Tuesday, April 26, 2011

ငွေကြေးအတွက် ပစ်မှတ်ဖြစ်လာသော ဒုက္ခသည်

မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်မီးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေမှုတို့ကြောင့် နည်းမျိုးစုံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိလာကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ အနာဂတ် ဟာ နေဝင်ချိန်ကို ရောက်ရှိနေပါပြီ။

ပြည်တွင်းအစိုးရနဲ့ ပြည်ပအတိုက်အခံတွေကြား အခြေအနေ ပျက်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့ရဲ့ ဘဝ ကိုယ်စီကို အသစ် တဖန် ပြန်လည် တည်ဆောက်နိုင်ရေးတွက် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) တခုတည်းကိုပဲ အားကိုးမှီခို နေခဲ့ရတာပါ။

ဒီလိုယုံကြည်အားထားနေရတဲ့ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် စာနာကူညီလိုစိတ်ဟာ ဝိသမ လောဘသား မြန်မာ တချို့ကြောင့် အခွင့်အရေးတွေ ဆုံးရှုံး လုမတတ် ဖြစ်နေပြီးတော့ ဒုက္ခသည်တွေရဲ့ အနာဂတ် ဘဝသစ် တည်ဆောက်ရေး မျှော်လင့်ချက်တွေ ဟာလည်းပဲ မကြာခင်မှာ အိပ်မက်တခုလို ပျောက်ကွယ်သွား ရပါတော့မယ်။

ကြမ်းတမ်းလှတဲ့ လမ်းခရီးတွေကို အသက်စွန့်ပြီး နယ်စပ်အသီးသီးကို ကျော်ဖြတ်လာခဲ့ကြတဲ့ မြန်မာဒုက္ခသည် တွေဟာ ဒေသခံ အစိုးရရဲ့ အိမ်ပြန်ဖို့ ဖိအားပေးသံကို ရင်တမမနဲ့ စောင့်နေကြရပါပြီ။ ဘဝတစ်ခု အသစ်ကနေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ ဆိုပြီး ရည်ရွယ်ဖွဲ့စည်းထားကြတဲ့ ဒုက္ခသည်ကိုယ်စားပြု ရုံးတွေရဲ့ ရည်ရွယ်ချက်ဟာ ဖွဲ့စည်းခဲ့စဉ်ကနဲ့ မတူတော့ဘဲ ငွေကြေးကို အခြေခံ ဝိသမလောဘတွေ တက်လာတာကို တွေ့လာရပါတယ်။

ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းရမယ့် အနေအထားကနေ နည်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာ ကြီးပွားမှုကိုသာ ရှေးရှုလာကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေထဲမှာ တတိယနိုင်ငံ ထွက်ခွာဖို့နဲ့ ဘဝတခု ပြန်လည်နေရာချထားရေး စ၊ လယ်၊ ဆုံး ဆောင်ရွက်ချက်ဟာ အခမဲ့သာ ဖြစ်ပါတယ်။ ဒီဘောင်စည်းမျဉ်းကို ကျော်လွန်ပြီးတော့ ဒုက္ခသည် ကိုယ်စားပြုရုံးတွေဟာ UNHCR Registration တွက် ဒုက္ခသည် တစ်ဦးဆီကနေ မလေးရင်းဂစ်ငွေ ၅၀၀ ကနေ ၁၀၀၀ အထိ တောင်းယူနေကြတာကို တွေ့ရပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဘဝလုံခြုံမှုကို ရရှိစေမည့် တစ်ခုတည်းသော UNHCR ရဲ့ အထောက်အထား ရဖို့အတွက် သူတို့အနေနဲ့ ပေးနေရတာပါ။ ဒါကို သိသိလျက်နဲ့ စီးပွားရေး ဆန်ဆန် ပြုလုပ်နေကြတာဟာ ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းနေတာ မဟုတ်ဘဲ ရက်စက်နေတာလို့ ပြောရင် လွန်မယ် မထင်ပါဘူး။

အဲဒီလို ရရှိလာခဲ့တဲ့ သောင်းပေါင်းများစွာသော ရင်းဂစ် ငွေကြေးတွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ဒုက္ခသည် မြန်မာတွေရဲ့ ငွေကြေးသာ ဖြစ်ပြီးတော့ သူတို့အနေနဲ့ ထိန်းသိမ်းပေးခြင်းသာ ဖြစ်တယ်လို့ ယုံတမ်း စကားကို ပိပိရိရိ ပြောဆိုနေကြပါတယ်။ တကယ်တမ်း မလေးရှားနိုင်ငံမှာ ထောင်၊ ကမ့် တွေထဲမှာ ထိန်းသိမ်းခံ နေရတဲ့ ဒုက္ခသည် မြန်မာတွေကို ဘာတခုမျှ ကူညီထောက်ပံ့ပေးမှု မရှိကြပါဘူး။

ဒါပေမယ့်လည်း တောမီးလောင် သားကောင်ချနင်း ဆိုသလိုမျိုး အဖြစ်ပျက်တွေက ဒုက္ခသည်တွေအဖို့ ရင်နာ စရာ ကောင်းလွန်းပါတယ်။

ဒီကြားထဲမှာ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထားရှိတဲ့ စေတနာမေတ္တာကို ခမ်းစေတဲ့ လုပ်ရပ်တွေကိုလည်းပဲ မြန်မာဒုက္ခသည်တွေကပဲ ဆက်တိုက်လုပ်ဆောင်လာကြတာကို တွေ့ရှိရပါတယ်။ တတိယနိုင်ငံထွက်ခွာဖို့ စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာ UNHCR ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ကဒ်ပြားတွေကို အတုထုတ်လုပ်ပြီး တစ်ကဒ်ကို မလေးရင်းဂစ် ၂၀၀ နဲ့ ၃၀၀ ကြား ရောင်းချနေကြသလို ဘယ်နိုင်ငံကမှ ခွင့်မပြုတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို ကျူးလွန် နေကြပါတယ်။

နည်းမျိုးစုံနဲ့ မလေးရှားကို နေ့စဉ်လိုလို ဝင်ရောက်လာကြတဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ တစ်နေ့ကို ပျမ်းမျှ ၄၀ ဦးရေ မှာ ရှိနေပါတယ်။ ဒီလို များပြားလှတဲ့ ဒုက္ခသည်တွေကို အလုပ်အကိုင်၊ အဖမ်းအဆီး၊ ကျန်းမာရေးနဲ့ ယာယီ တည်းခိုနေထိုင်ခွင့် စတာတွေကို မဖြေရှင်းပေးကြပဲ Community Card အရေတွက် ပြည့်မီရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပြီးတော့ UNHCR ရဲ့ နောက်တစ်ကြိမ်ပေးမယ့် Registration ကိုသာ ဇွဲရှိရှိနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဒီလို လုပ်ရပ်တွေကြောင့်လည်းပဲ မလေးရှား အစိုးရ အပါအဝင် UNHCR ကလည်းပဲ စိတ်ပျက်လာ ပါတယ်။

ခုတစ်ကြိမ်မှာတော့ UNHCR ရဲ့ ဒုက္ခသည်တွေအပေါ် ကိုင်တွယ်လာပုံက စေ့စပ်လွန်းပါတယ်။ မလေးရှား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး UNHCR အရာရှိကြီးတွေကိုယ်တိုင် ဒုက္ခသည် အစစ်မှန်နဲ့ တရားမဝင် နေထိုင်သူတွေကို ခွဲခြားနိုင်ဖို့ လိုက်ပါ ကူညီပေးနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ ရက်သတ္တပတ်တွေက စပြီးတော့ မလေးရှားနိုင်ငံ ဒေသအသီးသီးကို အထူးစီမံချက်တွေနဲ့ ဝင်ရောက် စစ်ဆေးခဲ့ရာမှာ ဒုက္ခသည် အစစ်အမှန်တွေကို လွတ်ပေးစေခဲ့ပြီး ယူအန်ကဒ် အတု ကိုင်ဆောင်သူတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ယူအန် ကဒ် အတု လုပ်တဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီးနေတယ်လို့လည်း ကြားရပါတယ်။

ဒါပေမယ့်လည်း အတောမသတ်နိုင်သေးတဲ့ ဒုက္ခသည်တချို့ရဲ့ ဝိသမ လိုအင်ဆန္ဒ လောဘကို အဆုံး သတ်နိုင်ဖို့ ဆိုတာကတော့ သိပ်ပြီးတော့ မလွယ်ကူသေးပါဘူး။

စာရေးသူ – လင်းအာရုဏ်

0 ယောက် အကြံပြုထားပါသည်:

Post a Comment