၁၉၈၈ ခုနှစ် မြန်မာနိုင်ငံအား စစ်တပ်မှအာဏာသိမ်းပြီးသည့်နောက် တရားမဝင်အာဏာရှင်စစ်အစိုးရနှင့် မြန်မာနိုင်ငံတွင် စီးပွါးရေးရင်းနှီးမြှပ်နှံမှုများမလုပ်ရန် နိုင်ငံတာကာသက်ဆိုင်ရာသံရုံးများသို့ ကျွန်ူပ်တို့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများမှ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ပြီး အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်သည်။မြန်မာနိုင်ငံတွင် စီးပွါးရေးရင်းနှီးမြှပ်နှံမှု ပြုလုပ်ခြင်းအားဖြင့် ရရှိလာသည့်အကျိုးအမြတ်တွေကို မြန်မာစစ်အစိုးရမှ စစ်လက်နက်များဝယ်ယူပြီး တိုင်းရင်းသား ပြည်သူများကိုသတ်ဖြတ်ရန်အတွက်ဖြစ်ပြီး၊ ၎င်းတို့ ကိုယ်ကျိုးစီးပွါးရေးအတွက်သာအသုံးချသည်ဖြစ်ကြောင်း၊ ရရှိလာသည့်အကျိုးအမြတ်များကို မြန်မာပြည်သူများ မခံစားရကြောင်း၊ ထို့အပြင်- မြန်မာနိုင်ငံတွင် စီးပွါးရေးရင်းနှီးမြှပ်နှံခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ပိုမိုသက်ဆိုးရှည်စေမည့်အပြင်- ပြည်သူအများအတိဒုက္ခရောက်ရှိမည်ဖြစ်ကြောင်းကို စီးပွါးရေးရင်းနှီးမြှပ်နှံမည့်နိုင်ငံများ၏ သက်ဆိုင်ရာသံရုံများရှေ့များတွင် ကန့်ကွက်ဆန္ဒပြခြင်းဖြင့် အသိပေးအကြောင်းကြားခဲ့သည်။ ထို- ကန့်ကွက်မှုများပြုလုပ်နေသည့်ကြားကပင် ကိုယ်ကျိုးရှာရေတိုအကျိုးစီးပွါးရေးကိုသာကြည့်သည့် နိုင်ငံများက မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်ကြီးထွားလာစေရန်အတွက် စီးပွါးရေးရင်းနှိးမြှပ်နှံမှုများပြုလုပ်ခဲ့သည်ကိုတအံ့တသြတွေ့ရှိခဲ့ရသည်၊ ထို-ရင်းနှီးမြှပ်နှံမှုများသည် အာမခံချက်မရှိသည့် ရင်းနှီးမြှပ်နှံမှုများသာဖြစ်သည်။
ကနေ့- တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟောင်လီယွန်က ဧရာဝတီ မြစ်ဆုံစီမံကိန်းရပ်တန့်သွားခြင်းနှင့်ပတ်သက်ပြီး တရုတ်ကုမ္မဏီတွေရဲ့ အကျိုးစီးပွါးရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ကဂျိုးကချောင်စကားတွေပြောလာချေပြီ၊ တရုတ်ကွန်မြူနစ်အစိုးရသည် မြန်မာနိုင်ငံစစ်အစိုးရ သက်ဆိုးရှည်စေရန် အဓိက ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံဖြစ်သည်။
၂၀၀၆ ခုနှစ် ၂၀၀၇ ခုနှစ် ဝန်းကျင်ကာလတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ (နအဖ)စစ်အစိုးရသာလျှင်...၎င်းတို့၏အမျိုးသားကိုယ်ကျိုးစီးပွါးရေးကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း အရှက်အကြောက်မဲ့စွာ အတိအလင်းပြောကြားခဲ့သည်၊ ထို့အပြင် တရုတ်အစိုးရသည် ကုလသမ္မဂလုံခြုံရေးကောင်စီတွင်ဗီတိုအာဏာအသုံးပြုပြီး မြန်မာစစ်အစိုးရအား ထောင့်ရှောက်ကာကွယ်ပေးလာသည့်အပြင် တရားမဝင်စစ်လက်နက်ပစ္စည်းများ ထောက်ပံအကူညီပေးခဲ့သည့်အတွက်...အိမ်နီးချင်းကောင်းပီမသသည့် နိုင်ငံဖြစ်သည်မှာပေါ်လွင်ထင်ရှားနေသည်။ ထို့ကြောင့်.....တရုတ်အစိုးရအား ဘာမှဂရုစိုက်စရာမလိုသလို တရားမဝင်(နအဖ) စစ်အာဏာရှင်တွေနဲ့ ချုပ်ဆိုထားတဲ့ ဘာစာချုပ်မဆို အာမခံချက်မရှိသည့် တရားမဝင်စာချုပ်များသာဖြစ်သည်။ ထို့အပြင်- တရားမဝင် (နအဖ) စစ်အစိုးရလက်ထက်တွင် ရေတိုကိုယ်ကျိုးစီးပွါးရေးကိုသာကြည့်သည့် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများသည်လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံ လုပ်ကိုင်ထားသည့် မည်သည့်စာချုပ်မဆို အာမခံချက်နှင့် တရားဝင်မှုမရှိချေ။
အချုပ်ဆိုရလျှင်....တရားမဝင် စီးပွါးရေးရင်းနှီးမှုဆိုရာတွင် တိုင်းပြည်၏အာဏာအားမတရား- ရယူသိမ်းပိုက်ထားပြီး အုပ်ချုပ်မင်းပြုနေသည့် တရားမဝင်အစိုးရနှင့် စီးပွါးရေးလုပ်ကိုင် ရင်းနှီးမှုပြုလုပ်ခြင်းဖြစ်သည်။ ထို- ရင်းနှီးမြှပ်နှံမှုများသည် အာမခံချက်မရှိသည့်အပြင်- တရားဝင်မှုလည်းမရှိချေ။တရားဝင် စီးပွါးရေးရင်းနှီးမြှပ်နှံမှုဆိုရာဝယ် ပြည်သူလူထုမှ ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ရွေးချယ်တင်မြောက်ထားသည့် အစိုးရနှင့် ကျိုးတူ-ပေါင်းဖက် စီးပွါးရေးလုပ်ကိုင် ရင်းနှီးမြှပ်နှံမှုများဖြစ်သည်။ ထိုစီးပွါးရေးရင်းနှီးမြှပ်နှံမှုသည် ရေရှည်အကျိုးစီးပွါးရေးမြှပ်နှံမှုဖြစ်သည့်အတွက်....အာမခံချက်ရှိပြီး တရားဝင်သည်။
စာကြွင်း ။ ။ တရားမဝင် (နအဖ) စစ်အစိုးရလက်ထက်က စီးပွါးရေးလာရောက်ရင်းနှီးမြှပ်နှံသည့် နိုင်ငံများနှင့် ကုမ္မဏီများကို နိုင်ငံရေးအရ ဒဏ်ခတ်ပိုင်ခွင့်ရှိသည်။ ဥပမာ။ ။ သံတမန်ဖြတ်တောက်ခြင်း၊ စီးပွါးရေးအရပိတ်ဆို့အရေးယူခြင်း၊ ကုမ္မဏီများအား တရားစွဲဆိုပြီးနိုင်ငံမှ မောင်းထုတ်ပစ်ပြီး လျှော်ကြေးများတောင်းခံခြင်း စသည်များကို ပြုလုပ်ပိုင်ခွင့်ရှိသည်။
by Ko Baloi
0 ယောက် အကြံပြုထားပါသည်:
Post a Comment