Saturday, July 16, 2011

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာများထဲမှာ နစ်မြော နေစေအောင် တပ်မတော်သားများအား ရိုက်သွင်းထားရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အမြင် မကြည်လင်မှုနှင့်အတူ ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု တပ်အတွင်းမှာ အစဉ်အမြဲ ပြောဆို ၀ါဒ ဖြန့်ထားပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့ တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက် နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထား ခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ် သုံးသပ်ကာ ကဏ္ဍတစ်ရပ်အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာ စီစစ်တည်းဖြတ် ပိတ်ဆို့ထားမှုများကြောင့် အမှန်ကို မသိမြင်နိုင်တဲ့ တပ်မတော်သားတွေ အနေနဲ့ တပ်မတော်ဖခင် ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို ဖတ်ရှုသိမြင်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အမှန်တကယ် အသွင် ကူးပြောင်းနိုင်ရေးအတွက် ပြည်သူလူထုနှင့် လက်တွဲကြဖို့ တိုက်တွန်း ရေးသားရပါတယ်။


၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်းကြီးဟာ ဗကပ ယူဂျီများရဲ့ လက်ချက်လို့ ခေါင်းစဉ်တပ်ပြီး တိုင်းပြည် ဖရိုဖရဲ ဖြစ်တာကို ကယ်တင်တယ်ဆိုပြီး တပ်မတော်ကိုစည်းရုံး အာဏာသိမ်းခဲ့တာ အများသိပြီး ဖြစ်ပါတယ်။ အမှန်တကယ်တော့ တပ်မတော်သားများရဲ့ အတွင်းစိတ်ထဲမှာတော့ ဗမာငွေစက္ကူ တန်ဖိုးကျဆင်းပြီး လဲလှယ်ပေးခြင်း မရှိဘဲ အကြောင်းမဲ့ သိမ်းဆည်းလိုက်တာရယ်၊ ကုန်ဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေး ကြပ်တည်းတာရယ်၊ ပါတီကောင်စီဝင်တွေရဲ့ တပ်မတော်သားများအပေါ် နှိပ်ကွပ်မှုတွေရယ်ကြောင့် တပ်မတော်သားများရဲ့ ရင်ထဲမှာ အနာတရ ဖြစ်နေတာတွေကို စစ်အာဏာရှင်တွေက မရိပ်မိခဲ့ကြပါ။ ဒါကြောင့် တပ်မတော်သားများ အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ကိုသာ အစွမ်းကုန် မဲထည့် ပေးလိုက်ခြင်းကြောင့် စစ်အာဏာရှင်တွေက တုန်လှုပ် ခြောက်ခြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ဓါတ် စစ်ဆင်ရေးလုပ်ဖို့ စနစ်တကျစီစဉ် စတင်အကောင်အထည် ဖေါ်လာပါတော့တယ်။


တပ်မတော်အား ပြည်သူလူထုနှင့် မနီးစပ်နိုင်စေရေးအတွက် တပ်မတော်သာအမိ တပ်မတော်သာ အဖဆိုတဲ့ ဆောင်ပုဒ်ကို စတင် ရိုက်သွင်းပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်မှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်း မရှိတာကို သူမအား အပြစ်တင် ဝေဖန်ခဲ့ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားအရေးကို ကိုင်တွယ်နိုင်ဖို့ တပ်မတော်မှလွဲလို့ ဘယ်သူမှ မကိုင်နိုင်ကြောင်း၊ မြန်မာပြည် အကြောင်းကိုလည်း ဂဃနဏ သူမအနေနဲ့ သိသေးသူ မဟုတ်လို့ ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်နိုင်ကြောင်း တပ်တွင်းမှာ ၀ါဒဖြန့် ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားနှင့် လက်ထပ်ထားတဲ့အတွက် ရှုတ်ချခဲ့ပြီး တိုင်းတစ်ပါးရဲ့ သြဇာခံလို့ မတရား ပုတ်ခတ်ခဲ့ပါတယ်။ ဗကပများ NLD တွင် ရှိနေလို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ဖြိုခွဲရေးအတွက် လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ အမှန်တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းတွေ သဘောထား အမြင်တွေကို လေ့လာကြည့်လိုက်ရင် တက်တက်စင် လွဲမှားနေကြောင်း အောက်ပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။


၁၉၄၄-မတ်-၁၃၊ မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဦးစွာတင်ပြလိုက်ပါတယ်။


“ဒီတပ်မတော်ဟာ လူတစ်ဦး တစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်၊ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်၊ ဒီတပ်မတော်ဟာ တစ်ဖွဲ့တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်၊ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက်ဖြစ်တယ်။… ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှင်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊…”


(မြတ်မော်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး အတွေးအခေါ်များ စာအုပ်၊ စာမျက်နှာ ၂၀)

“တပ်မတော်ဆိုတာဟာ တိုင်းပြည်ပေါ်မှာ သစ္စာရှိရမယ်။ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားများအပေါ်မှာ သစ္စာရှိရမယ်။ စောစောက ကျမတို့ ဥက္ကဌကြီး ပြောသွားတဲ့အတိုင်းဘဲ ဖေဖေဟာ တပ်မတော်ကို ထူထောင်ကတည်းက လူတစ်ယောက်အတွက် မဟုတ်ဘူး၊ အဖွဲ့အစည်းတစ်ခုအတွက် မဟုတ်ဘူး၊ နိုင်ငံတစ်နိုင်ငံလုံးအတွက် ထူထောင်ခဲ့တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ထူထောင်ခဲ့တဲ့ တပ်မတော် ဖြစ်ပါတယ်။ ပထမဦးဆုံး ဘီအိုင်အေခေတ်က တပ်မတော် စတင်ပေါ်ပေါက်လာတာ ဘယ်လို ပေါ်ပေါက်လာတာလဲ။ ကျောင်းသားပြည်သူ ရဟန်းရှင်လူများက တပ်မတော်ကို ဝင်ပြီးတော့ ထူထောင်ခဲ့ကြတာဘဲ။ ကျောင်းသားပြည်သူ ရဟန်းရှင်လူများနဲ့ စပြီးတော့ ထူထောင်ခဲ့တဲ့ တပ်မတော် ဖြစ်ပါတယ်။ အခုလဲ တပ်မတော်ထဲမှာရှိတဲ့ တပ်မတော်သားများဟာ ကျမတို့ ပြည်သူလူထုကြားက ပေါက်ဖွားလာတဲ့သားများ ဖြစ်ပါတယ်။ ဒါကိုလဲ ကျမ ခဏခဏပြောရပါတယ်။ ကျမတို့ တပ်မတော်သားများဟာ တခြား ကမ္ဘာကလာတဲ့ သတ္တဝါတွေ မဟုတ်ဘူး၊ ကျမတို့ နိုင်ငံသူ နိုင်ငံသားများကြားက ပေါက်ဖွားလာတဲ့သားများ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထောင်စုရဲ့ သားကောင်းရတနာများပီပီ ဆက်ဆံကြပါ။ ပြည်ထောင်စုရဲ့ သားကောင်းရတနာများနဲ့ ထိုက်တန်မြင့်မြတ်တဲ့ အတွေးအခေါ်များ မွေးမြူကြပါ။ ကျမဟာ တပ်မတော် ပြိုကွဲရေးဆိုတာကို လုံးဝမလိုလားပါဘူး။ ဘာဖြစ်လို့လဲ။ တပ်မတော်ပြိုကွဲရင် တိုင်းပြည် နာမှာဘဲ။ တိုင်းပြည်နာမဲ့ ကိစ္စမှန်သမျှ ကျမတို့ လုံးလုံး မလိုလားဘူး။ ကျမအနေနဲ့ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့သာ ရပ်တည်စေချင်တယ်။ ကျမတို့အဖွဲ့ချုပ် အာဏာရရှိရေးအတွက် တပ်မတော်ကို အလွဲသုံးစားလုပ်ဖို့ဆိုတာ ကျမတို့ လုံးလုံးစိတ်မကူးဘူး။…"


(သမိုင်းဝင် မြေနီကုန်း အရေးတော်ပုံ တစ်နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းမှ…)


ဒီလိုပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေကို ဖတ်ရူသိရှိရင် စစ်ခေါင်းဆောင်တွေက မဟုတ်မမှန် ပြောဆိုဝါဒဖြန့် လိမ်ညာ ရိုက်သွင်းနေတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

အပိုင်း (၂) ကို ဆက်လက် ဖော်ပြသွားပါမည်...

ဖိုးတရုပ်ကင်း မှဖေါ်ပြပေးပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment