လက်ရှိ- မြန်မာနိုင်ငံရေးဖြစ်စဉ်ကို အားမလိုအားမရဖြစ်နေတဲ့ လူတွေရှိကြပါတယ်..။ယနေ့- မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲမှုတခုဆီကို ရွှေ့လျှားဖို့ တာစူနေပြီးဆိုတာကို ငြင်းချက်ထုတ်ရင် အတောခက်ပါလိမ့်မယ်၊၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံတွင် လူတို့၏ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး...ဗိုလ်သန်းရွှေဦးဆောင်သည့် (နအဖ) လက်ထက်ထိတိုင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးစားခွင့်၊ လွတ်လပ်စွာစုရုံးခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ပြသပိုင်ခွင့် စသည့်အခွင့်အရေးများဆုံးရှုံးခဲ့ရသည်။ အာဏာရှင်အစိုးရတစ်ရပ်ဖြုတ်ချရေးအတွက် နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲဝင်ခဲ့သော်ငြားလည်း အောင်မြင်မှုမရရှိခဲ့သည့်အပြင်- တိုင်းပြည်သည်လည်း စေ့စေ့ညက်ကြေမွပျက်ဆီးကာ နလံမထနိုင်တော့ပဲ လူရုပ်ပင်မပေါက်တော့ချေ။ လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း စစ်ရေးနဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲပစ်မယ်ဆိုတဲ့ အရင်ကစိတ်မျိုး အလျှဉ်းမရှိတော့ချေ၊ နိုင်ငံရေးပြဿနာနည်းလမ်းတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းပေးဖို့သာ တောင်းဆိုနေကြသည်။ ထိုသို့ဆိုလျှင် Revolution မှသည် Evolution ဆီသို့ သွားမည့် နိုင်ငံရေးကို ချီတက်ကြမည်လော..။ ထို- လမ်းစကို ယနေ့တွေ့မြင်နေရပြီးဖြစ်သည်။ ထို- လမ်းစကို မိမိရရအသုံးချနိုင်ဘို့အရေးကြီးပါသည်၊ နိုင်ငံရေးလုပ်တယ်ဆိုတာရန်ဘက်အသွင်ကနေ-မိတ်ဘက်အသွင်ကို ကူးပြောင်းလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။လက်ရှိ- အစိုးရအပြောင်းအလဲမှာ ကြီးကြီးမားမားဖြစ်လာလိမ့်မယ်၊ ကြီးကြီးမားမားလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလို့မရပါဘူး၊ အသွင်ပြောင်းလာတဲ့အစိုးရဟာ ဘယ်ဥကပေါက်လာသလဲဆိုတာ သိဖို့ပထမအရေးကြီးပါတယ်၊ တကယ့်ဆိုးပါပေ့ စစ်အာဏာရှင်စနစ်ဆိုးအောက်က- ပုံစံခွက်ထဲကနေ အသွင်ပြောင်းလာတဲ့အစိုးရကို အလုံးစုံလုပ်ပေးဖို့ ယနေ့- ဒီအချိန်အခါမှာ တောင်းဆိုလို့မရသေးပါဘူး။ တချို့နေရာတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိတာမှန်ပေမယ့် အဲဒါတွေပပျောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရပါလိမ့်မယ်၊ ဒါ့အပြင်- နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးသေးဘူး၊ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး ချွတ်ရွင်းချက်မရှိ- မလွှတ်ပေးမှီစပ်ကြား ကျမ္မာရေးချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းထောင်နဲ့မဟတ်စပ်တဲ့ ဘုန်းဘုန်းတွေနဲ့ မယ်သီလရှင်များတွေကို လူမှု့ရေးရှူထောင့်ကသော်လည်းကောင်း၊ လူ့အခွင့်အရေးရှူထောင့်ကနေသော်လည်းကောင်း-ကြည့်ပြီး ကျိုးကြောင်းခိုင်လုံစွာတင်ပြရှင်းလင်းပြီး လွှတ်ပေးဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့တောင်းဆိုမှုတွေအရင်ပြုရပါလိမ့်မယ်။လယ်ယာမြေ မတရားသိမ်းဆီးမှုနဲ့ အဓမ္မစေခိုင်းမှု၊ ခလေးစစ်သားစုဆောင်းမှု တွေရှိနေသေးပါတယ်...အဲဒါတွေပပျောက်သွားဖို့အတွက်လုပ်နိုင်ကိုင်နိုင်ရှိတဲ့ အဖွဲ့စည်း (သို့) ရှေ့နေတွေနဲ့တိုင်ပင်ပြီး ILO (သို့) တိုင်းတန်းသင့်သူတွေကို တိုင်တန်းပြီး RFA- BBc- VOA- DVBစတဲ့မီဒီယာကနေတဆင့် အော်ကြက်တွေလုပ်ဖို့လည်း အရေးကြီးလိုအပ်ပါတယ်။ မီဒီယာကနေတဆင့် ခလေးစစ်သားတွေ ပြန်လွှတ်ပေးတာတွေရှိခဲ့ဘူးပါတယ်၊ ဒါကြောင့် မီဒီယာကနေတဆင့် အော်ကြက်တွေလုပ်ရပါ့မယ်။ယ္ခင်- (နအဖ) လက်ထက်ကဆိုရင်....ရဟန်းသံဃာတော်တွေကို သောက်ရေလှူဒါန်းတဲ့သူတွေကိုဖမ်းတယ်၊ အလောင်းမြေမြှပ်သဂြိုလ်ပေးတဲ့သူတွေကိုထောင်ချတယ်၊ တကယ်အတိ- ဒုက္ခရောက်နေတဲ့ပြည်သူတွေကို အကူအညီမပေးတဲ့အပြင် အကူညီပေးသူတွေကို ဖမ်းဆီး၊ အကျဉ်းချ၊ ခြိမ်းခြောက်၊ ရိုက်နှက်မှုတွေပြုလုပ်တယ်၊ သံလက်သီးနဲ့ထိုးပြီး မျက်လုံးကန်းသွားတဲ့သူကို အပြစ်ပေးတယ်၊ မရှိဆင်းရဲသားတွေရဲ့ဘိုး- ဖွါးပိုင် လယ်ယာမြေတွေကိုမတရားသိမ်းပိုက်တယ်၊ မှတ်ချက်။ ။ ချမ်းသာသူတွေရဲ့ ဘိုး-ဖွါးပိုင်မြေယာတွေကိုသိမ်းတာတော့ မကြားမိသလောက်ပါပဲ။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ပြုလုပ်တယ်၊ အတင်းအဓမ္မစေခိုင်းပြီး၊အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်တယ်၊ နိုင်ငံပိုင်သယံဇာတတွေကို တိုင်းတပါးကိုရောင်းစားတယ်၊ ထိမ်းသိမ်း- ကာကွယ်စောင့်ရှောက်ရမယ့် သဘာဝရင်းမြစ်တွေကို ရောင်းစားဖျက်ဆီးပစ်ကြတယ်၊ အစရှိတဲ့ဆိုးရွားတဲ့လုပ်ရပ်တွေကို မင်းမဲ့စရိုက်ဆန်ဆန်အရင် (နအဖ) အဖွဲ့အစည်းမှ ဗိုလ်သန်းရွှေ- ဦးဆောင်ပြီးပြုလုပ်ခဲ့တယ်ဆိုတာ အများပြည်သူအသိဖြစ်ပါတယ်။ကျနော်တို့တတွေ (နအဖ)ရဲ့ လာရာနောက်ကြောင်းကို ပြန်ကြည့်လိုက်ရင်...ကျောချမ်းစရာတွေကြီးပါပဲ။ အခုဆိုရင်... အရင်က လက်စွမ်းထက်ခဲ့တဲ့ အခကြေးမဲ့ ငမိုက်သား စွမ်းအားရှင်တွေဟာလည်း ကြက်ပျောက်-ဌက်ပျောက်မဟုတ်တောင်မှ သူတို့တတွေရဲ့လက်စွမ်းပြတဲ့အသံတွေ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။အခုဆိုရင်....တချိန်အရင်က မရရှိခဲ့တဲ့ အခြေခံအခွင့်အရေးတွေ အထိုက်အလျှောက်ရရှိလာပြီးဖြစ်တယ်ဆိုတာကို ငြင်းချက်ထုတ်လို့မရပါဘူး၊ ဘာအခြေခံအခွင့်အရေးတွေရရှိလာသလဲဆိုရင်....ဥပမာ ။ ။ လွှတ်တော် ဥက္ကဌ တွေရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုသံတွေကြားလာရတယ်၊ သမ္မတ အကြံပေးတွေရဲ့ ပွင့်လင်းမြင်သာတဲ့ ဆိုစကားသံတွေ၊ လွှတ်တော်မှာ လွှတ်တော်အမတ်တွေရဲ့ တင်ပြဆွေးနွေးမှုတွေအားကောင်းလာတယ်၊ တွေ့ဆုံဆွေးနွေးမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ပြောင်းလဲမှုအစလို့ ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ပြောလာတယ်၊ ဧရာဝတီနဲ့ပတ်သက်ပြီးသတင်းစာဆရာနဲ့ စာရေးဆရာတွေကို ဟောပြောပွဲတွေလုပ်ခွင့်ရရှိလာတယ်၊ ဧရာဝတီနဲ့ပတ်သက်ပြီး ပန်းချီဆရာတွေရဲ့ ပန်းချီပြပွဲတွေကို ပြုလုပ်ခွင့်ရရှိလာတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကော်မီတီတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့တယ်၊ လွတ်လွတ်လပ်လပ်မဟုတ်တောင်အမျိုးသားလူ့အခွင့်အရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခွင့်ရခဲ့တယ်၊နိုင်ငံတကာအသိုင်းဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်း လာတယ်၊နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ VOA သတင်းထောက်နဲ့ အခြားမီဒီယာသတင်းဌါနတွေကို သတင်းယူခွင့်တွေပေးလာတယ်၊လွတ်လပ်စွာပြောဆိုခွင့်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အနည်းငယ်ရရှိလာတယ် ကနေ့ဆိုလျှင် BBc သတင်းဌါနကို ဝန်ကြီးဦးစိုးသိန်းနဲ့အင်တာဗျူးတွေ လုပ်ခွင့်ရလာတယ် စတဲ့ အခြေခံအခွင့်အရေးတွေကို အရင်- ဗိုလ်နေဝင်း (မဆလ) ခေတ် ဗိုလ်သန်းရွှေ (နအဖ) လက်ထက်နဲ့စာရင် အထိုက်အလျှောက်ရရှိလာတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုရရှိနေတဲ့ အခွင့်အရေးတွေကို လောလောဆယ်- လက်တလော ထိထိမိမိ အသုံးပြုတတ်သွားရင် ဆေးဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။
Sunday, October 2, 2011
Subscribe to:
Post Comments (Atom)
0 ယောက် အကြံပြုထားပါသည်:
Post a Comment