Wednesday, April 18, 2012

သဘာဝဘေးပြဿနာ ပညာရေးကောလိပ် သင်ရိုးများတွင် ထည့်သွင်းရန် စီစဉ်နေ...။


အခြေခံပညာ အဆင့်ကျောင်းများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘာသာရပ်တစ်ခုအား ထည့်သွင်း သင်ကြားသွားမည့်အပြင် ပညာရေး ကောလိပ်များတွင်လည်း ထည့်သွင်းသင်ကြားသွားရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ်များအပေါ် ရင်းနှီးမြှုပ်နှံခြင်းသည် ဆတိုးအကျိုးသက်ရောက်မှုများရှိကြောင်း ၄င်းတို့သည် သဘာဝဘေးလျော့ပါး ရေးနှင့် ပတ်သက်သည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ကို မိဘများထံ အသိပေးပြောဆိုနိုင်ကြပြီး ကလေးများကိုယ်တိုင် မိဘများနေရာသို့ ရောက်ရှိ လာသောအခါ၌ သူတို့၏ ကလေးများအား အသိပညာပြန်လည်ဝေငှ နိုင်မည်ကြောင်း၊ သာဓကအားဖြင့် ၂ဝဝ၄ ခုနှစ်က ဖြစ်ပွားခဲ့သော ဆူနာမီရေလှိုင်း သဘာဝဘေးဒဏ်၌ အိန္ဒိယနိုင်ငံမှ ကလေးငယ်တစ်ဦးဖြစ်သူ တီလီစမစ်သည် ဆူနာမီ၏ ဝိသေသလက္ခဏာများအား သိရှိထားသည့်အတွက် လူရာပေါင်းများစွာ အသက်ချမ်းသာရာရခဲ့ကြောင်း သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက် ရေး ကော်မတီမှ သိရသည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီမှ စတင်၍ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် ယူနီဆက်နှင့် ပူးပေါင်း၍ မူလတန်းအဆင့်ဘဝ တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် သင်ရိုးမာတိကာ၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းများနှင့် ဆိုးကျိုးများ စသောသဘာဝဘေးအန္တရာယ် ဆိုင်ရာ သင်ခန်းစာကို ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြောင်း၊ အလယ်တန်း အဆင့်ဖြစ်သော ၅တန်း၊ ၆ တန်း၊ ၇ တန်း စသည့် ဘာသာရပ်သင် ရိုးများကို ပြန်လည်ရေးဆွဲရာ၌ လည်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ သင်ခန်းစာများအား ထည့် သွင်းခဲ့သည့်အပြင် လက်ရှိအသုံး ပြုနေသော တက္ကသိုလ်ဝင်တန်း ပထဝီဝင်ဘာသာရပ်၊ ၉ တန်း အင်္ဂလိပ်စာနှင့် ၇ တန်း သိပံ္ပဘာသာရပ်များတွင်လည်း သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတများ ထည့်သွင်းခဲ့ကြောင်း၊ ထို့အပြင် UNESCO နှင့် ပူးပေါင်း၍ ပညာရေးနယ်ပယ်၌ သဘာဝဘေး လျော့ပါးရေး အတွက် စွမ်းရည်မြှင့် တင်ခြင်း၊ ပြန်လည်ထူထောင်ရေး နှင့် ကယ်ဆယ်ရေးစသော လုပ်ငန်း များတွင် ကလေးသူငယ်များ ပါဝင် လာစေရန်အတွက် ပညာရေးကဏ္ဍ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ဆောင်ရွက်နေကြောင်း သိရသည်။ ”အစိုးရ၊ UNICEF၊ UNESCO တို့က ပညာရေးကျွမ်းကျင် သူတွေ အဓိကပါဝင်တဲ့အဖွဲ့ကိုဖွဲ့ပြီး ပညာရေးကောလိပ်တွေရဲ့ လက်ရှိသင်ရိုးညွှန်းတမ်းကို လေ့လာမယ်။ ပြီးရင် သဘာဝဘေးလျော့ပါးရေး အမြင်ကို ထည့်သွင်း ပေါင်းစပ်နိုင်မယ့်နေရာကို ရှာဖွေထည့်သွင်း သွားဖို့ရှိပါတယ်။ လိုအပ်လို့ရှိရင် UN-Habitat, Save the Children, Action Aid, World Vision, မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့အပြင် အခြားအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ အကြံဥာဏ်နဲ့ အကူအညီကိုလည်း ယူသွားမယ်။ ပြီးရင် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးပညာပေးအစီအစဉ် လုပ်ငန်းအဖွဲ့က ပြန်လည်ပြင်ဆင် ထားတဲ့ သင်ရိုးညွှန်းတမ်းကို ရွေးချယ်ထားတဲ့ ပညာရေးကောလိပ်များမှာ စမ်းသပ်သင်ကြားသွားမယ်။ သင်ရိုးညွှန်းတမ်းကို အတည်မပြုခင် မှာ နောက်ဆုံးမူကြမ်းကို ပိုမို ကျယ်ပြန့်တဲ့ တိုင်ပင်ဆွေးနွေးပွဲမှာ တင်ပြပြီး အကြံဥာဏ်ယူသွားမယ်” ဟု ၄င်းကပြောသည်။ အဆိုပါစီမံကိန်းတွင် အခြေခံ ပညာဦးစီးဌာနအောက်ရှိကျောင်းများ၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိပညာရေးကောလိပ်များ အားလုံးနှင့် မြန်မာတစ်နိုင်ငံ လုံး အတွက်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းတိုင်းတွင် အကောင်အထည် ဖော်နိုင်ရန်အတွက် ၅နှစ် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။
သတင်း - ပေါ်ပြူလာ
သူရထွန်း


0 ယောက် အကြံပြုထားပါသည်:

Post a Comment