Saturday, July 16, 2011

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ် စစ်ဆင်ရေး နည်းဗျူဟာထဲတွင် နစ်မြောနေအောင် ရိုက်သွင်းထားရာ တပ်မတော်သားများ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမြင်မကြည်လင်မှု၊ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက်နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထားခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ပြီး ကဏ္ဍတစ်ရပ်အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာစီစစ် တည်းဖြတ် ပိတ်ဆို့ထားမှုကြောင့် ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို တပ်မတော်သားများ ဖတ်ရှုသိမြင်ပြီးဆိုပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုနှင့် လက်တွဲဖို့ တိုက်တွန်းလိုက်ရပါတယ်။


စစ်အာဏာရှင်တွေဟာ တပ်မတော်သားတွေအပေါ် သူတို့ရဲ့ မဟာဗျူဟာ မူဝါဒဖြစ်တဲ့ ဒို့တာဝန် အရေး(၃)ပါး ကို မှိုင်းတိုက်ခဲ့ပါတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အချက် (၃) ချက်ဟာ အမှန်တကယ်တော့ နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များ ပါရှိပြီး ဒီမိုကရေစီ နိုင်ငံတော် ဖြစ်လာပါက အရပ်သားများ ပါဝင်တဲ့ အစိုးရက ဒီကိစ္စတွေကို ကိုင်တွယ်ရှင်းလင်းရမှာ ဖြစ်ပါတယ်။ အစိုးရက နိုင်ငံတကာနှင့်သော်လည်းကောင်း၊ ပြည်တွင်းရှိ တိုင်းရင်းသား အရေးကိစ္စသော်လည်းကောင်း၊ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ဒို့တာဝန်အရေး (၃) ပါး မထိခိုက်အောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံရေးအရ ဖြေရှင်းလို့ မရနိုင်မှသာလျှင် စစ်ရေးအရ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါက စစ်တပ်ကို တာဝန်ပေးမှာ ဖြစ်ပါတယ်။ ဒီသဘောကို တပ်မတော်သားများ သဘောပေါက် နားလည်သင့်ပြီး ဒို့ တာဝန် အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ခြင်းဟာ တပ်မတော်က နိုင်ငံရေးတွင် ၀င်ရောက် ချုပ်ကိုင်ခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်ရှိ အစည်းအဝေးများ၊ တပ်မတော် စည်းရုံးရေးကော်မတီ (စည်း/ကော်) ဆွေးနွေးပွဲများတွင် ဒို့တာဝန် အရေး (၃) ပါးကို စစ်အာဏာရှင်တွေက ပုံကြီးချဲ့ ရိုက်သွင်းတာဟာ မှိုင်းတိုက်နေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများအရ တပ်မတော်ရဲ့ အဓိကတာဝန်ကို ပြတ်ပြတ်သားသား မြင်တွေ့ရမှာ ဖြစ်တယ်။


“ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲ။ ဗမာနိုင်ငံနဲ့ ဗမာလူမျိုးကို ကာကွယ်ဖို့ဘဲ။ ဗမာလူမျိုး ဆိုတာဟာလဲ ဗမာလိုသိတဲ့ ဗမာတွေသာ မဟုတ်ဘူး၊ ဗမာတနိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်၊ ဒါကြောင့် ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ် လက်ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့ အမျိုးကို တကယ်ကာကွယ်ဖို့ဘဲ၊ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရ နားလည်ပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်ကြရမယ်၊ ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးအတွက် ဒီလူမျိုး တွေရဲ့ ကိုးကွယ်ရာ လဲလျှောင်းရာ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်၊ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားဘဲ ဖြစ်မယ်။”


(စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ်အောင်ဆန်း၏ မိန့်ခွန်းမှ…)


တပ်မတော်အတွင်း တစ်သွေး၊ တစ်သံ၊ တစ်မိန့် စနစ်အရ ကောင်းသော်လည်း တစ်ချို့ အုပ်ချုပ်ရေးကိစ္စ၊ သက်သာချောင်ချိရေးကိစ္စ၊ စစ်အာဏာရှင်တွေရဲ့ မိသားစု ကိုယ်ရေးကိုယ်တာ အဂတိလိုက်စားမှု၊ စီးပွားရေးသောင်းကျန်းမှု တွေထဲမှာ တပ်မတော်သားများ နစ်မြောနေရပြီး အဲဒီ တစ်သွေး၊ တစ်သံ၊ တစ်မိန့်လိုဘဲ နာခံနေရရင် အဓိပ္ပာယ် မရှိတာကြောင့် ခိုင်းတဲ့လူရဲ့ အမိန့်ဟာ နည်းလမ်း မကျကြောင်း၊ မတရားကြောင်း ဆိုတာကို အဲဒီခိုင်းတဲ့လူရဲ့ တစ်ဆင့်မြင့်အရာရှိကို ထပ်မံတင်ပြလို့ ရကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း လမ်းညွှန်သွားခဲ့ပါတယ်။ ရွှေဝါရောင် အရေးခင်းလိုမျိုး ဘုရားသားများကို နှိပ်ကွပ်ဖို့ ပေးတဲ့ အမိန့်ဟာ နိုင်ငံနှင့် တိုင်းပြည်မှာ အကျိုးမရှိဘဲ တပ်မတော် နာမည်ပျက်ကိန်း ဆိုက်ရောက်မှာကို သိစေ ချင်ပါတယ်။


“မတရားတဲ့ အကြီးအမှူး တယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့၊ နိုင်ငံနဲ့လူမျိုး အကျိုးနဲ့မပတ်သက်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊ တရား မတရား၊ နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိ မရှိ ကြည့်ရမယ်။ အဲ့သလို ကြည့်တဲ့ အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင်၊ သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြားအကြီးအမှူး တယောက်ယောက် ဖြစ်ဖြစ် သွားမေးရမယ်၊ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။…"


(ဗိုလ်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှ…)


အပိုင်း (၃) ကိုဆက်လက်ဖော်ပြသွားပါမည်…

ဖိုးတရုပ်ကင်း မှကူးယူဖေါ်ပြပေးပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment