Friday, January 25, 2013

သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် တကယ်ပဲ သဘောထားကွဲလွဲနေသလား




  • မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်တက်လာပြီး နောက်ပိုင်း ကချင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားလာတဲ့အပေါ် နိုင်ငံရေးဝေဖန်သူတွေနဲ့ ပြည်သူတွေအကြား ဝေဖန်သုံးသပ်မှု အမျိုးမျိုး ပေါ်ပေါက်နေပါတယ်။
  • သမ္မတက စစ်တပ်ကို ထိုးစစ်တွေ မဆင်ဖို့ အမိန့်ထုတ်ထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတဲ့အပေါ် သမ္မတက တမျိုး စစ်တပ်က တဖုံ ဖြစ်နေသလား၊ သမ္မတက စစ်တပ်အပေါ် ဩဇာမညောင်း ဖြစ်နေသလား၊ အခုနောက်ဆုံး လဂျားယန်ဒေသမှာ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ပြီးဆုံးပြီ။ ဒါကြောင့် ထိုးစစ်ဆင်တာတွေ မလုပ်တော့ဘူးလို့ သမ္မတက ပြောနေတဲ့တိုင် အဲဒီ ဒေသအပါအ၀င် ကချင်ပြည်နယ် အနှံ့အပြား တိုက်ပွဲတွေ အရှိန်ပြင်းပြင်း ဆက်ဖြစ်နေတာ ဘာကြောင့်လဲ စတဲ့မေးခွန်းတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအကြောင်းတွေကို ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
  • တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရ ဆိုတာ အရင် မြန်မာနိုင်ငံကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ပြီး ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့၊ ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင် အစိုးရရဲ့အဆက် ဖြစ်ပါတယ်။
  • ဒါကို လက်ရှိ နိုင်ငံတာဝန်ရှိတဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပါတီခေါင်းဆောင် ဦးဌေးဦး တို့ ၃ ဦးစလုံးဟာ ပြည်တွင်းနဲ့ ပြည်ပခရီးစဉ်တွေမှာ မြန်မာနိုင်ငံ ခုလို အပြောင်းအလဲ ဖြစ်လာအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်ခေါင်းဆောင်တွေက လုပ်ပေးခဲ့တာ၊ လမ်းခင်းပေးခဲ့တာ စသဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။
  • လက်ရှိ အခြေအနေဟာ မြန်မာပြည် ပြည်မ နိုင်ငံရေးအခင်းအကျဉ်းမှာ တရားဝင် ၀န်ခံတာ မရှိပေမယ့် ဒိုင်ယာလော့လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်၊ စစ်တပ်၊ တရားရုံးအပါအ၀င် အဖွဲ့အစည်းအသီးသီးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံတွေ ပုံစံတမျိုးနဲ့ ဒိုင်ယာလော့ လုပ်နေကြတယ် ဆိုရင် မမှားပါဘူး။
  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကြံ့ခိုင်ရေးပါတီ ကြီးစိုးထားတဲ့ လွှတ်တော်၊ ဗဟိုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းအစိုးရတွေမှာပါ စစ်အာဏာပိုင်ဟောင်းတွေ အာဏာချုပ်ကိုင်ထားတဲ့ အစိုးရအဖွဲ့အသီးသီး၊ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်တပ် အဲဒီ အခင်းအကျင်းအပေါ်မှာ လုပ်ကိုင်ကြရတဲ့ ဒိုင်ယာလော့ ဖြစ်ပါတယ်။
  • ဒီအခြေအနေဖြစ်လာအောင် အရင် စစ်အာဏာရှင်ဟောင်းတွေဟာ ဟန်ပြ အမျိုးသားညီလာခံကို နှစ်ရှည်လများခေါ်ယူ၊ သူတို့ လိုချင်တာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းထဲ အတင်းအကျပ်ထည့်၊ နောက်တော့ ၂၀၀၈ ခုနှစ်မှာ မတရားမှု လိမ်လည်အကောက်ကြံမှုပေါင်းများစွာနဲ့ ဖွဲ့စည်းပုံကို အတည်ပြု၊ ၂၀၁၀ မှာ မသမာတဲ့ နည်းပေါင်းစုံ အသုံးပြုပြီး ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် ဖန်တီး၊ အဲဒီ မတရားတဲ့ ရလဒ်တွေကနေ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့၊ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် စစ်အာဏာရှင်တွေဟာ ဒီလို နေရာအားလုံးမှာ အသာစီးရတဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ နိုင်ငံရေးလုပ်ခွင့်ပေးတာ၊ အန်အယ်လ်ဒီနဲ့ အတိုက်အခံ နည်းနည်းပါးပါးကို လွှတ်တော်ထဲရောက်အောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ပြောရရင် အရာရာမှာ အသာစီးယူထားပြီးမှ ဒိုင်ယာလော့ လုပ်ခွင့်ပေးထားတဲ့ ပုံစံ ဖြစ်ပါတယ်။
  • စစ်ရေးကိစ္စမှာလည်း စစ်အာဏာရှင်ဟောင်းတွေဟာ ဒီအတိုင်း စဉ်းစားတာ ဖြစ်ပါတယ်။ ကချင်မှအပ အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ပိုနေမြဲ ကျားနေမြဲ အခြေအနေအပေါ်မှာ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးစကား ပြောနေတာ ဖြစ်ပါတယ်။ ကချင်အရေးကို စဉ်းစားတော့လည်း ဒီအတိုင်းပါပဲ။ ရွေးကောက်ပွဲ မတိုင်ခင် အရင်စစ်အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ်လုပ်ဖို့ ဖိအားပေးရင်း ပဋိပက္ခတွေ အရှိန်မြင့်တက်လာနေချိန် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တဲ့ ကချင်ပါတီ ၃ ပါတီစလုံးကို ပါတီထောင်ခွင့်တောင် မပေးခဲ့ပါဘူး။ ဒီနည်းနဲ့ လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အစိုးရအဖွဲ့ထဲမှာ အရင်တုန်းကလို အစိုးရ အလိုတော်ရိတွေကိုပဲ နေရာပေးထားတဲ့ အခင်းအကျင်းကို ဖန်တီးခဲ့ပါတယ်။
  • အလားတူ ရှမ်းပြည်နယ်နဲ့ အောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးယူ၊ ဒိုင်ယာလော့ လုပ်သလို၊ ကေအိုင်အေ၊ ကေအိုင်အိုနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေး၊ ဒိုင်ယာလော့ လုပ်တဲ့အခါ အပေါ်စီးက လုပ်နိုင်အောင် နေရာတကာ အသာစီးရယူတဲ့ အနေအထားနဲ့ လုပ်လိုစိတ် ပိုင်းဖြတ်ထားပုံ ရပါတယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေဖြစ်နေတဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်း အစိုးရတပ်ဖွဲ့အင်အား အတော်များများ ကချင်ပြည်နယ်ထဲ ရွှေ့ပြောင်းခဲ့သလို ခုခံစစ်ပဲ လုပ်မယ် ပြောပေမယ့် ထိုးစစ်ဆင်လာလိုက်တာ လေယာဉ်အကူအညီ၊ ရဟတ်ယာဉ်အကူအညီနဲ့ တိုက်ပွဲဝင်တဲ့အထိ ကြမ်းတမ်းလာတာကို တွေ့နိုင်ပါတယ်။
  • တကယ်တော့ ဒီလိုဖြစ်လာတာဟာ သမ္မတက စစ်တပ်အပေါ် ဩဇာမညောင်းတာ မဟုတ်သလို သမ္မတနဲ့ စစ်တပ်ခေါင်းဆောင် သဘောထားကွဲလွဲတာမျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ပြည်မမှာ အရာအားလုံးကို အပေါ်စီးရယူတဲ့ အခင်းအကျင်းဖန်တီးပြီးမှ ဒိုင်ယာလော့ လုပ်သလို စစ်ရေးမှာလည်း အသားစီး အလွန်အကျွံရယူပြီးမှ စေ့စပ်ဆွေးနွေးတာ လုပ်လိုတဲ့ သဘောကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ ဒီလို အရင် စစ်အာဏာရှင်ဟောင်းတွေရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေကြောင့် နောင်လာမယ့် အနာဂတ်မှာ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အဖြေတခု ရလာမှာ မဟုတ်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။
  • တိုင်းကျော်
  • .myanmar1.com မှဖေါ်ပြပါသည်။ 

0 ယောက် အကြံပြုထားပါသည်:

Post a Comment