Saturday, July 21, 2012

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ တပ်မတော်ရဲ့ တရားဝင် စာရင်းတင်သူ ဟုတ်ရဲ့လား?

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ

တပ်မတော်မှာ ကစထမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို ဒုတိယသမ္မတ ရွေးချယ်ရေးအဖွဲ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ သူနဲ့ စပ်လျဉ်းပြီး စစ်ဘက်နီးစပ်သူများက ဝေဖန်ချက်ပေးကြရာ အခြေခံဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီကြောင်းအပြင် သူနဲ့ပတ်သက်တဲ့ တစိတ်တဒေသ အကြောင်း အရာတွေကို အခုလို ပြောပြလာပါတယ်။ ဦးမြင့်ဆွေဟာ D.S.A (15) ကျောင်းဆင်းဖြစ်ပြီး တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကက(ကြည်း) (စစ်ဆင်ရေး) တွင်သာ ဖင်ဂျိုးကပ်အောင် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ စစ်ဦးစီးမှူး (တတိယတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရှေ့တန်းသို့ (ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူး) အဆင့်ဖြင့် ခေတ္တခဏသာ ဆင်းခဲ့ရပြီး စစ်ရုံးသို့ ပြန်လည်ရောက်ရှိကာ ရှေ့တန်းစစ်မြေပြင်ကို လုံးဝမဆင်းရတော့ဘဲ (ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ စစ်ဦးစီးဗိုလ်မှူးချုပ်) စသည့် ရာထူးအဆင့်ဆင့်ကို စစ်ရုံးမှာပင် တောက်လျှောက်ရယူသွားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ရှေ့တန်းအတွေ့အကြုံ (Field Services) နည်းပါးသူဖြစ်ကာ ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိတဲ့ (Commanding Officer) ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်ကြောင်း စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။ အလားတူ ယခင်က စည်လုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် တနေရာတွင် ဖော်ပြပြီးခဲ့တဲ့ ဖြစ်စဉ်အရ သူဟာ ရန်ကုန်တိုင်း တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက သံဃာ့အရေး၊ ဘုန်းကြီးကျောင်း ဂရမ် ထုတ်ပေးရေးကိစ္စတွေမှာ တချို့ကို လျောလျောရူရူ ခွင့်ပြုပေးခဲ့ပေမယ့် လှည်းကူးမြို့ ဘုန်းကြီးကျောင်း တစ်ကျောင်းရဲ့ မြေဂရမ် ထုတ်ပေးရေး ကိစ္စမှာတော့ ခွင့်မပြုဘဲ အကြောင်းပြချက် မရှိ ဆိုင်းငံ့ခဲ့ပြန်လို့ အဲ့ဒီကျောင်းထိုင်ဆရာတော်က သူ့ကို စိတ်ပျက်ခဲ့ရတယ်လို့ မိန့်ကြားခဲ့ဖူးပါတယ်။ သူ့ရဲ့ဇနီး ဒေါ်ခင်သက်ဌေးဟာလည်း ဒေါ်ကြိုင်ကြိုင်ကို အမျိုးစပ်ပြီးတော့ အမျိုးတော်သူနဲ့ အဖားတော်သူ စာရင်းဝင်ဖြစ်အောင် အစွမ်းကုန် လုံးပန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒေါ်ကြိုင်ကြိုင်ရဲ့ သာမညဘုရားဖူး ခရီးစဉ်တစ်ခုမှာ ဦးမြင့်ဆွေရဲ့ဇနီး ဒေါ်ခင်သက်ဌေးဟာ သူမတစ်ဦးတည်း ဦးဆောင်စီမံခွင့်ရပြီး အဲဒီခရီးစဉ်မှာ ထိုစဉ်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ကက်စိန်ရဲ့ဇနီးကို ဓါတ်ပုံရိုက်ခိုင်းတဲ့အထိ ဒေါ်ကြိုင်ကြိုင်အား ဒေါ်ခင်သက်ဌေးက စီစဉ်ရင်း အစွမ်းကုန်ဖားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဦးသန်းရွှေအကြိုက် ဦးမြင့်ဆွေ ဖြစ်ခဲ့ရပါတယ်။

ဆက်လက်တင်ပြရရင် ဦးမြင့်ဆွေဟာ မနာလိုဝန်တိုစိတ် ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူစစ်ရုံးမှာ နေခဲ့စဉ်က သူ့ရဲ့ပြိုင်ဘက် O.T.S (49) အပတ်စဉ်ကျောင်းဆင်း လူတော်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး အုန်းမြင့်ကို (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး မြေပုံအား ရုတ်တရက် တင်ခိုင်းခြင်းဖြင့် ပညာပေး နှိပ်ကွပ်တတ်သူ ဖြစ်ပါတယ်။ ထောက်လှမ်းရေး အဖွဲ့ဝင် (ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့တပည့်) များကို နှိပ်ကွပ်ရာမှာ လူကြီးတွေရဲ့ဒေါသကို အကွက်ရရင် ပင့်ပေးတတ်သူလည်း ဖြစ်ပါတယ်။ ရွှေဝါရောင် တော်လှန်ရေး ကာလ ဖြစ်စဉ်တွင် စောစောပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေတဲ့ ထိုစဉ်က ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း (ယခု ညှိနှိုင်းကွပ်ကဲရေးမှူး) အား ကစထမှူး ဖြစ်နေတဲ့ ဦးမြင့်ဆွေက ပြတ်သားစွာ ကိုင်တွယ်ဖို့ ဖိအားပေးခဲ့တယ်လို့ စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။ သူဟာ နိုင်ငံရေး လောက ကြံ့ဖွံ့ပါတီသို့ ဝင်ရောက်နေစဉ် ထိုစဉ်က ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီးတင်ငွေနဲ့ ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းသန်းတို့ ရန်ကုန်တိုင်းအတွင်း လှုပ်ရှားဆောင်ရွက်နေမှုကို ကြည့်မရ၊ မနာလို မရှု့စိတ်ဖြစ်ခဲ့ပြီး ရကတ ဝန်ကြီးချုပ် ဖြစ်လာချိန်မှာတော့ သူတို့အား နှိပ်ကွပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကစထ (၅) မှူး ရာထူးကို စတင်ယူချိန်မှာ ဇနီးဒေါ်ခင်သက်ဌေးက အိမ်တော်ကြီးသို့ သွားရောက်ပြီး လင်တော်မောင် အနေနဲ့ ဒီရာထူးထက် ပိုကောင်းတဲ့ ဒုတပ်ချုပ်လို နေရာမျိုး မရလို့ နားပူနားဆာ ဂျီကျခဲ့ရာ ဦးသန်းရွှေတို့က နှစ်သိမ့်ခဲ့တယ်လို့ သိရပါတယ်။ အချိန်တန်တော့ နေရာရမှာမို့ အစီအစဉ် ရှိပြီးသားဖြစ်လို့ သည်းခံစောင့်ခိုင်းကြောင်းလည်း ပြောဆိုတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ပိတ်ကားမှာ ဆက်လက် စောင့်ကြည့်ရာ အချိန်တန်တော့ ရကတဝန်ကြီးချုပ်ဖြစ်လာကာ ယခုတဖန် ဒုသမ္မတအဖြစ် သူ့အား အမည်စာရင်း တင်ခဲ့ကြရာမှာ ဦးသန်းရွှေရဲ့ ဖိအားပေးမှု မကင်းကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အိန္ဒိယ ဗိုလ်ချုပ်ကြီး V.K. Singh တို့ နယူးဒေလီတွင် တွေ့ဆုံစဉ်

တကယ်တော့ အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်နှင့်အထက် တစ်ဦးဦးကို အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ ရေပန်းစားသူကတော့ သမ္မတဦးသိန်းစိန် သဘောကျနေတဲ့ ညှိုနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးလှဌေးဝင်း ဖြစ်ပါတယ်။ သူဟာ စစ်ဆင်ရေးမှာ ဗိုလ်ကြီးအဆင့် စစ်ဦးစီးမှူး (တတိယတန်း) စစ်ဆင်ရေး တာဝန် ထမ်းဆောင်ခဲ့စဉ် ဦးသိန်းစိန်က စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် အတူလက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဦးမြင့်ဆွေကို ကြားဖြတ်တင်လိုက်ရတာတော့ တပ်မတော်သားအများစုက ဘဝင်မကျ ဖြစ်နေကြပါတယ်။ ဒုသမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးဟာ စစ်ယူနီဖောင်းဝတ် တပ်တာဝန် ထမ်းဆောင်နေပြီးမှ နယ်ဘက် ကူးပြောင်းခြင်းဖြစ်ပြီး ဦးမြင့်ဆွေကျတော့ အရေခွံချွတ် နယ်ဘက်မှာ (၁) နှစ် သက်တမ်း ပြည့်ကာနီးမှ စစ်တပ်ရဲ့ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့မှုအပေါ် သဘာဝမကျကြောင်း စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဦးမြင့်ဆွေသာ ဒုသမ္မတ ဖြစ်လာခဲ့ရင် တိုင်းပြည်ရဲ့အနာဂတ် ရင်လေးဖွယ်ဖြစ်ကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ကွယ်က ဇာတ်လမ်းကိုတော့ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ အသိဆုံးဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှတဆင့် တင်ပြလိုက်ပါတယ်။

by;photayokeking မှ

0 ယောက် အကြံပြုထားပါသည်:

Post a Comment