်ထွေးမှု ရှိနိုင်လေရာ လိုငွေပြနေမူကို အဲဒီညွန်ကြားချက်နှင့် ပြန်လည်ဖြည့်တင်းခြင်း ဖြစ်နိုင်ကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သုံးသပ် တင်ပြလာပါတယ်။


သို့သော်လည်း ဦးပိုင် ထည့်ဝင်ငွေဟာ ထည့်ပြီးရင် အတိုးနှုန်းနည်းနည်းနဲ့ အမြတ်ငွေကိုသာ တစ်နှစ် တစ်ကြိမ် ထုတ်ပေးပြီး အရင်းကိုတော့ ပြန်ထုတ်ခွင့် မရှိတဲ့အတွက် အရာရှိ/စစ်သည် တစ်ဦးချင်းမှ ထည့်ဝင်ရန် မည်သူမှ စိတ်မဝင်စားကြပါ။ ဒါပေမယ့်လည်း အာဏာလွဲပြောင်းမှု အပြီးမှာပဲ တပ်မတော်သားများအားလုံး ရှယ်ယာဝင်ရန်နှင့် ထည့်ဝင်ရမည့် သတ်မှတ်ပမာဏအား ထုတ်ပြန်ခဲ့ရာမှာ မျက်လုံးပြူး ကြရပါတော့တယ်။ စစ်သည်အားလုံးက တစ်ဦးလျှင် (၁၅) သိန်းကျပ်၊ ဒုဗိုလ်မှ ဗိုလ်မှူး အဆင့်ထိက (၃ဝ) သိန်းကျပ်၊ ဒုမှူးကြီးနဲ့ အထက်က သိန်း (၅ဝ) ကျပ်လို့ ဆိုပါတယ်။ ဒီပမာဏ ပြည့်မီအောင် လစာထဲက ဖြတ်သွားမယ်လို့ ပြောသလို အချို့သော တပ်များကိုတော့ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များရဲ့ ဒေသရံပုံငွေမှ အချိုးကျ ထည့်ပေးမယ် လို့လည်းဆိုပါတယ်။ အခုကာလမှာ တစစ တိုးလာတဲ့ ကုန်ဈေးနှုန်းနဲ့ မလောက်ငတဲ့ လစာရိက္ခာ၊ များပြားလှသော သင်တန်းများရဲ့ စရိတ်များအကြား လုံးခြာလည်လိုက်နေကြသော အရာရှိ/စစ်သည်များအတွက် နားလည်ရခက်တဲ့ ဦးပိုင်ရှယ်ယာ ဖြစ်လာပါတယ်။ လစာထဲက ဖြတ်ရင်လည်း ဒီ ပမာဏဟာ အတော်များသလို အာဏာပိုင်တွေက ထည့်ပေးမယ် ဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ ပြီးတော့ ဒီ ငွေတွေကို ပြန်ထုတ် မရတော့တဲ့အတွက် တပ်မှထွက်သွား ရင်ဘဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် တပ်ထဲမှာ မရှိတော့ရင်ဘဲဖြစ်ဖြစ် ဦးပိုင်က အမြတ်ထွက်နေမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တပ်ထဲကနေ မထွက်အောင် စပေါ် တောင်းထားသလိုပဲလို့လည်း အရာရှိအများစုက တွက်ဆ ပြောဆိုနေကြပါတယ်။ အရပ်သားအစိုးရ လို့သာဆိုသော်လည်း ယခင်အတိုင်း မပြောင်းလဲသေးတဲ့ အနေအထားကို စိတ်မသက်သာစွာ ကြည့်နေရင်းမှာဘဲ ဦးပိုင်ရှယ်ယာ အိပ်မက်ဆိုးက ခြောက်လှန့်လာပြန်ပါပြီ။ မပြောင်းလဲတာကမှ ပိုကောင်းဦးမယ်လို့ တပ်မှူးအချို့ ညီးတွားနေကြသလို ၂ဝ၁၁ အနာဂတ်သည် စိတ်ဝင်စားဖွယ် ကောင်းလှပါကြောင်း စစ်ဘက်နီးစပ်သူများမှ သတင်း ပေးပို့လာပါတယ်။

ဖိုးတရုတ်ကင်း

Sunday, April 24, 2011

ပန်ကြားချက်

မိတ်ဆွေများခင်ဗျား

အောက်ဖေါ်ပြပါပန်ကြားလွှာကို ပြည်တွင်းတွင် ကျယ်ပြန့်စွာ ဆောင်ရွက်နေပါသည်။ မိတ်ဆွေများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ဒေသများတွင် ဆက်လက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေး စေလိုပါသည်။ စုဆောင်းရရှိသော လက်မှတ်များကို အဖွဲ့ချုပ်ထံ ပြန်ပို့ခြင်း၊ မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာ သံရုံးများမှတဆင့် ဦးသိန်းစိန်ထံ ပေးပို့ခြင်းကို အဆင်ပြေသလို ဆောင်ရွက် နိုင်ပါသည်။

လေးစားစွာဖြင့်

A Request for the Implementation of Measures that Would Lead to National Reconciliation and Peace and Tranquility in the Republic of the Union of Burma

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း သာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးရန် မေတ္တာရပ်ခံပန်ကြားခြင်း။

U Thein Sein

President

Republic of the Union of Burma

Date 17, April 2011

Subject: A Request for the Implementation of Measures that Would Lead to National Reconciliation and Peace and Tranquility in the Republic of the Union of Burma

Mr. President,

We sincerely desire national reconciliation and peace and tranquility in the Republic of the Union of

Burma. We would like to submit to you and the newly formed cabinet that unlike the usual run of elected bodies, the present administration cannot confine itself merely to development works for the country during its five year tenure. The new cabinet must discharge the grave responsibility of opening a new page in the history of the country by firmly establishing a genuine democratic system.

The people are looking to you and your cabinet to fulfill this duty satisfactorily.

We desire the new administration to demonstrate its magnanimity and positive attitude and to prove its commitment to democratic practices by the immediate and unconditional release of all prisoners of conscience; by the speedy institution of conditions under which Burmese individuals and organizations at present taking refuge overseas can return to our country in comfort and security; and by the resolution of political issues, including problems relating to armed ethnic groups, through dialogue and negotiation.

We desire, Mr. President, that you and your cabinet should strive for the promotion of essential democratic principles and practices. Genuine national reconciliation and peace talks with armed ethnic groups constitute the best single means whereby the true benefit of the people could be realized. The people long for a cease-fire agreement between the Tatmadaw and armed ethnic groups and for the peaceful solution of political problems through meaningful dialogue.

Therefore as an initial step towards a negotiated settlement that would lead to national reconciliation, we would request the government to release instantly and unconditionally all prisoners of conscience; to declare immediately a cease-fire between the Tatmadaw and armed ethnic groups; to resolve political conflict through dialogue; and to create conditions that would enable individuals living as refugees in various countries abroad to come back to Burma in comfort and security.

People Desirous of Democracy and Peace

သို့

ဦးသိန်းစိန်

နိုင်ငံတော်သမ္မတကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ - ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်။

(မြန်မာနှစ်ဆန်းတစ်ရက်- ၁၃၇၃-ခုနှစ်)

အကြောင်းအရာ။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း သာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးရန် မေတ္တာရပ်ခံပန်ကြားခြင်း။

နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်း သာယာရေးကို ရိုးသားစွာဖြင့် လိုလားကြသူများဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သစ်ကို မေတ္တာရပ်ခံ တင်ပြလိုသည်မှာ လက်ရှိ နိုင်ငံတော် အစိုးရသစ်သည် သာမန်ရွေးကောက်တင်မြှောက်ခံ အစိုးရတစ်ရပ်ကဲ့သို့ တိုင်းပြည်ဖံွ့ ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ငါးနှစ်သက်တမ်းအတွင်း ထမ်းဆောင်ရုံမျှဖြင့် လုံလောက်မည်ဟု မယူဆနိုင်ပါ။ အစိုးရသစ်သည် မြန်မာ့နိုင်ငံရေး သမိုင်း စာမျက်နှာသစ်ကို ဖွင့်လှစ်သည့် ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ ဖော်ဆောင်ပေးရမည့် ကြီးလေးသော တာဝန်ကို ထမ်းရွက်ဖော်ဆောင်ရမည့် အစိုးရတစ်ရပ် ဖြစ်ပါသည်။

သမ္မတကြီးနှင့်သမ္မတကြီး၏အစိုးရသစ်သည် ထိုတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဟု ပြည်သူလူထုအနေဖြင့် မျှော်လင့် တောင့်တ လျှက်ရှိကြပါသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက် ရှိသည့်ပြဿနာများကို အောင်မြင်စွာ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေး အပါအ၀င်၊ အစိုးရသစ် အနေဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးအကျဉ်းချ ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးခြင်း၊ ပြည်ပရောက် အဖွဲ့အစည်း အသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိ နေကြသူများ၊ ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို လုံခြုံ အေးချမ်းစွာဖြင့် မိမိတို့ နေရပ်သို့ ပြန်လာနိုင်မည့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးခြင်းဖြင့် သဘောထား ကြီးမားစွာ အပြုသဘော ဆောင်ကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း ပြသစေလိုပါသည်။

စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားရန် သမ္မတကြီးနှင့် သမ္မတကြီး၏ အစိုးရသစ်အနေဖြင့် အကောင်းဆုံး စွမ်းဆောင် ပေးစေ လိုပါသည်။ စစ်မှန်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး တို့နှင့် နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေးတို့ သည်သာ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား စစ်ရေးအရအပြန် အလှန်တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်း ရပ်စဲပြီး၊ နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန်နှင့် နိုင်ငံတော်၏ ပြဿနာ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာ ကြရန်ကိုလည်း ပြည်သူများက မျှော်လင့် တောင့်တလျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် အတွက် ပဏာမခြေလှမ်းအဖြစ် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်း ရပ်စဲပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန်နှင့် ပြည်ပရောက် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသူများ၊ ဒုက္ခသည်များ အဖြစ် ခိုလှုံနေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို လုံခြုံအေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့်အခြေအနေများ အမြန်ဆုံး ဖန်တီး ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးလိုလားသူများ



လက်မှတ်ထိုးပုံစံ

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၁)

ကြပ်ပြေးကို ကြောက်ပြေး ပြေးရတဲ့ နအဖရဲ့ ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ


စာဖတ်သူများခင်ဗျား -

ကြပ်ပြေးကို ပြေးရတဲ့ အကြောင်းရင်းကိုဖတ်ရလို့ ပြည်တွင်းက တပ်နဲ့ နီးစပ်သူက နောက်ကွယ် ဇာတ်လမ်းများ ရှိနေသေးတဲ့အကြောင်း ဖြည့်စွက်ပေးပို့လာပါတယ်။

ကြပ်ပြေးကို ရွေ့ဖို့ ၂၀၀၁ -၂၀၀၂ ခုနှစ်ကတည်းက စတင်အကောင်အထည် ဖေါ်လာကြောင်း၊ ယခင် အတွင်းရေးမှူး (၂) က ရဟတ်ယာဉ်ပျက် သေဆုံး၊ အတွင်းရေးမှူး (၃) က အရေးယူခံရလို့ ပြုတ်နဲ့ နအဖလည်း ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ပေးခဲ့ရကြောင်း၊ အဲဒီနောက် ဗိုလ်သူရရွှေမန်းကို ညှိနှိုင်းကွပ်ကဲရေးမှူးဆိုပြီး အစဉ်အလာ မရှိဘဲ ရာထူးတီထွင် ခန့်အပ်ခဲ့လို့ ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွှန့်တို့က ဘ၀င်မကျခဲ့ကြောင်း၊ ဗိုလ်ရွှေမန်းကိုယ်တိုင် စစ်ရုံးကို ရောက်ခါစမှာ မီးစင်ကြည့် ‘က’ ပြီးသတိထားနေရတာကို သွားရောက် တွေ့ဆုံခဲ့တဲ့ သူ့ရဲ့တပည့် (လယ်/ဆည်) ၀န်ကြီးဌာန ကစက်ရုံမှူး ဗိုလ်မှူးတစ်ဦးထံမှ သိခဲ့ရကြောင်း၊ ဗိုလ်ရွှေမန်းရဲ့ မဟေသီ ဒေါ်ခင်လေးသက်ဟာ ကျောင်းဆရာမဖြစ်ခဲ့လို့ ဗိုလ်သန်းရွှေရဲ့ အသည်းကျော် ဖိုးလပြည့်ကို ထိန်းရင်း စာသင်ပေးဖို့ စိတ်ချရတဲ့သူ လိုနေတာကို စစ်ဖက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းက ရှာဖွေနေချိန်မှာ လိုင်းဝင်သွားပြီး နေရာ ရလာကြောင်း၊ ဗိုလ်သန်းရွှေက Balance of Power ထိန်းတဲ့ အနေနဲ့ ကြပ်ပြေးမှာ ဒုဗိုလ်ချုပ်မှူးကြီးတစ်ဦး၊ ရန်ကုန်မှာ ဒုဗိုလ်ချုပ်မှူးကြီးတစ်ဦးထားကာ ဗမာပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုခွဲ၊ ရုံးထိုင်စေပြီး ဗိုလ်ရွှေမန်းကို ထိုးတင်ခဲ့ဖို့ လျာထားခဲ့ကြောင်း၊ မူလက ကြပ်ပြေးကို စစ်ရုံးတစ်ရုံးကိုသာ ပြောင်းရွေ့ဖို့ ရည်ရွယ်ခဲ့ကြောင်း၊ နောက်ပိုင်း ဗိုလ်ခင်ညွှန့်နဲ့ နောက်ပါ တသိုက်လုံးကို ဖြုတ်၊ ထုတ်၊ ချ ခဲ့လို့ သူတို့ရဲ့ အတွင်းစည်း သိနေတဲ့သူများ ပီပီ အန္တာရယ် ကြီးမားလာနိုင်လို့ အားလုံးရွေ့ခဲ့ကြောင်း၊ ထိုစဉ် ရန်ကုန်မြို့မှာ ဗုံးကွဲခဲ့တဲ့ နေရာ (၃) နေရာအနက် တစ်နေရာဖြစ်တဲ့ Junction 8 Supermarket ဟာ (၈) မိုင် မရမ်းကုန်း ကုန်းမြင့်သာ စစ်ရုံးနဲ့ အလွန်နီးနေလို့ နအဖတုန်လှုပ် ချောက်ချားခဲ့ရကြောင်း၊

အမေရိကန်ကလည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတွေက အာဏာရှင်များကို နှိပ်ကွပ်နေလို့ သူတို့ ရုံးစိုက်နေတဲ့ (၈) မိုင် စစ်ရုံး အဆောက်အဦးဟာ ကျဉ်းမြောင်း နေပြီး ဒုံးကျည်တစင်းနဲ့ပစ်ခွင်းလိုက်ရုံနဲ့ ဗိုလ်သန်းရွှေရဲ့ ရုံးနဲ့ အိမ်တော်ကြီးပါ ကိစ္စချော သွားမှာဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေရဲ့ ရုံးတက်ရုံးဆင်း၊ Golf ရိုက်၊ အိမ်ပြန် လှုပ်ရှားမှုများကို ဂြိုလ်တုနှင့်ကြည့်ပါက အသေးစိတ် မြင်တွေ့နိုင်ကြောင်း၊ အကြောက်ပို နေကြတဲ့ ဗိုလ်ချုပ်တွေရဲ့ ချဲ့ကား ပြောဆိုမှုကြောင့်လည်း ဗိုလ်သန်းရွှေ ခင်မျာ စားမ၀င် အိပ်မပျော် ဖြစ်နေရကြောင်း၊ အယူအဆ အစွဲအလမ်း ကြီးမားပြီး အာဏာရူးသွပ်နေတဲ့ မကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုးဝင်းကို ၀န်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ် ခဲ့ခြင်းဖြစ်ကြောင်း၊နန်းပြောင်းနန်းလွှဲ ဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ ဆရာများက ပြောကြကြောင်း၊ ဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်းမှ အကြားအမြင် ဆရာမတစ်ဦးရဲ့ တိုက်တွန်းမှုအရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို ယခုလည်း မပြောင်းရအောင် ပြောင်းဖူး စိုက်ခိုင်းနေကြောင်း၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်း ဖြစ်သော်လည်း ယတြာ အချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူ သွားကြောင်း၊ ကြပ်ပြေးကို ကြောက်ပြေး ပြေးတဲ့ နအဖရဲ့  ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများဖြစ်ပါသည်။

နအဖဟာ ကြပ်ပြေးကိုပြောင်းတဲ့အခါ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁ နာရီ အချိန်မှာ ၀န်ကြီးတွေရဲ့  ပါးစပ်ဖျား နှုတ်ကနေ “ထွက်ပြီ”……..”ထွက်ပြီ” လို့ ရွတ်ဆိုစေပြီးမှ ရန်ကုန်က ကားတန်း ထွက်လာခိုင်းကြောင်း သိရပါတယ်။ ဆက်လက်ပြီး အာဏာမြဲစေဖို့ ယတြာ အစီအမံနဲ့ ထွက်တာ ဖြစ်ပါတယ်။ မူလက ကြပ်ပြေးကို စစ်ရုံးတစ်ခုတည်းသာ ပြောင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၀န်ကြီးဌာနများကိုပါ ပြောင်းရွေ့ခဲ့လို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရကြောင်း၊ ၁၉၈၈ အရေးအခင်း သင်ခန်းစာကို ရယူပြီး အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တယား ထိန်းချုပ်နိုင်ဖို့ ၀န်ကြီးဌာနများကို တစ်ပါတည်း ခေါ်ခြင်းဖြစ်ကြောင်း၊ ၀န်ကြီးများကလည်း ကြပ်ပြေးမှာ ဗိုလ်သန်းရွှေရဲ့ ထုထောင်းခြင်းခံရမှာ စိုးလို့ လက်အောက်ခံ လုပ်ငန်း၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး အဆင့်ထိကို တပါတည်း ခေါ်ဆောင်သွားကြောင်း၊

ဒါကြောင့် အုပ်ချုပ်မှု အခက်အခဲ ပြဿနာများစွာ တက်လာကြောင်း၊ ကြပ်ပြေးမှာ ၀န်ကြီးဌာနများ နေရာလုပွဲကြီး ဖြစ်နေလို့ နယ်စပ်စည်ပင်ဝန်ကြီး ဗိုလ်သိန်းညွှန့်အား ကြပ်ပြေးမြို့တော်ဝန်ခန့်ကာ လူမိုက်အဖြစ် တာဝန်ပေးခဲ့ကြောင်း၊ အသံလွှင့်ရုံ နေရာမှာ ကန့်သတ်ချက်တွေ ရှိတာကြောင့် တပ်ကုန်းမြို့မှာ ရွေးသင့် မသင့် အခက်အခဲဖြစ်နေကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ PA ဗိုလ်ကြီးတစ်ဦးဆိုရင် စိတ်ပျက်လက်ပျက် ဖြစ်နေသလို တချို့ ၀န်ကြီးတွေဆိုရင် ကြပ်ပြေးရဲ့ လွင်တီးခေါင်ကို ကြည့်ပြီး မျောက်မှိုင် မှိုင်နေကြတယ်လို့ သိရကြောင်း၊ ဗိုလ်မောင်အေးကလည်း ကြပ်ပြေး တည်ဆောက်ရာမှာ အနည်းဆုံး ဒေါ်လာသန်း (၃၀၀) ကုန်ကျမှာကို မလိုလားကြောင်း၊ နောက်ဆုံးတော့ ကန့်လန့်ကာ နောက်ကွယ်က ကြိုးကိုင်သူ မကြိုင်ကြိုင်ရဲ့ ကကြိုးဇာတ်ကွက် အတိုင်းသာ ‘က’ ရတော့ကြောင်း၊

ကြပ်ပြေးရဲ့  အကြီးဆုံး ကန်ထရိုက်ကို ဗိုလ်ရွှေမန်းရဲ့  သားဖြစ်သူ အောင်သက်မန်းပိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီက ရသွားပေမဲ့ တကယ်တမ်း ဆောက်လုပ်ရေး လုပ်ငန်း မနိုင်မနင်း ဖြစ်လာချိန်မှာ မန္တလေးက ဆောက်လုပ်ရေး ကန်ထရိုက်များကို ခေါ်ယူခွဲပေးရကြောင်း၊ ဘိလပ်မြေများကို ပြည်တွင်းက မလုံလောက်လို့ ထိုင်းနိုင်ငံမှ တရားဝင် သွင်းခွင့် ဖွင့်ပေးရကြောင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်ဘို၊ ဗိုလ်အောင်သောင်း တို့ဟာ လူထုကို ရက်စက်စွာ နှိပ်ကွပ်သလောက် သူတို့ အလှည့်ကျမှာ ကြောက်အား ပိုတတ်ကြောင်း၊

ဗိုလ်သန်းရွှေဆိုရင် သူအာဏာ သိမ်းလိုက်တဲ့ သူ့ရဲ့ ကျေးဇူးရှင် ဗိုလ်စောမောင်နှင့် တပ်ရင်း တစ်ရင်းမှာ တွေ့ဆုံခဲ့စဉ်က ရန်သူနှင့်တိုက်ပွဲ ပြီးဆုံးသွားလို့ တပ်ခွဲမှူး ဗိုလ်စောမောင်က တပ်စုမှူး ဗိုလ်သန်းရွှေကို ကတုတ်ကျင်းထဲမှ ချော့မော့ခေါ်ယူ ရတဲ့အထိ သတ္တိရှိကြောင်း၊ ဗိုလ်မောင်ဘိုဟာ ခလရ (၈၁) မှာ ဒုတပ်ရင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်ကလည်း ရန်သူနှင့် တိုက်ပွဲဖြစ်ခဲ့စဉ်က ကတုတ်ကျင်းထဲတွင် ကြောက်ဒူးတုန် ၀ပ်နေတာမျိုး၊ ရပခတိုင်းမှူး ဘ၀က လမ်းကြောင်းမှာ ခြုံခိုချမယ်လို့ ကြိမ်းဝါးထားတဲ့ SSA ရဲ့ အသံကို ကြောက်လန့်ပြီး ကားထဲမှာ သူထိုင်နေကျ နေရာမှာ မထိုင်ဘဲ သူ့တပည့်နဲ့ နေရာလဲ ထိုင်လိုက်လို့ အစားထိုး ၀င်လိုက်တဲ့ သူ ကျဆုံးသွားရကြောင်း၊

သူကိုယ်တိုင်ကတော့ ကိုယ်ဝန်ဆောင် မိန်းမများကိုတောင် မချန်ဖို့ ရက်စက်စွာ သတ်ဖြတ်ခိုင်းခဲ့သူဖြစ်ကြောင်း၊ ဗိုလ်အောင်သောင်း ဆိုရင် အင်းလျားလမ်းမှာရှိတဲ့ သူ့အိမ်ပတ်ပတ်လည်ကို လျှပ်စစ်လိုင်း လွှတ်ထားတဲ့ သံဆူးကြိုးများ ချထားကြောင်း၊ ကြပ်ပြေးရှိ တောင်ကြီးများကို ထွင်းဖေါက်ပြီး လှိုင်းခေါင်းထဲမှာ ဂူအောင်း သတ္တ၀ါအဖြစ် ဗိုလ်သန်းရွှေက နေမည်ဖြစ်ကြောင်း၊ အမေရိကန်နဲ့ အာဖဂန်နစ္စတန် တောင်ကြောများအတွင်း ခိုအောင်းနေတဲ့ တာလီဘန်များကို တုန်ခါအား ပြင်းထန်တဲ့ ဒုံးနဲ့ဗုံးကြီးများဖြင့် မြေဖို့ သတ်လိုက်တဲ့ ဖြစ်စဉ်များရှိကြောင်း၊

ဒါကြောင့် ဗိုလ်သန်းရွှေ အနေနဲ့ မြေကြီးအောက် တူးဆွကာ Underground နေရင်တော့ သူလုပ်ထားတဲ့ အကုသိုလ်ကြောင့် ငရဲမင်းကြီးက အ၀ီစီငရဲသို့ လွယ်ကူစွာ ခေါ်ယူမှာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ ငလျင်ကြောဟာ ကြပ်ပြေးမှာ ရှိနေတာကြောင့် အကြောက်ပိုတဲ့ ဗိုလ်သန်းရွှေဟာ မေမြို့ကို ဒုတိယ နေပြည်တော်အဖြစ် ပြောင်းရန် ကြံဖန်နေပြန်ကြောင်း စသဖြင့် ကြပ်ပြေးကို ကြောက်ပြေး ပြေးရတဲ့ နအဖရဲ့ ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများကို အပိုင်းလိုက်ဆက်လက်တင်ပြသွားပါမည်။

ဖိုးတရုတ်ကင်း

Saturday, April 23, 2011

ဆွမ်းကြီးလောင်း လေတပ်အပြောင်းအရွေ့သတင်း

၁၁-၄-၂၀၁၁ ည ၁၀ နာရီကျော်မှာပင် စစ်ရုံးမှ ကြီးမှူးကျင်းပတဲ့ အထူး နှစ်ပတ်သင်တန်းအား တက်ရောက်ဖို့ အမည်စာရင်းတွေကို အမိန့်ုထုတ်ပြန်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က လေသူရဲ pilot (၉) ဦးနဲ့ အင်ဂျင်နီယာ (၉) ဦး၊ စုစုပေါင်း (၁၈) ဦး ပါဝင်ပြီး ရာထူးတိုးမြင့်ရေး အမိန့်မှာ ဗိုလ်မှူးကြီး (၄) ဦး ပါရှိပါတယ်။ လေသူရဲပိုင်းလော့ (၉) ဦးတွင် D.S.A - 37 မှ (၄) ဦးနဲ့ D.S.A - 38 မှ (၂) ဦး၊ တေဇ - ၂၂ မှ (၁) ဦးနဲ့ တေဇ - ၂၀ မှ (၁) ဦးဖြစ်ကာ စီနီယာအကျဆုံး အနေဖြင့် D.S.A - 36 က (၁) ဦးတို့ အသီးသီး ပါဝင်ပါတယ်။

D.S.A - 38 က (၂) ဦးဟာ ခေတ်မှီ ဂျက်တိုက် လေယာဉ်များ ဖြစ်ကြတဲ့ Mig - 29နဲ့ F - 7 တို့မှ ဖြစ်နေတာကြောင့် အဲဒီ နှစ်ပတ်သင်တန်းပြီးတာနဲ့ ဒုဗိုလ်မှူးကြီးအပွင့် တန်းတင်မယ်လို့ သိရပါတယ်။ အင်ဂျင်နီယာတွေကတော့ O.T.S - 96 က ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး (၄) ဦးမှာလည်း F - 7 မှ ဒုဗိုလ်မှူးကြီး အောင်မျိုးအေးဖြစ်ပြီး အမိန့်ထွက်ကတည်းက အပွင့်တင်ပြီး ဖြစ်နေကြောင်း သိရပါတယ်။ စစ်တပ်ထုံးစံအရ Officiating ကာလ လုံးဝ မရှိတာကို တွေ့ရှိရပါတယ်။ ဒီအမိန့်တွေကြောင့် ဗိုလ်မှူးအဆင့်မှာတင် ခွက်ပျောက်စစ်ဗိုလ်ဘ၀ ရောက်နေတဲ့ စက်မှုလက်မှု ဌာနခွဲအောက်က O.T.S - 85 မှ ဗိုလ်မှူးများ အနေနဲ့ မျှော်လင့်ချက် မရှိတော့သလို ဗိုလ်ကြီးဘ၀နဲ့ ခွက်ပျောက်စစ်ဗိုလ်ဖြစ်နေတဲ့ D.S.A - 38 ရဲ့အရှေ့မှ ပြန်တမ်းဝင် ဗိုလ်ကြီးများအားလုံးလည်း ဘာဆက်လုပ်ရမယ်မသိ ဖြစ်ကုန်ကြကာ တချို့က နှစ်သစ်ကူး ပြန်အဖွင့်မှာ ထွက်စာတင်ဖို့တောင် ပြင်ဆင်နေကြကြောင်း သတင်းပေးပို့လာပါတယ်။

ဖိုးတရုတ်ကင်း

Thursday, April 21, 2011

စံပြအကျဉ်းသား

အနက်ရှိုင်းဆုံး ပင်လယ်ပြာရဲ့ ရင်ဘတ်မှာ
အခိုင်အမာစိုက်ထူထားတဲ့
အမျှော်လင့်ဆုံးမိုးကောင်းကင်ရဲ့ ကျောက်စာတစ်ချပ် ။
လွတ်မြောက်ရေးအတွက်
မလွတ်မြောက်တဲ့ ဘ၀နဲ့
လွတ်မြောက်မဲ့ ဘ၀တွေရဲ့ အဖြည့်ခံပြယုဂ် ။
အဖိနှိပ်ခံ လူတန်းစားရဲ့
နာကျင်မှု့ဝေဒနာ
ဒဏ်ရာတွေဗရပွနဲ့ပြုံးပြနေတဲ့ ကဗျာ ။
ကမ္ဘာကြီးအသက်ရှင်နေသရွေ့
ဘယ်တော့မှ အရှုံးမပေးဘူးတဲ့ ဟေ့
ဝင်သက်ထွက်သက်မပြ
မျက်စိမှိတ် နားပိတ် နှုတ်ဆိတ်ခြင်း သင်္ကေတနဲ့
အခိုင်အမာ သန္နိဋာန်ချ
ငြိမ်သက်စွာ ဆန္ဒပြနေတဲ့သဏ္ဍာန် ။
ပင်လယ်ကိုအာခံ
ရေလှိုင်းကိုအံတု
မုန်တိုင်းကို ရန်မပြုပဲ
ကြောက်စိတ်ကို လျှစ်လျှူရှု့
ယုံကြည်မှု့ အားမန်ဇွဲနဲ့
(အဏ္ဍ၀ါရေလွှာအောက်က)
မဟာပထ၀ီမြေထုကို ကျားကန်ဆွဲ
ဒါဟာ....
လွဲမှားခြင်းမရှိသေးတဲ့ အမှန်တရား
လွတ်မြောက်မှု့မရသေးတဲ့ ငြိမ်းချမ်းရေးသမား
စံပြအကျဉ်းသား ၊၊ ၊၊


အမောင်(ပီနန်)
၂၆.၃.၂၀၁၁(၀၃း၁၆)

Wednesday, April 20, 2011

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေး - အပိုင်း (၂)

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေးကို ဆက်လက်တင်ပြသွားပါမယ်။ တရုတ်နိုင်ငံကိုတော့ ကယ်တင်ရှင်၊ ကျေးဇူးရှင်ကြီးသဖွယ် သဘောထားကာ လေးစားကြောက်ရွံ့တဲ့ ဆက်ဆံရေးအသွင်မျိုး ထားရှိတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အရေးယူခဲ့စဉ်က တရုတ်နိုင်ငံအား ကြိုတင်အသိမပေးလိုက်ရလို့ (၁ဝ) ရက်ခန့်အကြာ တရုတ်ပြည်သို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း သွားရောက်ရှင်းလင်း ပြောဆိုခဲ့ရပြီး တရုတ်ရဲ့ ဆက်ဆံရေး အမြင်မကြည်လင်မှုကို အကြောဖြေ ပေးခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား အရေးယူ ထောင်ချနှိပ်ကွပ်ခြင်းမှ ပယ်ဖျက်ပေးရကာ ဆိုင်းငံ့ ထောင်ဒါဏ်နဲ့ အကျယ်ချုပ်အဆင့်သို့ လျော့ချပေးခဲ့ပါတယ်။

ဒီနေရာမှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို တရုတ်က သံယောဇဉ်ဖြစ်ရတဲ့ အကြောင်းရင်းတစ်ရပ် ရှိခဲ့ပါတယ်။ ဧရာဝတီမြစ်အတွင်း တရုတ်သဘောင်္များ သွားရောက်ခွင့်ကို အလည်အပတ် ရောက်နေတဲ့ တရုတ်သမ္မတ ကျန်ဇီမင်းနဲ့ အလွတ်သဘော သဘောတူညီခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စိတ်ပြောင်းသွားကာ ပယ်ဖျက်ခဲ့တဲ့ ကိစ္စအပေါ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က တရုတ်သမ္မတအား ငပလီသို့ ခေါ်ဆောင်သွားပြီး အကြောဖြေပေးခဲ့ရပါတယ်။

စစ်အာဏာရှင်တွေဟာ UWSA “၀” တွေကို ကိုင်တွယ်လို့မရ ဖြစ်နေချိန်မှာ တရုတ်နိုင်ငံအပေါ် ဘ၀င်မကျ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံကလည်း စစ်အာဏာရှင်တွေဘက် ရပ်တည်ပေးခဲ့ပါတယ်။ နိုင်ငံတကာ ဖိအားကြောင့် စစ်အာဏာရှင်တွေအား ရွေးကောက်ပွဲကို ဆောလျှင်စွာလုပ်ဖို့ တိုက်တွန်းခဲ့တာမျိုးနဲ့ မြန်မာပြည်ရှိ တရုတ်များကို စိုးရိမ်ပူပန်တာမို့ ကာကွယ်စောင့်ရှောက်ဖို့ ပြောခဲ့တာမျိုး ရှိခဲ့ပါတယ်။ ဒါကို စစ်အာဏာရှင်တွေအနေနဲ့ အကွက်ကောင်းယူပြီး ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းခဲ့သလို UWSA က ကလန်ကဆန် လုပ်နေတာကိုလည်း လက်ညှိုးထိုးကာ တရုတ်အား ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ ပြောခဲ့ပါတယ်။

အမှန်တကယ်တော့ စစ်အာဏာရှင်တွေဟာ တရုတ်နိုင်ငံကို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလို့ လေသံပစ်နေသော်လည်း လေးလပတ် အစည်းအဝေးတွေမှာ တရုတ်ကို အမှန်တကယ်ချစ်လို့ မဟုတ်ဘဲ ဟန်ပြသက်သက် ချစ်ဟန်ဆောင်နေကြောင်း ပြောဆိုနေတာကို သိရပါတယ်။ ထိုင်ဝမ်ထောက်လှမ်းရေးကို မန္တလေးမှာ မိခဲ့ရာ တရုတ်ပြည်မကြီးကို သတင်းမပို့ဘဲ တန်ပြန်ထောက်လှမ်းရေး နှစ်ဘက်ချွန် အသုံးချခဲ့ပါတယ်။

အရေးကြီးသော နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကို အဓိကစည်းရုံးဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဦးသောင်းအား တာဝန်ပေးသလို တရုတ်နိုင်ငံအား စည်းရုံးဖို့ ဦးရွှေမန်းအား တာဝန်ပေးပြီး မြောက်ကိုးရီးယားနိုင်ငံအား ချဉ်းကပ်ဆက်သွယ်ဖို့ ဦးရွှေမန်းနှင့် ဦးတင်အေးတို့ကို အသီးသီး တာဝန်ပေးခဲ့ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ပိုမိုသဘောကျလို့ ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ ပါသေးတယ်။ တရုတ်နိုင်ငံထုတ်ထက် ရုရှားနိုင်ငံထုတ် စစ်လက်နက် ခဲယမ်းပစ္စည်းတွေ တိုက်လေယာဉ်တွေရဲ့ အရည်အသွေးတွေဟာ ပိုမိုကောင်းမွန်တာမို့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို စစ်အာဏာရှင်တွေဟာ အရေးထား လိုလားတာ တွေ့ရပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူ အားပေးပြီးတော့ စီးပွားရေး အခွင့်အလမ်းတွေပေးရင်း အင်အားကြီးနိုင်ငံတွေရဲ့ ဗီတို အာဏာတွေကို ရယူခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ နျူကလီးယားကိစ္စနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံအား တိုက်ရိုက် အားပေးနေတာကို နိုင်ငံတကာက ထောက်ကွက်ဖြစ်မှာစိုးလို့ ဆင်ဝှေ့ရန်ရှောင် လုပ်ခဲ့တာမျိုး တွေ့ရပါတယ်။ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းက ရုရှားနိုင်ငံကို စေလွှတ်မယ့် တပ်မတော် အရာရှိများအား မှာကြားခဲ့ရာမှာ နျူကလီးယားနည်းပညာကို တတ်မြောက်အောင် မသင်နိုင်ပါက ခိုးယူခဲ့သည်အထိ အောက်လမ်းနည်းဖြင့် ရအောင်ယူခဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

တကယ်တမ်း တပ်မတော်ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မကြာခဏ ပြောပြောနေတဲ့ လက်သုံးမူဝါဒအရ ဗမာ့နည်း ဗမာ့ဟန် တီထွင်ကြံဆကြဖို့ ညွှန်ကြားခဲ့ရာ ပေါချောင်ကောင်း စက်မှုဇုံ ဂျစ်ကားမှသည် ဆယ်ဘီး ကုန်တင်ကားထိ ဖြတ်ညှပ်ကပ် လုပ်ခိုင်းနေရာမှ မောင်းသူမဲ့လေယာဉ် (UAV) အပါအဝင် လေယာဉ် ကိုယ်ပိုင် ထုတ်လုပ်ရေးအထိ ညွှန်ကြားချက်ပေးနေတာဟာ လေထဲတွင် တိုက်အိမ်ဆောက်ခိုင်းသလို ဖြစ်နေပါတယ်။ ယခုလည်းဘဲ နျူကလီးယား ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားခိုင်းနေရာ ရုရှားနိုင်ငံမှ ပြန်လာသော စစ်ဗိုလ်များဟာ မတောက်တခေါက် ဖြစ်နေတာကြောင့် တစ်ချိန်က သံတမန်အဆက်အသွယ် ဖြတ်ထားတဲ့ မြောက်ကိုရီးယားကို ပြန်လည်ခြေလှမ်း လှမ်းတဲ့အထိ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲနိမ့်ကျနေပေမဲ့ မြောက်ကိုးရီးယားနိုင်ငံကို ပြန်လည် ဆက်သွယ်ပြီးတော့ အနုမြူဓာတ်ပေါင်းဖို နည်းပညာ ရရှိရေးအတွက် စည်းရုံး ဆောင်ရွက်ဖို့ မဟာဗျူဟာချမှတ်ခဲ့ပါတယ်။ တကယ်တမ်း အန္တရာယ်ရှိပြီး သာမန်လူ မသိနိုင်သေးတဲ့ အချက်ကို ထပ်မံ ဖြည့်စွက် တင်ပြလိုတာက စစ်အာဏာရှင်တွေဟာ နျူကလီးယားဗုံးထက် ၎င်းနျူကလီးယားဗုံးကို သယ်ဆောင်ပစ်ခတ်နိုင်တဲ့ မြေပြင်မှ မြေပြင်ပစ် အမျိုးအစား တာလတ်ပစ်နဲ့ တာဝေးပစ် ဒုံးပျံများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ရယူပိုင်ဆိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

မြောက်ကိုးရီးယား အနေနဲ့ကလည်း စားနပ်ရိက္ခာ ပြတ်တောက်နေချိန်မှာ မြန်မာနိုင်ငံက လက်နက်၊ ခဲယမ်း ရယူလိုမှုနဲ့ ငွေကြေးအစား သူတို့လိုလားနေတဲ့ ရိက္ခာနဲ့ လဲလှယ် နိုင်ဖို့အတွက် သံတမန်ရေးကို ပြန်လည်ဆက်သွယ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ မြောက်ကိုးရီးယားက သင်္ဘောတွေကို လူလူချင်း စာနာထောက်ထားမှု ခေါင်းစဉ်နဲ့ နိုင်ငံတကာမှ ပိတ်ဆို့ထားမှုကြားထဲမှာ မျက်နှာပြောင်တိုက်ကာ မိမိဆိပ်ကမ်းတွင် ကပ်ခွင့်ပေးပြီးတော့ မြောက်ကိုးရီးယားနိုင်ငံရဲ့ ကုန်သဘောင်္တွေကတဆင့် ဒုံးပျံ လက်နက် ခဲယမ်းတွေကို ၀ယ်ယူ ဖြည့်တင်းခဲ့ပြီးလည်း ဖြစ်ပါတယ်။ သို့သော်လည်း တောင်ကိုးရီးယား စစ်ဘက်ပညာရှင်များနှင့် မြောက်ကိုးရီးယား စစ်ဘက်ပညာရှင်များအား တပြိုင်နက်တည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့မသိအောင် ကပစ စက်ရုံများတွင် နေရာချထားခဲ့တာ ကြည့်ခြင်းဖြင့် ရန်သူနှစ်နိုင်ငံတို့က မိမိနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးလာမှုကို အလွှဲသုံးစားလုပ်ကာ ဆက်ဆံသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

Sunday, April 17, 2011

သန်းရွှေနဲ့မင်းအောင်လှိုင် ဘယ်သူနိုင်

၁၀ - ၄ -၂၀၁၁ ရက်နေ့မှစကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓါတ်ပုံများအား တပ်အသီးသီးရှိ ချိတ်ဆွဲထားရာ နေရာအသီးသီးမှ ဖြုတ်ပြီး သေချာစွာ သိမ်းဆည်းထားရန် ကကကြည်းမှ ညွှန်ကြားခဲ့ပြီး ချက်ချင်း ဆောင်ရွက်ရန်နှင့် ဖြုတ်ပြီးကြောင်း ဖုံးဖြင့်ပြန်လည် တင်ပြကြရန်လည်း ညွှန်ကြားထားကြောင်း သတင်းပေးပို့လာပါသည်။

ထို့ပြင် ယခင် ဗိုလ်ချုပ်မှူးကြီး၏ အစီအစဉ်အရ အရပ်ဘက် ၀န်ကြီးဌာနအသီးသီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ၀န်ကြီးဌာန အသီးသီးရှိ လစ်လပ်ရာထူးများနှင့် တိုက်ဆိုင် ပြင်ဆင်ထားသော တပ်မတော်မှအရာရှိများ (ဒုဗိုလ်မှူးကြီးမှ ဗိုလ်ကြီးအဆင့်) အမည်စာရင်းအား အတည်ပြုရန် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြရာ ကြည်းတပ်မှအပ ကျန်ရေတပ်၊ လေတပ်နှင့် လက်ရုံးတပ်ဖွဲ့များမှ အရာရှိများအား ဆိုင်းငံ့ထားရန် ညွှန်ကြားလာသဖြင့် လေချုပ် ရေချုပ် အပါအ၀င် ဗိုလ်ချုပ်များအားလုံးက အံ့သြသွားခဲ့ကြသည်ဟု သိရှိရပါသည်။ ဦးသန်းရွှေဓါတ်ပုံဖြုတ်ရန် အမိန့်နှင့်အတူ ယခု ဖြစ်စဉ်ကြောင့် ဦးသန်းရွှေ၏ အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွေ့ရန် စီစဉ်ထားသည့် အမိန့်ကို တပ်ချုပ်အသစ်မှ မလိုက်နာတော့သော သဘောဟုတ်/မဟုတ် စဉ်းစားစရာ ဖြစ်နေကြောင်း၊ တပ်ချုပ်အသစ် အနေဖြင့် ဦးသန်းရွှေ၏ အမိန့်အား မလိုက်နာတော့ဟု ဆိုပါက ဦးသန်းရွှေမှ ဒီအတိုင်း ကြည့်နေ/မနေ ဆိုသည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ ရှေ့ရေးအား တပ်မှူးများ၊ ဗိုလ်မှူးအဆင့် အရာရှိများအထိက စဉ်းစား ဆွေးနွေးစရာများအဖြစ် နှစ်သစ်ကူးပိတ်ရက်တွင် ပြောဆိုနေကြကြောင်း အထူးသတင်းအဖြစ် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ စစ်ဖက်နီးစပ်သူများမှ သတင်း ပေးပို့လာပါသည်။

အထက်ပါ သတင်းများကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး ဖြစ်သွားသော ယခင် စစ်ဦးစီးဗိုလ်မှူးကြီး(စက်မှုလက်မှု) ဗိုလ်မှူးကြီးချန်မောင် ယခုဦးချန်မောင်နှင့် ချိတ်ဆက်ကာ ၀န်ကြီးဌာနအသစ်သို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြသော လေတပ်မှ ခွက်ပျောက်စစ်ဗိုလ် အုပ်စုဝင်များအကြားတွင် မကျေနပ်မှုများ ဖြစ်ပွါးနေကြကြောင်းလည်း သိရှိရပါသည်။ ယခင်တပ်ချုပ်မှ တပ်မတော်အတွင်း ရာထူးလည်း မပေးနိုင်၊ ကြည်းတပ်နဲ့ လေတပ်မှအရာရှိအများစု အနေနှင့် အခြားသော အရပ်ဘက်ဝန်ထမ်းများကို မထိခိုက်သည့် ၀န်ကြီးဌာန အသစ်သို့ ပြောင်းရန် ပြင်သောအခါတွင်မှ ယခုလို ပြောင်းရွေ့ခွင့် မရသေးခြင်းသည် သူတို့၏ အခွင့်အလမ်းကို ပိတ်သည်ဟု ထင်မြင် ယူဆနေကြ၍ မကျေမနပ် ဖြစ်နေကြကြောင်းလည်း သတင်းပေးပို့လာပါသည်။

ဖိုးတရုတ်ကင်း

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေး - အပိုင်း (၃)


စစ်အာဏာရှင်တွေဟာ မြောက်ကိုးရီးယားနဲ့ ပါကစ္စတန်နိုင်ငံက နျူကလီယား နည်းပညာကို ရယူထားဖို့ ကြိုးစားနေသလို ရုရှားနိုင်ငံနဲ့လည်း စွမ်းအင်ကဏ္ဍ ခေါင်းစဉ်နဲ့ နျူကလီယား ဓာတ်ပေါင်းဖိုစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသားညီလာခံမှာ အခြေခံဥပဒေ ရေးဆွဲခဲ့စဉ်က နိုင်ငံတကာမှ မျက်စိလည်သွားအောင် နျူကလီးယားကိစ္စကို စွမ်းအင်ကဏ္ဍအထဲမှာ ထည့်သွင်းပြီး သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန လက်အောက်ခံအဖြစ် သွတ်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံများကို တန်ပြန်နိုင်ဖို့ အာဆီယံထဲသို့ ၀င်ရောက်နိုင်ရေးအတွက် မလေးရှားနိုင်ငံဝန်ကြီးချုပ် မဟာသီယာထံ ချဉ်းကပ်ကာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကတိတွေ အမျိုးမျိုးပေး ကြိုးစားခဲ့ပါတယ်။ ဥပမာ မလေးရှားနိုင်ငံကို တနင်္သာရီတိုင်းမှာ ဆီအုန်းစီမံကိန်း ဒေါ်လာသန်းပေါင်းများစွာ အကျိုးတူ ဆောင်ရွက်ခွင့် ရင်းနှီးမြုပ်နှံခွင့် ပေးခဲ့ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယူကိုလည်း စီးပွားရေး အခွင့်အလမ်းများပေးပြီး အာဆီယံ ၀င်ရောက်နိုင်ရေး ထောက်ခံမှု ရရှိစေဖို့် ကြိုးပမ်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုတော့ အခြေခံဥပဒေ ရေးဆွဲရာမှာ အတုယူသွားမယ်လို့ လေသံပစ်ကာ စည်းရုံးခဲ့ပြန်ပါတယ်။ တကယ်တမ်း အခြေခံဥပဒေ ထွက်လာတဲ့အခါ အင်ဒိုနီးရှားလို မဟုတ်ဘဲ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်မှ ထာဝစဉ် ပါဝင်နိုင်ရေး စီမံချက်နဲ့ (၂၅%) ထည့်သွင်းခဲ့ပါတယ်။

အာဆီယံနိုင်ငံ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေကို ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့အား စေလွှတ်ကာ ဆက်ဆံရေး ခိုင်မြဲစေဖို့နဲ့ အာဆီယံအတွင်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှု ဆုံးဖြတ်ချက် ချမှတ်ခဲ့ရင် ကန့်ကွက်မှု ပေးနိုင်ဖို့ ကြိုတင်ညှိနှိုင်းခဲ့ပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံအပေါ် စီပွားရေး ပိတ်ဆို့မှုအား ရုတ်သိမ်းဖို့ အာဆီယံမှ လေသံပစ်လာပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက် ရှင်းလင်းခွင့်အား တားဆီးခဲ့သလို ကုလသမဂ္ဂက ဆုံးဖြတ်ချက် ချမှတ်ရာမှာလည်း အာဆီယံ နိုင်ငံများအနေနဲ့ ကြားနေမဲကိုသာ ပေးနိုင်ဖို့ သံတမန်ဆက်ဆံရေးအား အစွမ်းကုန် ကျင့်သုံးထားပါတယ်။ အာဆီယံဥက္ကဌဖြစ်ခဲ့ဖူးတဲ့ ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် တစ်ဦးအား သံအမတ်ကြီးအဖြစ် စေလွှတ် တာဝန်ပေးခဲ့ကာ စည်းရုံးထားခဲ့ပြန်ပါတယ်။

ဒါ့အပြင် ဘက်မလိုက် နိုင်ငံများနှင့် တတိယနိုင်ငံများဖြစ်ကြတဲ့ တောင်အာဖရိကနိုင်ငံနှင့် ကျူးဘားနိုင်ငံလိုမျိုး နိုင်ငံငယ်တွေကို ကုလသမဂ္ဂမှာ စစ်အာဏာရှင်တွေဘက် ရပ်တည် နိုင်ဖို့အတွက် သံတမန်ဆက်ဆံရေးများ တိုးမြှင့် စေလွှတ်ထားခဲ့ပါသေးတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေကို အနောက်တိုင်း နိုင်ငံများမှာတော့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားလို့ လှုပ်ရှား ဆောင်ရွက်ရာမှာ အကန့်အသတ်နဲ့သာ လုပ်ဆောင် နေကြရပါတယ်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံအတွင်းမှာ ဒေါ်လာငွေအစား ယူရိုငွေ ပြောင်းသုံးခိုင်းပါတယ်။ အမေရိကန်ထက်စာရင် ဥရောပနိုင်ငံများဟာ သဘောထား ပိုမိုပျော့ပြောင်း တတ်တာမို့ ဂျာမနီနှင့် နော်ဝေနိုင်ငံလိုမျိုး၊ ပိုလန်နိုင်ငံလိုမျိုးတို့ကိုလည်း ထိုးဖောက် စည်းရုံးခဲ့တာ တွေ့နိုင်ပါတယ်။

အမှန်တကယ်တော့ စစ်အာဏာရှင်တွေအနေနဲ့ သူတို့ရဲ့ အတွင်းစိတ်မှာ အမေရိကန်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုကို လိုလားနေကြတာဖြစ်ပြီး အီဂျစ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံမျိုးလို ဟန်ပြဒီမိုကရေစီ ကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကို အမေရိကန်နိုင်ငံက မဟာမိတ်နိုင်ငံများရဲ့ လုံခြုံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ရှေးရှုကာ အခြေအနေအရ ထောက်ခံအားပေးတဲ့ ပုံစံလိုမျိုး လိုလားနေကြကြောင်း သုံးသပ်ရပါတယ်။

အမေရိကန်နိုင်ငံကသာ ထောက်ခံအားပေး ထောက်ပံ့လာမယ်ဆိုရင် အချိန်မရွေး တရုတ်နိုင်ငံကို ပစ်ပယ်ဖို့ ဝန်မလေးတတ်တဲ့အထိ နိုင်ငံတကာဆက်ဆံရေးကို အရှင်ထားတာ တွေ့ရပါတယ်။ စစ်အာဏာရှင်တွေဟာ ဗီဇာအပိတ်ခံရလို့ အခက်အခဲ ဖြစ်နေချိန်မှာ အမေရိကန်ရောက် မြန်မာဆရာဝန်များကို စည်းရုံးပြီး အမေရိကန်အစိုးရထံ ချဉ်းကပ်ခဲ့တာ တွေ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ မူဝါဒဟာ တိုက်ရိုက် ထိတွေ့ဆက်ဆံရေးအဖြစ် ပြောင်းလဲလာမှုအပေါ် စစ်အာဏာရှင်တွေက ကြိတ်ပြီးဝမ်းသာနေပါတယ်။ မူလက ဗီဇာများ ပိတ်ဆို့ထားတဲ့အပေါ် အမေရိကန်အစိုးရထံ ချဉ်းကပ်စည်းရုံးနိုင်ဖို့ ခက်ခဲနေတာလည်း လမ်းပွင့်သွားပါတယ်။ စစ်အာဏာရှင်တွေဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားနိုင်ရေးအတွက် တိုင်းပြည်တိုးတက်မှုနဲ့ နှိုင်းယှဉ်ပြီး ထောက်ပြဝေဖန်နေပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံ အစိုးရရဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးဟာ လက်တွေ့မှာ အလုပ်မဖြစ်ဘဲ စစ်အာဏာရှင်တွေသာ အကျိုးရလဒ် ရရှိသွားမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မူဝါဒဟာ လက်ရှိ အစိုးရအသစ်အပေါ်မှာ ဆက်လက်စောင့်ကြည့်မယ် ဆိုပြန်နေလို့ ဒီမိုကရေစီရရှိရေး နီးစပ်လာဖို့ထက် ပိုမိုကြန့်ကြာသွားမှာ ဖြစ်ပါတယ်။

ယခုတက်လာတဲ့ သမ္မတအသစ် ဦးသိန်းစိန်ဟာလည်း ယခင်က ၀န်ကြီးချုပ်ကို ရာထူး တိုးပေးလိုက်သလိုမျိုး ဖြစ်နေတာမို့ ထူးမခြားနားဖြစ်သွားမှာ သေချာပါတယ်။ ဦးသိန်းစိန်နဲ့ ပတ်သက်ပြီုး စာရေးသူကိုယ်တွေ့ ကြုံတွေ့ရမှု ဖြစ်စဉ်သာဓကတစ်ခုမှာ စာရေးသူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရုံးရဲ့ စစ်ဦးစီးမှူး (ပထမတန်း) တစ်ဦးက ညည်းတွားပြီး ပြောဆိုရာတွင် ဦးသိန်းစိန်ကြီးဟာ ကရင်ပြည်နယ် စစ်ဆင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံမရှိဘဲ မာနယ်ပလောဌာနချုပ်ရဲ့ ရှေ့ကာကင်း စခန်းတွေကို သူ့စိတ်တိုင်းကျ ဖြုတ်ပစ်နေတဲ့အတွက် အန္တရာယ်ရှိနေကြောင်း ပြောတာ ကြားခဲ့ရပါတယ်။

ဒါ့အပြင် ဦးသိန်းစိန်ဟာ အုပ်ချုပ်မှုကိစ္စဖြစ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ စီမံခန့်ခွဲရေးတွေမှာ အထူး အားနည်းကြောင်း သိရပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ဟာ လက်တွေ့သမားမဟုတ်ဘဲ စာတွေ့သက်သက်သာ ရုံးလုပ်ငန်းဆန်ဆန် လုပ်နေသူဖြစ်ရာ နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ နိုင်ငံတိုးတက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအား ကြိုးပမ်းဖို့နေနေသာသာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံရေးတွေမှာတောင် ကြိုးပမ်းမှု အလှမ်းဝေး နေသေးတဲ့ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေးကို ခြုံငုံသုံးသပ်ရရင် ဒီမိုကရေစီ ဖော်ဆောင်ရေး ကတိတွေ အထပ်ထပ်ပေးပြီး ပျက်ကွက်ခဲ့တာတွေ၊ အထူးကိစ္စတစ်ရပ်ဆိုတဲ့ စကားလုံးကို ကြားဖြတ်သုံးကာ ချမှတ်ထားတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို မကြာခဏ ပြင်ခဲ့တာတွေ၊ လူခင်ရင် မူပြင်ပြီး လူမုန်းရင် မူသုံးခဲ့တာတွေ၊ သူတို့ရဲ့ ရပ်တည်ရေးနှင့် လုံခြုံရေးကို အဓိကထားပြီး စည်းရုံးဖော်ဆောင်တာတွေ၊ အမှန်တကယ် နိုင်ငံရဲ့ လုံခြုံရေးဟာ စိုးရိမ်ရမှု မရှိဘဲ စစ်အင်အားကြီးမားအောင် တိုးချဲ့ ဖြည့်တင်းနေတာတွေ၊ အနုမြူ လက်နက်ပိုင်ဆိုင်ကြတဲ့ မြောက်ကိုးရီးယားနိုင်ငံနှင့် အင်အားကြီးမားတဲ့ အီရန်နိုင်ငံလိုမျိုးကို အားကျနေတာတွေ၊ စစ်အာဏာရှင်တွေရဲ့ အတွင်းစိတ်ကို ခန့်မှန်းလို့မရဘဲ ပွင့်လင်းမှု မရှိတာတွေ၊ သူတို့ရဲ့ စိတ်ရင်းအမှန်မှာ နိုင်ငံခြားကို အထင်မကြီးဘဲ ပြည်တွင်းမှာ ဖြစ်သလို ကိုယ့်အားကိုယ်ကိုးဆိုတဲ့ စကားလုံးလှလှနဲ့ ပျားရည်ဆမ်းပြီး ပြည်သူတွေအား မျက်စိပိတ်၊ နားပိတ်၊ တံခါးပိတ်ဝါဒ ကျင့်သုံးလိုတာတွေကြောင့် တိုင်းပြည်တိုးတက်ရေးကို မငဲ့ကွက်တဲ့ ဆက်ဆံရေးသာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ ထိုင်ဝမ်ထောက်လှမ်းရေးကို ဖမ်းမိခဲ့စဉ်က အမြဲတမ်းကူညီ ရပ်တည်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ကျေးဇူးကို မထောက်ထားဘဲ နှစ်ဖက်ချွန်လုပ်ခဲ့လို့ ကျေးဇူးကန်းလိုစိတ်ရှိတာ သုံးသပ်ရပါတယ်။ စစ်ရုံးမှ လူကြီးများ မကြာခဏ နားမဆံ့အောင် ပြောလေ့ရှိတဲ့ နောင်ရွေးကောက်ပွဲအသစ် ပြီးရင်လည်း ငါတို့ စစ်တပ်ဘဲ ဆက်အုပ်ချုပ်သွားမှာ ဆိုတာကြောင့် ဒီမိုကရေစီကို အသွင်ကူးပြောင်းရေး အတွက်လည်း စိတ်အားထက်သန်မှု လုံးဝမရှိပါကြောင်း တင်ပြလိုက်ပါတယ်။

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေး - အပိုင်း (၁)

စစ်အာဏာရှင်တွေဟာ သူတို့ အာဏာတည်မြဲရေးအတွက် နိုင်ငံတကာနဲ့ဆက်ဆံရေးကို ဘယ်လို မဟာဗျူဟာ ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားတယ်ဆိုတာ တင်ပြချင်ပါတယ်။ ပြည်ပရောက် ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ မြန်မာပြည်တွင်းက ကျောင်းသူကျောင်းသားတွေ ရဟန်းသံဃာတွေ ပြည်သူလူထုတွေအနေနဲ့ နိုင်ငံတကာရဲ့ ဖိအားကို ထိထိရောက်ရောက် ပြန်လည် ရယူစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

အိမ်နီးနားချင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို စစ်အာဏာရှင်တွေဟာ သူတို့အတွင်းစိတ်မှာ အမြဲတမ်း ရန်လိုပြီး သတိထားနေတဲ့ ဆက်ဆံရေးမျိုး ထားရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံတကာ ရေပိုင်နက် နယ်နိမိတ်ကို ကန့်ကွက်ခဲ့တာကြောင့် ရခိုင်ပြည်နယ်က ရွှေဂက်စ်ကို အိပ်မက် မက်နေတဲ့ စစ်အာဏာရှင်များအား ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ နယ်နိမိတ် ခြံစည်းရိုးများ ခတ်ခြင်းနှင့် တိုင်းစစ်ဌာနချုပ် တပ်များအပြင် တပ်မတပ်များလည်း အလုံးအရင်းနဲ့ နေရာချပေးထားတာကို ကြည့်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်အပေါ် တန်ပြန်စစ်အင်အားနဲ့ တုန့်ပြန်ကြောင်း ပေါ်လွင်နေပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ မြန်မာရေတပ်ထက် ပိုမိုခေတ်မှီနေတာရယ်၊ တရုတ်ပြည်က F-7 ဂျက်တိုက်လေယာဉ်များကို ၀ယ်ယူတာခြင်း အတူတူ ဘင်္ဂလားဒေ့ရှ်က F-7 ဂျက်တိုက်လေယာဉ်များက မြန်မာနိုင်ငံထက် ပိုမိုခေတ်မှီတာ ၀ယ်ယူနိုင်တာရယ်ကြောင့် ဘယ်လိုမှ မယှဉ်နိုင်တာ မြန်မာစစ်တပ်က တပ်မတော်သားတွေ အသိဆုံး ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ လာအိုနိုင်ငံနဲ့တော့ အလွမ်းသင့်ပြီးတော့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို စီးပွားရေး မက်လုံးပေးကာ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့လို့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင် အိန္ဒိယအစိုးရအား တော်လှန်ပုန်ကန်နေတဲ့ နာဂများကို မင်္ဂလာဒုံ စုပေါင်းရိပ်သာတွင် ခေါ်ယူကာ လက်နက်ယူမလားဆိုကာ “ကုလားတွေကို ချပစ်လိုက်” လို့ မြှောက်ပင့်ပေးခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံကို ရင်ဆိုင်နိုင်ဖို့ နောက်ကျော လုံခြုံရေးအတွက် အိန္ဒိယနိုင်ငံကိုလည်း စီးပွားရေး မက်လုံးတွေ ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယကို ပုန်ကန်နေတဲ့ နာဂသူပုန်တွေကို အဖြစ်သဘောသာ နှိမ်နင်းပေးပြီးတော့ Power Balance လုပ်ကာ နိုင်ငံတကာ ဆက်ဆံရေးကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် တည်ဆောက်ထားပါတယ်၊၊ အိန္ဒိယနိုင်ငံမှ အနောက်နိုင်ငံလုပ် အမြောက်၊ လက်နက်၊ ခဲယမ်း၊ တိုက်ရေယာဉ်များကိုလည်း တောင်းခံခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံကြီးကို တန်ပြန်နိုင်ဖို့ အမေရိကန်အား ရန်လိုတဲ့ မြောက်ကိုးရီးယားနိုင်ငံ၊ ကျူဘားနိုင်ငံနှင့် လစ်ဗျားနိုင်ငံ၊ အီရန်နိုင်ငံလို အာရေဗျ နိုင်ငံများနဲ့လည်းကောင်း၊ မီဒီယာဖြစ်တဲ့ အယ်ဂျားဇီးယား ရုပ်သံအသံလွှင့် ဌာနများနဲ့လည်းကောင်း ဆက်သွယ် စည်းရုံးကာ အင်အားစုတစ်ခု တည်ဆောက်ရေး ရည်ရွယ်ချက်အရ အမျိုးမျိုး ဆက်ဆံထားခဲ့ပါတယ်။ စစ်အာဏာရှင်တွေဟာ စီးပွားရေး ပိတ်ဆို့မှုဒဏ်က ကာကွယ်နိုင်ဖို့ ဆော်ဒီအာရေဗျနိုင်ငံလို အာရပ်နိုင်ငံများမှ ချေးငွေတွေကို ရယူဖို့ ကြိုးစားနေသလို အာဏာရှင်မိသားစုများရဲ့ ကိုယ်ပိုင် ဓနဥစ္စာ၊ ငွေကြေးတွေကို စင်ကာပူမှ ဒူဘိုင်းသို့ လွှဲပြောင်းနိုင်ရေးကိုလည်း ကြိုးစားထားပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ မဟာဗျူဟာအရ ဦးတည်ရန်သူအဖြစ် ထိုင်းနိုင်ငံကို သတ်မှတ်ထားသည်နဲ့အညီ နိုင်ငံတကာဆက်ဆံရေးအရ အထူးသဖြင့် ထိုင်းနိုင်ငံအား သတိထား ဆက်ဆံနေပါတယ်။ ထိုင်းနိုင်ငံအား လိုအပ်လာရင် စစ်ပြင်ထားဖို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) ခြေလျင်၊ တင့် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတွေကိုလည်း လေ့ကျင့်ထားခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ အကဲဆပ်တာမို့ နယ်စပ်တံခါးများအား ယခုဆိုရင် လနဲ့ချီပြီး ပိတ်ထားဆဲ ဖြစ်ပါတယ်။ နအဖမှာ နယ်စပ်တံခါး ပိတ်ရတဲ့ ရည်ရွယ်ချက် ၀ှက်ဖဲ(၃)ချပ် ရှိတယ်လို့ ကုန်သည်အသိုင်းအ၀ိုင်းမှ သိရှိရပါတယ်။

လွှတ်တော်ခေါ်ယူပြီး နောက်အစိုးရ တက်လာပြီ ဖြစ်တာမို့ စီးပွားရေးအရ ဖရိုဖရဲ ဖြစ်နေတာကို ထိန်းသိမ်းဖို့နဲ့ ကျပ်ငွေတန်ဘိုး တက်စေဖို့၊ နယ်စပ်တံခါးများမှ တရားမ၀င် ၀င်ငွေရရှိနေတဲ့ ဒီကေဘီအေအား နယ်ခြားစောင့်တပ် အပြည့်အ၀ လက်မခံတဲ့အတွက် ဖိအားပေးရေး ဖြစ်စေဖို့နဲ့ ထိုင်းနိုင်ငံအား နိုင်ငံရေးအရ ဖိအားပေးရန် စီးပွားရေးအကြပ်ကိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ကို အလည်အပတ် ဖိတ်ဖို့ မကြာခဏ အချိန် ရွှေ့ဆိုင်းခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လေကြောင်းချီတပ်ဖြင့် မြန်မာပြည်အလယ်ပိုင်းသို့ ထိုးဖေါက် တိုက်ခိုက် လာမယ်ဆိုရင် တန်ပြန်တိုက်ခိုက်နိုင်ဖို့ အစီအမံများအပြင် MIG – 29 ဂျက်တိုက် လေယာဉ်များနှင့် MIG-24 ရဟတ်ယာဉ်များ ရောက်ရှိလာရာ လေကြောင်းစစ်ဆင်ရေးအား မိတ္ထီလာတွင် လေ့ကျင့်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိုင်းစစ်တပ်အပေါ် နအဖစစ်တပ်ရဲ့ အမြင်ကတော့ အချိန်မရွေး တိုက်လို့ရတယ်၊ ရာဇဝင်အရ ငယ်နိုင်ဖြစ်တယ်၊ နယ်စပ်တံခါးများကို ပိတ်လိုက်ရင် ထိုင်းလည်မျိုကို ညှစ်လို့ရတယ်လို့ လေးလပတ် အစည်းအဝေးတွေမှာ မကြာခဏပြောခဲ့သလို အထူးသဖြင့် ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် နယ်စပ်တိုက်ပွဲများကြောင့် လေသံများ ပိုမို မာထန်လာခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးမှအပြန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အစီးနင်းခံရလို့ ထိုင်းနိုင်ငံအပေါ် ပိုပြီး ဒေါသူပုန် ထခဲ့ဖူးပါတယ်။ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ ဖါးအံခရီးစဉ်ဟာ တကယ်တော့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်အား ထိုင်းနိုင်ငံကို တိုက်ဖို့ တာဝန်ပေးခြင်းဖြစ်ပြီး တပ်အခင်းအကျင်းနှင့် အမြောက်တပ်များ နေရာချထားဖို့ အထူးသဖြင့် (၁၅၅) မမ တာဝေးပစ် မဟာဗျူဟာ အမြောက်ကြီးများ အခြေစိုက်ဖို့ OP (အကဲကြည့်) သွားရောက် ကြည့်ရူ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအကြောင်း နှိပ်ကွပ်ဖို့ ဒေါက်တာ မတင်ဝင်းအား သမိုင်းကြောင်း ပြန်လှန်ရေးစေပြီး နေ့စဉ် သတင်းစာများတွင် ထည့်ခိုင်းခဲ့ပါတယ်။ နအဖဟာ မြန်မာနိုင်ငံထက် တိုးတက်ပြီး ဒီမိုကရေစီစနစ်ကို လက်ခံတဲ့ ထိုင်းနိုင်ငံအား ရန်လိုတဲ့ အယူအဆတွေ လွှမ်းမိုးနေသလို ထိုင်းအစိုးရနဲ့ ဆက်ဆံရေးကိုလည်း အပေါ်စီး အထက်စီးက ကြည့်တတ်ပါတယ်။ မဟာဗျူဟာအရ ထိုင်းနိုင်ငံအား ခြိမ်းခြောက်တဲ့အနေနဲ့ UWSA ‘ဝ’ တပ်ဖွဲ့များနဲ့ DKBA တပ်ဖွဲ့တွေကို နယ်စပ်၊ ခြေကုတ်စခန်းများမှာ နေရာချထားခွင့် ပေးခဲ့ပါတယ်။

ဆောင်းပါးရှင်- ဗိုလ်ထက်မင်း

Thursday, April 14, 2011

ပီနန်းမြို့ ဓမ္မိကာရာမ မြန်မာကျောင်းတိုက်(၁၉)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်

ပီနန်းမြို့ ဓမ္မိကာရာမ မြန်မာဘုန်းကြီးကျောင်း၌(၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်
ကို NLD-YOUTH သင်္ကြန် မဏ္ဍပ် မှတာဝန်ရှိသူများနှင့် ကောင်တာမှလူငယ်များ ကြီးမှူးပြီး စည်ကားသိုက်မြိုက်
စွာကျင်းပခဲ့ပါသည်။

လူငယ်များက မလေးရှားနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက် ကြသော ပရိတ်သတ်များနှင့် တစ်ဦး
ကို တစ်ဦးညီရင်းအစ်ကို မောင်ရင်းနှမများကဲ့သို့ရေကစားရင်း၊ စတုဒီသာမဏ္ဍပ်များတွင်လည်း စားသောက်ဖွယ်
ရာမျိုးစုံများကို စားသောက်ရင်း မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါသည်။

ထို့အပြင် မေမေ့ရင်သွေး တေးဂီတအဖွဲ့သားများကလည်း သင်္ကြန်ယိမ်း အကများ သင်္ကြန်သီချင်းများ
ဖြင့်လာရောက်ကြသောပရိသတ်များအားဖျော်ဖြေခဲ့ကြပါသည်။

ပီနန်းမြို့သင်္ကြန်ပွဲတော်အား nld youth လူငယ်များမှ မှတ်တမ်းတင်ဓါတ်ပုံများအား တင်ပြထားပါသည်။ ။