Saturday, April 30, 2011

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ - အပိုင်း (၄)

စာဖတ်ပရိတ်သတ်များခင်ဗျား

ယခုအပိုင်း မှာတော့ တပ်မတော်နှင့် နီးစပ်သူများက စစ်တပ်မှာ တော်သုံးတော် ရှိတဲ့အနက် အဖားတော်သူနှင့် အမျိုးတော်သူ ဘွဲ့နှစ်ဘွဲ့စလုံးအား ပိုင်ဆိုင်သူ အရာရှိကြီး ကတော် ညီအမ နှစ်ဦးရဲ့အကြောင်းနဲ့ တပ်မတော်အတွင်း ထင်ရှားတဲ့ သူတို့အကြောင်းများကို စာဖတ်ပရိတ်သတ်များ အကြိုက် ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများအဖြစ် ရေးသားပေးပို့ လာပါတယ်။ အခုလို ပေးပို့ လာတဲ့အတွက် စစ်ဖက်နီးစပ်သူများအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရင်း စာဖတ် ပရိသတ်များအား တင်ပြအပ်ပါတယ် ခင်ဗျား။

ဒေါ်တင်တင်နွဲ့နှင့် ဒေါ်တင်တင်ညွန့်တို့ ညီအမအရင်း နှစ်ဦးဟာ ပုသိမ်မြို့ဇာတိဖြစ်ကြပြီး တပ်မတော်အရာရှိဖြစ်တဲ့ သူတို့ရဲ့ အမျိုးသားတွေ ရာထူးတိုးတက်ရေး၊ နေရာကောင်း ရရှိရေးတို့အတွက် အဖားတော်ခြင်းနှင့် အမျိုးတော်ခြင်း စွမ်းရည်များကို ပိုင်ဆိုင်ခဲ့ကာ အစွမ်းကုန် လှုပ်ရှားခဲ့ကြတဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒေါ်တင်တင်နွဲ့ကို စစ်တပ် အသိုင်းအ၀ိုင်းမှာ မဖြူလို့ ခေါ်ကြပြီး ဒေါ်တင်တင်ညွန့်ကိုတော့ မနီလို့ သူတို့ရဲ့  အိမ်နာမည် အသီးသီးအား ခေါ်ကြပါတယ်။

မဖြူရဲ့အမျိုးသား ဗိုလ်ချုပ်မောင်မောင်ဆွေ (ယခု လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ယခင် လ၀က၀န်ကြီးနှင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး) ဟာ OTS (မှော်ဘီ ဗိုလ်သင်တန်းကျောင်း) မှ ဘွဲ့ရ အပတ်စဉ် (၄၇) ကြည်း/၁၂၈၂၉ ဖြင့် ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဗိုလ်ကြီးအဆင့်မှာ ပျားဂေဟာ သင်တန်းသို့ တက်ရောက်ခဲ့ကာ ပုသိမ်သူ (မမပုသိမ်သူ) စစ်သူနာပြု ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (မဖြူ) နဲ့ မဆရ (၂) စစ်ဆေးရုံမှာ တက်ရောက် ကုသနေစဉ်က တွေ့ဆုံကာ ဖူးစာဆုံခဲ့ခြင်း ဖြစ်ပါတယ်။

မဖြူဟာ လူမှုဆက်ဆံရေးမှာ အင်မတန်မှ ညက်ညောသူဖြစ်သလို သူမယောက်ျားရဲ့ အထက် အရာရှိကြီးများရဲ့  ဇနီးတွေနဲ့ စကားပြောဆိုရာတွင်လည်း ချွဲနွဲ့ကာ “ဟုတ်ကဲ့ရှင့်” အား “ရှင့်” နဲ့ “ကဲ့” ကိုဖြုတ်ကာ “ဟုတ်” တစ်လုံးထဲကိုသာ နားထဲစိမ့်နေအောင် တဟုတ်ဟုတ်နဲ့ သံယောင်လိုက် ပြောတတ် ထူးတတ်သူ ဖြစ်ပါတယ်။ စစ်သူနာပြု အမျိုးသမီးအရာရှိပီပီ လူတွေရဲ့ အကြောကို ကိုင်တတ်သူလည်း ဖြစ်ပါတယ်။ မဖြူဟာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ကတော် ဒေါ်မြမြစန်းနဲ့ စစ်သူနာပြု အမျိုးသမီး အရာရှိ (Nursing cadet) အချင်းချင်းပီပီ ညီအမသဖွယ် ရင်းနှီးမှု ရယူနိုင်ခဲ့သလို ဗိုလ်ချုပ် မောင်မောင်ဆွေဟာလည်း ဒေါ်မြမြစန်းရဲ့မောင်အရင်း ဖြစ်နေပြန်တာမို့ အလိုလို အတွင်းစည်းသို့ ၀င်ရောက်ပြီးသား ဖြစ်ခဲ့ပါတယ်။

ဒီတော့ကာ ဗိုလ်ချုပ်မောင်မောင်ဆွေဟာ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်လည်း ယောက်ဖတော်စပ်သူ ဖြစ်ပြီး အင်္ဂလန်မှ အကောင်းစား အရက်များကို သောက်မယ် ဆိုရင်တောင် ဗိုလ်မောင်အေးက ယောက်ဖကို သတိရပြီး အတူတူ အရက်သောက်ဖို့ သူတို့ အိမ်တော်ကြီးသို့ ခေါ်လေ့ခေါ်ထ ရှိပါတယ်။ တံခါးမရှိ ဓါးမရှိ ၀င်ထွက်နိုင်ခဲ့လို့ မဖြူဆိုရင် စစ်ရုံး အသိုင်းအ၀ိုင်းက လန့်ဖြန့်ကြရပါတယ်။

(NDC) နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၃) ကို ဗိုလ်ချုပ် မောင်မောင်ဆွေဟာ နတခ စစ်ဗျူဟာမှူး ဘ၀နဲ့ သင်တန်းတက်ရင်း အကောင်းဆုံး ပထမဆုအား ရရှိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများသာ တက်ရောက်ရမဲ့ အမြင့်ဆုံးသင်တန်းဖြစ်ပြီး တပ်မတော်ရဲ့ တတိယမျိုးဆက် (Third generation) လို့ ခေါ်ဆိုရမဲ့ သင်တန်းဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ ထူးချွန် ပထမဆု အဆင့် (၁) ရရင် တပ်မမှူးအဖြစ် Jump promotion ကြိမ်းသေရမှာမို့ အကြိတ်အနယ် ကြိုးစားကြပါတယ်။ အဲဒီသင်တန်းမှာ နာမည်ကြီး စာပေထူးချွန်သူများ၊ ငွေကြေးချမ်းသာသူများ၊ စစ်အာဏာရှင်များနှင့် ပတ်သက်ရာ ပတ်သက် ကြောင်း အမျိုး၊ သားတပည့် တော်စပ်ကြတဲ့ ကြည်း/၁၃၉၄၈ ဗိုလ်မှူးကြီး ကျော်သူ ၊ ကြည်း/၁၂၇၅၆ ဗိုလ်မှူးကြီး ထင်အောင်ကျော်၊ ကြည်း ၁၃၈၇၅ ဗိုလ်မှူးကြီး မြင့်လှိုင်၊ ကြည်း ၁၂၆၀၇ ဗိုလ်မှူးကြီး ရဲမြင့်၊ ကြည်း/၁၂၆၁၀ ဗိုလ်မှူးကြီး ခင်မောင်စိုး၊ ကြည်း/၁၃၀၇၉ ဗိုလ်မှူးကြီး လင်းသော်၊ ကြည်း/၁၂၈၂၀ ဗိုလ်မှူးကြီး ၀င်းသန်း စသည်တို့ကို ဗိုလ်မောင်မောင်ဆွေဟာ ကျော်ဖြတ်ပြီး အဆင့် (၁) ပထမဆုကို ရရှိသွားကာ သင်တန်းဆင်းတာနဲ့ တပ်မ (၇၇) တပ်မမှူး ဖြစ်သွားခဲ့ပါတယ်။ အဲဒီလို ပထမဆုရအောင်လည်း မဖြူက NDC ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စန်းအောင်ကို ချဉ်းကပ်ကာ မေးခွန်းများရရှိရေးနှင့် အမှတ် ကောင်းကောင်း ရရှိရေးကို အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

သူ့ရဲ့သား ကောင်းကျော်ဆွေအနေနဲ့လည်း တပ်မတော် ဆေးတက္ကသိုလ်မှာ တက်ရောက် သင်ကြားလျှက်ရှိရာ စာမေးပွဲများတွင် အဆင့်ကောင်းကောင်း ရနေတာတွေဟာ မဖြူရဲ့ စွမ်းဆောင်ချက်ကြောင့် ဖြစ်ပြီး မေးခွန်းများ ကြိုတင်ရရှိထားလို့ ဖြစ်ပါတယ်။ ကောင်းကျော်ဆွေ စာကြည့်ပြီဆိုရင် သူငယ်ချင်း ကျောင်းသားများက ၀ိုင်းဖွဲ့ပြီး သူကျက်တာ လိုက်ကျက်ကြတဲ့အထိ သဘောပေါက် နေကြပါတယ်။

ဗိုလ်ချုပ်မောင်မောင်ဆွေဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီမှူး တတိယတန်း (G-3) (ပြည်သူ့စစ်) နဲ့ စစ်ဦးစီးမှူး ဒုတိယတန်း (G-2) စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ခမရ (၃) ဘီးလင်းမြို့ မှာ ဒုတိယ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သထုံအခြေစိုက် တပ်မ (၄၄) လက်အောက်ခံ တပ်ဖြစ်လို့ ကြမ်းတမ်းတဲ့ ကရင်ပြည်နယ်လို ရှေ့ တန်း စစ်ဆင်ရေးဂွင်ကို ၀င်ရမယ်ထင်ပြီး စာဖတ်ပရိသတ်များအနေနဲ့ ပူပင်သောက မရောက်လိုက်ကြပါနဲ့။

ဒုတပ်ရင်းမှူးအဖြစ် ရောက်ပြီး နှစ်လလောက်သာနေရကာ တပ်ရင်းမှူးသင်တန်းကို ဗထူးမှာ သွားရောက်တက်ရပါတော့တယ်။ ယခင်က တပ်ရင်းမှူး သင်တန်းမှာ (၆) လ တက်ရောက်ရပြီး ဗိုလ်မောင်မောင်ဆွေ တက်တဲ့နှစ်မှာဘဲ (၄) လသာ တက်ဖို့ မူဝါဒ ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်မောင်မောင်ဆွေဟာ သင်တန်းဆင်းဆင်းချင်းမှာဘဲ ခလရ (၁၈) ဟင်္သာတမြို့မှာ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ ရပါတော့တယ်။ ၎င်းနောက် ဗိုလ်ချုပ် မောင်မောင်ဆွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ရာထူး တိုးသွားပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဗျူဟာမှူး အဖြစ် ဆက်လက်ရာထူးတိုးခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် ပထမရလို့ဆိုကာ ဒုတပ်မမှူး၊ ဒုတိုင်းမှူး မဖြစ်တော့ဘဲ Jump promotion တပ်မ (၇၇) တပ်မမှူးအဖြစ် တိုက်ရိုက် ရာထူးတိုးသွားပြီး ထိုမှတဖန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ဆက်လက် ရာထူးတိုးသွားပါတယ်။ ဗိုလ်ချုပ် မောင်မောင်ဆွေဟာ သဘောကောင်းပြီး အေးဆေးစွာ နေတတ်သူဖြစ်ကာ စစ်ရေးစစ်ရာတွင်မှု ထက်မြက်သူ မဟုတ်ဘဲ နောက်ကွယ်က မဖြူရဲ့ စွမ်းဆောင်ချက်များကြောင့် ရာထူးတိုးခဲ့သူ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် အဖါးတော်သလို အမျိုးတော်လို့ အခုလို ဒုံးပျံပမာ တဟုန်ထိုး ရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မောင်မောင်ဆွေဟာ တပ်မ (၇၇) တပ်မမှူးမှ တိုင်းမှူးသို့ မျှော်မှန်းနေချိန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်သန်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ရာထူးတက်သွားလို့ ထိပ်တန်း တိုင်းမှူး ရာထူးနေရာဖြစ်တဲ့ အဲဒီ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ရာထူးနေရာသို့ ၀င်ရောက်နိုင်ဖို့ မဖြူအနေနဲ့ ကြိုးစားပါတော့တယ်။


ဗိုလ်ချုပ် မောင်မောင်ဆွေအား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်


ဒါပေမဲ့ပေါ့ ခင်ဗျား…. အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်မြင့်ဆွေ (ဗိုလ်သန်းရွှေ အိတ်ကို အတင်းဆွဲကာ ဖါးလွန်းလို့ အိတ်ဆွဲမြင့်ဆွေဟု တပ်အသိုင်းအ၀ိုင်းမှ ခေါ်သူ) ကိုယ်တိုင်က သူ့ထက်ကဲ အမျိုးတော် အဖါးတော်ကာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ပြန်ပြောင်းလို့ ရအောင် ကြိုးစားသွားနိုင်ခဲ့ပါတယ်။ ဆိုလိုတာက ဗိုလ်မြင့်ဆွေနဲ့ သူ့ရဲ့ဇနီး ဒေါ်ခင်သက်ဌေး နှစ်ဦးစလုံးဟာ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် တို့အား အဖားတော်လွန်းသူများ ဖြစ်ကြပြီး သထုံသား ဗိုလ်မြင့်ဆွေဟာ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေမျိုးနီးစပ် တော်စပ်နေတာကြောင့် ဒေါ်တင်တင်နွဲ့ (မဖြူ) ခမျာ လင်တော်မောင်ကို ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်အောင် မလုပ်နိုင်ခဲ့ဘဲ နောက်ကောက် ကျခဲ့ရပါသေးတယ်။

ဗိုလ်မောင်မောင်ဆွေက ခပ်အေးအေးနေတတ်ကာ ယောက်ဖ ဒုတပ်ချုပ် ဗိုလ်မောင်အေး တစ်ယောက်လုံး ရှိနေပြီး ဖြစ်လို့ ဖါးတဲ့ကိစ္စမှာ ဗိုလ်မြင့်ဆွေလောက် မလုပ်ချင်တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ထမ်းဆောင်ခဲ့စဉ် သူ့ရဲ့ အထက်အရာရှိ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်သူ ဒုဗိုလ်မှူးကြီး စိုးဝင်း (ရဲချုပ်ဟောင်း) က သူတို့ လင်မယားနှစ်ယောက်အား စစ်ကုန်ကူးစားသူ အဖြစ် ရှုတ်ချ ဝေဖန်ခဲ့ဖူးပါတယ်။

အဲဒီလို ပြောရတဲ့ အကြောင်းရင်းကတော့ ဗိုလ်မောင်အေးက အရာရှိများ အပြောင်းအရွေ့ကိုင်တာ ဖြစ်လို့ ဒေါ်မြမြစန်းနဲ့ မဖြူတို့ထံ အရာရှိတွေဟာ ပြောင်းရွှေ့ရေးအတွက် လိုင်းဝင်ကြရပါတယ်။ အဲဒီလို လိုင်းဝင် ချဉ်းကပ်ထားသူတွေကိုဆိုရင် ဒုတပ်ချုပ်ရဲ့ P.A ဒုဗိုလ်မှူးကြီး ဘိုဝင်းထွန်းက ဒေါ်မြမြစန်း အမိန့်နဲ့ စစ်ရာထူးခန့်ချုပ်ထံ စာရင်းပေးလိုက်ရုံဖြင့် အလိုရှိသလို ပြောင်းရွှေ့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒ့ါကြောင့် လက်အောက်ငယ်သားများ အနေနဲ့ ဒေါ်မြမြစန်းထံ တိုက်ရိုက်ဝင်ဖို့ ခက်ခဲလို့ မဖြူထံကိုသာ ချဉ်းကပ် ၀င်ရောက်ကြရပါတယ်။ NDC သင်တန်း တက်နေတုန်းကလည်း သင်တန်းသားချင်း အတူတူ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဖုန်းမြင့်ရဲ့ ဇနီးဟာ သင်တန်းကို စိတ်မ၀င်စားတော့ဘဲ နယ်ဘက် ၀န်ကြီးဌာနကို ပြောင်းရွှေ့ပေးဖို့ မဖြူအား လာရောက်အကူအညီ တောင်းခဲ့ဘူးပါတယ်။

ဗိုလ်မောင်မောင်ဆွေဟာ ငယ်စဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး တတိယတန်း (G-3) နှင့် စစ်ဦးစီးမှူး ဒုတိယတန်း (G-2) အဆင့်များကို ဆက်တိုက် ရာထူးရရှိခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခုကလည်း ထိုစဉ်က တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မျိုးညွှန့်ရဲ့ ဇနီး စင်္ကာပူသို့ သွားရောက် ဆေးကုသမှု ခံယူစဉ် မဖြူဟာ အဖားတော်သူ စစ်သူနာပြုပီပီ အတူတူ လိုက်ပါသွားခွင့်ရယူကာ ပြုစုပေးရင်း လင်တော်မောင်အတွက် နေရာကောင်း ရရှိရေး ပြောဆိုခွင့် ရရှိခဲ့လို့ ဖြစ်ပါတယ်။

အလားတူ သူရရှိခဲ့တဲ့ တပ်မ (၇၇) တပ်မမှူးရာထူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ G- 1 နဲ့ တိုင်းမှူးရာထူးများဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းက လက်ရွေးစင် ရာထူးနေရာများ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟာ အခြားတိုင်းမှူးများထက် ပိုမိုချမ်းသာပြီး န၀တ ခေတ်က နမခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် ထောနေတာကို မပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဘက ပြုံးကာ နည်းပါသေးတယ်လို့ ခနဲ့ခဲ့ဖူးကြောင်း သိရပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မြန်မာပြည် တစ်ပြည်လုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတ အဖိုးတန် ကျောက်မျက်ရတနာများနဲ့ ကျွန်းသစ်တွေ၊ သစ်တောတွေအပြင် ယခုအခါ ယူရေနီယမ်တွေပါ ထွက်ရှိ ပိုင်ဆိုင်နေလို့ ဖြစ်ပါတယ်။ သာမန် G-1 တစ်ဦးဆိုရင် တိုင်းမှူးဖြစ်လာပါက G-1 လုပ်ခဲ့တဲ့ တိုင်းစစ်ဌာနချုပ်သို့ နှစ်ခါပြန် ပြန်ရောက်ဖို့ အခွင့်အလမ်း နည်းပါးနေသော်လည်းပဲ မဖြူဟာ သူ့ရဲ့အမျိုးသားအား မပခတိုင်းမှူးရာထူး နေရာကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ မဖြူဟာ ရှေ့ရေးကိုမျှော်တွေးကာ သူ့ရဲ့သား ကောင်းကျော်ဆွေကိုလည်း တပ်မတော် ဆေးတက္ကသိုလ်သို့ တက်ရောက်စေခဲ့ပါတယ်။ သားတစ်ယောက် သမီးတစ်ယောက်သာ ရှိပြီး သမီးကြီး အိသက်သက်ဆွေနာမည်နဲ့ စိတ်ချရတဲ့ နိုင်ငံတကာဘဏ်များမှာ ငွေကြေး ဒေါ်လာပေါင်း မြောက်များစွာကို အပ်နှံထားရှိပါတယ်။

အဲဒီနောက် ဗိုလ်မောင်မောင်ဆွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘ၀ ကချင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် တရုတ် - မြန်မာ မှောင်ခိုကုန်သည်များရဲ့ သစ်လုံးများ နယ်စပ်ခိုးထုတ်တဲ့ ပြဿနာနဲ့ အဂတိ လိုက်စားမှုမှာ သင်္ကာမကင်းဖွယ်ရာ သတင်း ထွက်ပေါ် လာရာက ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ပြောင်းရွှေ့ ခြင်း ခံခဲ့ရပါတယ်။ ကမ်းရိုးတန်း တိုင်းမှူးအဖြစ် သိပ်မနေလိုက်ရဘဲ တပ်ချုပ် ဗိုလ်သန်းရွှေက မကျေနပ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို မပေးတော့ဘဲ နယ်ဘက် ပြောင်းခိုင်းပါတော့တယ်။ ယောက်ဖ တော်သူ ဒုချုပ် ဗိုလ်မောင်အေးက နှစ်သိမ့်ဆုအနေနဲ့ သူ့ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးအပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးကိုပါ ပူးတွဲ ကိုင်တွယ် ထမ်းဆောင်ခိုင်းလို့ အောင်ဖျာလိပ်ရင်း ပြောင်းရွှေ့ခဲ့ရပါတယ်။

မဖြူရဲ့အစ်မ အရင်း မနီကတော့ ယခု သမ၀ါယမ၀န်ကြီး (ယခင် လျှပ်စစ်စွမ်းအားဝန်ကြီး၊ ရပခ တိုင်းမှူး ၊တပ်မ (၃၃) တပ်မမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သူ OTS အပတ်စဉ် (၃၀) ကျောင်းဆင်း ဗိုလ်ချုပ်တင်ထွဋ်ရဲ့ဇနီး ဖြစ်ပါတယ်။ သူတို့ ညီအစ်မ အချင်းချင်း Power ချင်းတောင် မတူညီကြဘဲ မဖြူက အမျိုးတော်လို့ မနီထက် ပိုပြီး အစွမ်းထက်ပါတယ်။ မနီရဲ့ အမျိုးသား ဗိုလ်ချုပ်တင်ထွဋ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀တုန်းက မဖြူထံ လာရောက်ပြီး ဒုတပ်ချုပ် ဗိုလ်မောင်အေး ရွှေစိတ်တော်ညှိးနေလို့ အကြောဖြေခိုင်း ခဲ့ရပါသေးတယ်။

ဗိုလ်ချုပ်မောင်မောင်ဆွေနဲ့ ဗိုလ်ချုပ်တင်ထွဋ်တို့ဟာ မယားညီအစ်ကိုဖြစ်ကြလို့ စစ်တပ် အသိုင်းအ၀ိုင်းက ဒုချုပ် ဗိုလ်မောင်အေး အရှိန်အ၀ါကြောင့် သူတို့မိသားစုများအား ကြောက်ရွံ့ နေကြရပါတယ်။ မဖြူက စစ်သူနာပြု အရာရှိ ဖြစ်သလို မနီကလည်း ကျောင်းဆရာမ ခေတ်ပညာတတ် တစ်ဦးဖြစ်တာမို့ ထက်မြက်လှသူတွေ ဖြစ်ကြပါတယ်။ ဒီလို ထက်မြက်ပြီး ဒုချုပ်ရဲ့ မိသားစုဖြစ်တဲ့ အတွက် သူတို့ကို ဘွားတော်ကြီး ဒေါ်ကြိုင်ကြိုင်က သူတို့ထက် ပိုပြီးထက်မြက် အကွက်မြင်ကာ ဘေးဖယ်လိုက်ရင်း အခုဆိုရင် ချောင်ထိုးထားလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ ရရှိတဲ့ ၀န်ကြီးဌာနတွေဟာ ခပ်ညံ့ညံ့တွေသာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် မဖြူနဲ့ မနီခေတ်က ၂၀၀၆ ခုနှစ်ထိ တပ်မတော်မှာ အရှိန်အ၀ါကြီးခဲ့သလို တစ်ခေတ်တကာလ ထခဲ့ဖူးပြီး စစ်တပ်ရဲ့ တော်သုံးတော်ထဲက အဖားတော်သူနဲ့ အမျိုးတော် သူများအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သူများ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

ဖိုးတရုတ်ကင်း

0 ယောက် အကြံပြုထားပါသည်:

Post a Comment