Sunday, November 6, 2011

သမ္မတကြီး ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တွေ့ဆုံမည်

news

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးတွင် တရားဝင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်၏ အကြံပေး အရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားက နိုဝင်ဘာလ ၄ ရက်နေ့ ရန်ကုန်လေဆိပ်တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောကြားသည်။

"အတွင်းရေးမှူးချုပ်က သမ္မတနဲ့ ဘာလီမှာ လုပ်မယ့် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးမှာ တွေ့ချင်တယ် " ဟု မစ္စတာ ဗီဂျေး နမ်ဘီးယားက ဆိုသည်။

မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သော ခရီးစဉ်အဖြစ် ငါးရက်ကြာ လာရောက်သည့် ခရီးစဉ် အပြီးတွင် ၎င်းက မြန်မာ့ နိုင်ငံရေးတွင် တိုးတက်မှုများ တွေ့ရသော်လည်း ဆက်လက် လုပ်ဆောင်ရမည့် ဦးစားပေး လုပ်ငန်းများ ရှိနေကြောင်း၊ ငြိမ်းချမ်းရေး၊ အကျဉ်းသား လွှတ်ပေးရေးနှင့် မြန်မာ့နိုင်ငံရေးတွင် အားလုံး ပါဝင်နိုင်ရေးအတွက် လိုအပ်သော ဥပဒေများ ပြင်ဆင်မှု ပြုလုပ်ရေးတို့ ဖြစ်ကြောင်း ကုလသမဂ္ဂ အကြံပေး အရာရှိက ရှင်းလင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်မည်၊ မတင်မည်ကိုမူ မိမိ အနေနှင့် အသေးစိတ် မသိရှိပါကြောင်း မစ္စတာ ဗီဂျေး နမ်ဘီးယားက သတင်းထောက် တစ်ဦး၏ မေးမြန်း ချက်ကို ပြန်လည် ဖြေကြား သွားသည်။

မစ္စတာ ဗီဂျေ နမ်ဘီးယားသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ လာရောက်ခဲ့ပြီး နိုင်ငံတော် ဒုတိသမ္မတ ဦးအောင်မြင့်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံခဲ့သည်။

မူရင်း။။The Voice Journal

0 ယောက် အကြံပြုထားပါသည်:

Post a Comment