၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက် နေ့ စစ်တပ်က အာဏာသိမ်းချိန်မှာ သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ အခြေခံပညာကျောင်းသူ မဝင်းမော်ဦး အတွက် ပြည်ပရောက်အဆိုတော် လားရှိုးသိန်းအောင် ရေးဖွဲ့ စပ်ဆိုထားတဲ့ ဂုဏ်ပြုတေးသီချင်းတပုဒ်ကို ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေက ဖြန့်ဝေဖို့ စီစဉ်နေပါတယ်။
အခုခေတ် လူငယ်တွေအနေနဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ ကျောင်းသားလူငယ်တွေ အသက် ပေးဆပ်ခဲ့ရတာကို သိရှိနိုင်ဖို့ ရည်ရွယ်သီဆိုခဲ့တာလို့ လားရှိုးသိန်းအောင်က ပြောပါတယ်။
“အခုခေတ် လူငယ်တွေသိအောင် ဆိုပြီး ဂုဏ်ပြုသီချင်းလေး စီစဉ်ထားတာပါ။ အမျိုးသမီးလေးက ဘယ်သူလဲ ဆိုတာ ရှင်းပြထားတယ်။ မဝင်းမော်ဦး၊ အသက် ၁၆ နှစ်၊ ကြည့်မြင်တိုင် အ.ထ.က (၄) ကပေါ့။ အဲဒီနေ့က သူက ရှေ့ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံလေးကို ပိုက်ပြီး ချီတက်နေတဲ့အချိန်မှာ စစ်တပ်က ပစ်တာ။ ပုခုံး တဖက်တချက်ကို ပစ်ပြီးတော့ နောက်ဆုံး ခြေထောက်ကို ပစ်တဲ့အချိန်မှာ သူ လဲကျသွားတယ်တဲ့။ နောက်ဆုံး မြေပေါ်ကျသည့်တိုင်အောင် သူသည် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို လက်ထဲက မလွှတ်ဘူး။ မလွတ်တဲ့အပြင် သူက ဘာ မှာသွားလဲဆိုတော့ ‘ရှေ့ဆက်ပြီးတော့ လက်တွဲပြီး တိုက်သွားပါရစေ၊ အောင်မှသာလျှင် သူ့အတွက် အမျှပေးဝေပါ’ ဆိုပြီး နောက်ဆုံးစကား မှာသွားတယ်လို့ ကျနော် သိရတယ်လေ”
အဲဒီအချိန်က သေနတ်နဲ့ အပစ်ခံရတဲ့ မဝင်းမော်ဦးဟာ အဖြူအစိမ်း ကျောင်းဝတ်စုံကို ဝတ်ထားပြီး သွေးတွေနဲ့ ရဲနေတဲ့ သူ့ခန္ဓာကိုယ်ကို ဆေးကျောင်းသား ၂ ယောက် ပွေ့ချီပြေးနေတဲ့ ဓာတ်ပုံဟာ ကမ္ဘာ့ သတင်းမီဒီယာတွေမှာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။
ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဒီသီချင်းကို ပြည်တွင်းပြည်ပ တပြိုင်နက် ဖြန့်ဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပေးပို့လာသူ စိုးမိုး
Thursday, September 15, 2011
စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့တဲ့ မဝင်းမော်ဦးအတွက် ဂုဏ်ပြုသီချင်း
Subscribe to:
Post Comments (Atom)
0 ယောက် အကြံပြုထားပါသည်:
Post a Comment