Monday, December 5, 2011

မြန်မာနိုင်ငံ၏ အပြောင်းအလဲလမ်းကြောင်းတွင် လက်တွဲပါဝင်သွားရန် အသင့်ရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပြောကြား



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံနေစဉ်။
ဓာတ်ပုံ - ကောင်းထက်

မြန်မာအစိုးရအနေဖြင့် ပြည်သူများအတွက် မှန်ကန်သည့် ဦးတည်ချက် အတိုင်း နိုင်ငံအပြောင်းအလဲကို ဆက်လက် ဖော်ဆောင် သွားမည် ဆိုပါက အမေရိကန်အစိုးရက ယင်းလမ်းကြောင်းပေါ်တွင် မြန်မာ အစိုးရနှင့်အတူ လက်တွဲပါဝင် သွားရန်အသင့်ရှိကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ ကလင်တန်က သတင်းထောက်များအား ပြောကြားသည်။

မစ္စစ်ကလင်တန်သည် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ၎င်းတည်းခိုရာ သင်္ဂဟ ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ပြောကြားခြင်းဖြစ်သည်။
မစ္စစ်ကလင်တန် သတင်းထောက်များကိုပြောကြားနေစဉ်
ဓာတ်ပုံ-အေအက်ဖ်ပီ

"ကျွန်မနဲ့တွေ့ဆုံတဲ့အခါမှာ ခေါင်းဆောင်တွေက ဒီတိုးတက်မှုတွေက ဒီထက်ပိုပြီး ကျယ်ပြန့်စွာနဲ့ ဆက်ဖြစ်ပေါ်နေမယ်လို့ အခိုင်အမာပဲ ပြောကြတယ်။ အဲဒီလိုဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြောင်းအလဲကို အစစ်အမှန် ဖော်ဆောင်နေတဲ့ အစိုးရရော၊ အစိုးရ မဟုတ်သူတွေကိုရော စိတ်ဝင်တစားပဲ ထောက်ခံသွားပါမယ်"ဟု မစ္စစ်ကလင် တန်က ဆိုသည်။

သမ္မတဦးသိန်းစိန်က ၎င်းနှင့်တွေ့ဆုံရာတွင် မြန်မာအစိုးရအနေဖြင့် အကျဉ်းသားများ ဆက်လက်လွှတ်ပေးရေး၊ လွတ်လပ်မျှတသည့် ကြားဖြတ်ရွေး ကောက်ပွဲများ ကျင်းပရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတည်ထောင်မှု ကြိုးပမ်းချက်များ၊ အဏုမြူမပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပါအ၀င် ဆက်လက် လုပ်ဆောင်သွားမည့် ပြုပြင်ပြောင်းလဲမှု များ၊ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

"သူ့(ဦးသိန်းစိန်)ရဲ့အစိုးရအဖွဲ့ထဲမှာ သူသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ထောက်ခံတဲ့လူတွေရှိသလို အပြောင်းအလဲ အတွက် ပူပန်နေတဲ့လူ တွေ၊ ဆန့်ကျင်နေတဲ့လူတွေရှိနေတဲ့အပြင် ဘာလုပ်ရမလဲစဉ်းစားရင်း အလယ်ကနေ ခြံစည်းရိုးခွထိုင်နေတဲ့လူ တွေလည်းရှိတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိလိုက်ရတယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။

အမေရိကန်နိုင်ငံနှင့် ယခုထက် ကောင်းမွန်သောဆက်ဆံရေးကို တည် ထောင်နိုင်ရန်မှာ အစိုးရတစ်ဖွဲ့လုံးက နျူကလီးယား လက်နက်များအပေါ် နိုင်ငံတကာကထားရှိသည့်သဘောထား ကို လေးစားမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် သမ္မတအိုဘားမား ပြောကြားခဲ့သည့် စကားကို ကိုးကားကာ မြန်မာနိုင်ငံ၌ တိုးတက်မှု၏ မှုန်ပြပြအလင်းရောင်များ တွေ့နေရကြောင်း၊ အတိတ်သင်ခန်းစာများအရ အဆိုပါအလင်းရောင်များသည် ငြိမ်းသွားနိုင်သကဲ့သို့ ငြှိမ်းသတ်ခံရ နိုင်ကြောင်း၊ သို့မဟုတ် အလင်းရောင်များ ထွန်းလင်းလာခြင်းလည်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

"ဒီ မှုန်ပျပျအလင်းရောင်တွေကနေ ဒီထက်ပိုကောင်းတဲ့ အနာဂတ်ကိုလမ်းပြနိုင်မယ့် လွတ်လပ်မှုမီးတောက်အဖြစ် ထတောက်နိုင်တဲ့ အထိရောက်အောင်ဆိုတာက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။

သမ္မတဦးသိန်းစိန်နှင့်တကွ မြန်မာ အစိုးရအား တွေ့ဆုံကာ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို နားထောင်ခွင့် ရခြင်းသည် ၎င်းအတွက် အလွန်ကောင်းမွန်သည့်အခွင့်အလမ်း ပင် ဖြစ်သကဲ့သို့ အမေရိကန်အစိုးရက အပြောင်းအလဲလမ်းကြောင်း ကို မည်မျှ ထောက်ခံကာ ထပ်မံတွေ့မြင်လိုသည့် အချက်များကို ၎င်းထံမှ မြန်မာအစိုးရ ကြားသိနိုင်သည့်အတွက် အားတက် ဖွယ်ပင်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ဆိုသည်။

ကျန်ရှိနေသေးသည့် အကျဉ်းသားများ လွှတ်ပေးရေးကိုလည်း သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့နှင့် ဆွေးနွေးခဲ့ပြီး မကြာမီတွင် အကျဉ်းသားများကို လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

"အကျဉ်းသားတွေကို ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုတာက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးတွေအတွက် အစိုးရကထားရှိတဲ့ ကတိက၀တ်ကို စမ်းသပ်တာပါပဲ။ ကျွန်မတို့ နောက် ထပ်တစ်ဆင့်မတက်မီ ဒီကိစ္စတွေကို ဖြေရှင်းထားပြီးသားဖြစ်နေဖို့ လိုပါတယ်"ဟု မစ္စစ်ကလင်တန်ကဆိုသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ အစသာ ရှိသေးကြောင်း၊ ထပ်မံလုပ်ဆောင်မှုများ လိုအပ်နေသေးကြောင်း ၎င်းက ပြော ကြားသည်။

"အခုကတိပြုထားတာတွေက အစစ်အမှန်လားဆိုတာ သေချာအောင် စောင့်ကြည့်ဖို့လိုသေးတယ်ထင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ပဲ တွေ့ဆုံတာမျိုးမဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စကားပြောတယ်။ နိုင်ငံရေးဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ လူမျိုးစုဝင်တွေ နဲ့ စကားပြောတယ်။ တတ်နိုင်သမျှ ဖြစ်စဉ်တစ်ခုလုံးကို စေ့စေ့ငုံငုံ ကြည့်ချင် လို့ပါ"ဟု မစ္စကလင်တန်ကပြောသည်။

"ဒီဖြစ်စဉ်မှာ အတူတူ ဆက်လက်တွဲ သွားကြမှာဖြစ်လို့ ပိတ်ဆို့မှုတွေရုပ်သိမ်းရေးနဲ့ လျှော့ချရေးကို သေချာပေါက် စဉ်းစားမယ်လို့ ခေါင်းဆောင်ပိုင်းကို ကျွန်မ ပြောခဲ့ပါတယ်။ "ဒါတွေက အောက်ခြေမှာ တကယ် ဖြစ်နေဖို့ လိုပါတယ်။ စစ်ဆေးသုံးသပ်နိုင်ဖို့ လိုပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ဘက်က ဒီအပြောင်းအလဲလမ်းကြောင်းကို ဆက်လက်ထောက်ခံနေမယ်ဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ပြသသွားမှာ ဖြစ်ပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်း ကန့်သတ်မှု၊ သွင်းကုန် တင်ပို့ခြင်း ကန့်သတ်မှုများကို လျှော့ချရုပ်သိမ်းသွားနိုင်အောင် မူဝါဒလမ်းစဉ်ချမှတ်ရေးဆွဲ ဆောင်ရွက်သွားမည်ဟု မစ္စစ်ကလင် တန်က ပြောကြားသည်။

၎င်းက နိုင်ငံအတွင်း ပဋိပက္ခများဖြစ် ပွားနေသည့်နေရာများသို့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့များနှင့် သတင်းစာ ဆရာများအား ၀င်ရောက်ခွင့်ပြုရန်လည်း သမ္မတဦးသိန်းစိန်အား တိုက်တွန်းခဲ့သည်။
Posted by Co2zeиith

0 ယောက် အကြံပြုထားပါသည်:

Post a Comment