Sunday, July 24, 2011

သူငယ်ချင်းရေ…အပိုင်း - (၂)

စီနီယာ ဂျူနီယာ စနစ်မှာ သိပ်ချစ်ဖို့ကောင်းတာလေးတွေ ရှိသလို မှားနေတာလေးတွေလည်း ရှိနေတယ်နော်။ ငါတို့ ပြင်သင့်တာကို ပြန်ပြင်သင့်တယ်။ လိုအပ်နေတာကို ဖြည့်စွက်သင့်တယ်။ ဒါမှလည်း ပိုမိုပြီးပြည့်စုံတဲ့ စနစ်ကြီးတစ်ခု ဖြစ်လာမယ် မဟုတ်လား။ နောက် ငါတို့က စစ်သားမှ တိုင်းပြည်ချစ်တယ် ကျန်တဲ့သူက ငါတို့လောက် တိုင်းပြည်မချစ်ဘူး သာမန်အရပ်သားတွေက ဘာမှသိတာ နားလည်တာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတဲ့ ဒီနေ့ထိလည်း ထင်နေကြသေးတဲ့ မင်းတို့ ငါတို့ရဲ့ သူငယ်ချင်းတွေ နောင်တော်တွေ ခုဆို ငါတို့ညီငယ်လေးတွေ ဒါကလည်းမှားနေတယ်ဆိုတာ မင်းလည်း တတ်စွမ်းသရွေ့ ပြောပြရလိမ့်မယ်နော်။ ဆရာနေဝင်းမြင့်ရဲ့ စာပေဟောပြောပွဲလေးမှာ ပြောသွားတဲ့ စကားလေး အရမ်းကောင်းတယ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်ဖို့ ဘယ်သူကမှ တိုက်တွန်းနေစရာ မလိုပါဘူး ဆိုတဲ့စကားလေးကွာ။ မှန်လိုက်တာ သူငယ်ချင်းရာ။ ငါတို့ ၈ တန်းကျောင်းသားဘဝပေါ့။ ဒို့နိုင်ငံနဲ့ ထိုင်းနိုင်ငံ ပြဿနာလေး တွေတက်ကြတော့လည်း ငါတို့မှာ စစ်ထဲဝင်ပြီး သွားတိုက်ချင်လိုက်ကြတာကွာ။ ဒါ ငါတို့ စစ်သား မဟုတ်သေးဘူးလေနော်။ ငါတို့ ပြောနေတဲ့ အရပ်သားလေ။ နောက် ငါတို့ ဗိုလ်လောင်းတက်နေတုန်း မှာလည်း တစ်ခါ ထပ်ဖြစ် သေးတယ်လေ။ အဲဒီတုန်းကလည်း အရာရှိအနေနဲ့ မပေးချင်နေ တပ်ကြပ်ကြီး အဆင့်နဲ့ဖြစ်ဖြစ် သွားတိုက်ခိုင်းလည်း တိုက်မယ် ဆိုတာတွေ ငါတို့တွေပြောခဲ့ကြတယ်နော်။ ဒါတွေကိုပြန်စဉ်းစားကြည့်လိုက်ရင် ငါတို့မှာ တကယ့်တကယ် တိုင်းပြည်ရေး ပြဿနာတက်လာရင် အ သက်သေချင်သေပါစေ၊ ရလာမယ့်ရာထူးစည်းစိမ် စွန့်လွှတ်ရင်စွန့်လွှတ်ရပါစေ တိုင်းပြည် အတွက်ဆို ငါတို့ ပေးဆပ်ချင်ကြတယ်နော်။ ဒါပေမယ့် ငါတို့ ငယ်ငယ်ကတည်းက သင်ကြားလာတဲ့စာတွေ နေ့စဉ်နဲ့ အမျှကြားသိလာတဲ့ သတင်းတွေအရ ငါတို့ထင်ထားတာက စစ်သားဖြစ်မှ တိုင်းပြည်ချစ်တယ်လို့ ငါတို့က ထင်နေကြတာကိုး။ တခါတခါ ငါစဉ်းစားမိတယ် ငါတို့နိုင်ငံမှာ ကဲ အားလုံးက တိုင်းပြည်ချစ်လို့ စစ်ထဲဝင်ကြပါပြီတဲ့။

စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအခမ်းအနား

ငါတို့စားဖို့ စပါး ဘယ်သူတွေစိုက်မလဲ။ ငါတို့ဝတ်မယ့် အဝတ်အစားတွေအတွက် ဘယ်သူတွေ စက်ရုံမှာ အလုပ်လုပ်မလဲ။ ငါတို့နေမယ့် အိမ်တွေကို ဘယ်သူတွေ ဆောက်ပေးမလဲ။ ငါတို့ဖျားနာရင် ဘယ်သူတွေ ကုသပေးမလဲ။ ငါတို့ရဲ့နောက်မျိုးဆက် ကလေးလေးတွေကို ဘယ်သူ တွေပညာသင်ပေးမလဲ။ အများကြီးပဲ သူငယ်ချင်းရယ်။ ဒီတော့မှ ငါသိလာတယ်။ သေနတ်ကိုင်ပြီးတော ထဲမှာ အသက်စွန့်ရတဲ့ စစ်သားမှ တိုင်းပြည်ချစ်တာ မဟုတ်ဘူး။ တိုင်းပြည်ချစ်ကြတာကတော့ အတူတူပါပဲ။ ငါတို့ကို သင်ကြားလာတဲ့ စာတွေ၊ ငါတို့စာဖတ်လို့ရလာတဲ့ အသိတရားတွေနဲ့ ငါတို့ကြားသိနေရ တဲ့ သတင်းတွေက ငါတို့ကို လွှမ်းမိုးနေလို့ပါ။ အဲဒီလွှမ်းမိုးမှုကို ငါတို့မသိလိုက်ဘူး။ သိခွင့်လည်းမရှိဘူး။ ငါတို့ကိုယ်တိုင်ကလည်း သိအောင်မကြိုးစားဘူး ကိုယ်တိုင်လည်း စစ်သားဖြစ်လာတဲ့အခါ အဲဒီသိထား တဲ့အသိလေးတွေကို အဟုတ်ထင်လာတယ်။ ငါမှငါဆိုတာဖြစ်လာတယ်။ အဲဒီငါမှငါဆိုတာကို အရေခြုံ ထားတာက စစ်ယူနီဖောင်းဖြစ်နေလေတော့ စစ်သားမှစစ်သားဖြစ်လာတယ်။ ငါတို့ ပြောခဲ့ကြတယ်လေ။ ယောက်ျား၊ ယောက်ျားထဲမှာမှ စစ်သား၊ စစ်သားထဲမှာမှ စစ်ဗိုလ်၊ စစ်ဗိုလ် ထဲမှာမှ စစ်တက္ကသိုလ်ကျောင်းဆင်းဆိုတာ။ ဒါက ငါတို့က စစ်တက္ကသိုလ်ကျောင်းသားအနေနဲ့ ဂုဏ်ယူလို့ပြော တယ်ဆိုပေမယ့် ပြန်တွေးကြည့်တော့ သိပ်ရှက်ဖို့ကောင်းတယ်ကွာ။ အတ္တ အရမ်းကြီးမားနေတယ်လေ။ ဝါးလုံးခေါင်းထဲ လသာသလိုဖြစ်နေတယ်။
ဒီလိုမှားယွင်းတဲ့ ဂုဏ်ယူမှုမျိုး နောက်ညီငယ်တွေမယူမိစေဖို့လိုမယ်ကွာ။ ငါ့ညီလေးက ငါ့ကို ထပ်ပြောသေးတယ်။ DSA Never Surrender တဲ့ စစ်တက္ကသိုလ်သည် ဘယ်တော့မှ လက်နက်မချတဲ့။ သိပ်ကိုမာန်ပါတဲ့ စာသားလေး စစ်သားတစ်ယောက် အနေနဲ့တော့ သိပ်ကို အဓိပ္ပါယ် ရှိတဲ့စာသားလေးပေါ့။ ဒါပေမယ့် ငါတို့ မင်းတို့က ဘယ်အတွက်ကို လက်နက် မချတာလည်းဆိုတာ စဉ်းစား ရမယ်ထင်တယ်။ ငါထင်တာပြောရရင်တော့ ဒီစာသားလေးဟာ တိုင်းတပါးသား တပ်တွေကို ရင်ဆိုင်တဲ့အခါ သေနတ်ရှိရင် သေနတ်နဲ့ပစ်မယ်၊ ဒုတ်ရှိရင် ဒုတ်နဲ့ရိုက်မယ်၊ ဘာမှ မရှိရင် လက်နဲ့ထိုးမယ်။ နောက်ဆုံး မရရင် ကိုယ့်ဘာသာအသေခံမယ် လို့ပဲထင်တယ်။ ဒါကလည်း ကိုယ့်ဆီကနေ စစ်ရေး အချက်အလက်တွေ ရန်သူဆီပါမသွားဖို့ ငါတို့စိတ်ထဲကို ထည့်ပေး လိုက်တာပဲလေ။ ငါတို့ဟာ စစ်ခေါင်းဆောင်တွေ ဖြစ်တာနဲ့အညီ စစ်ရေးဆိုင်ရာ ကိစ္စတွေကို သိသင့် သလောက်သိကြတယ်။ ဗျူဟာတွေကို နားလည်တယ်။ ဒါတွေကို ရန်သူမသိအောင် ကိစ္စတုံးတဲ့ စိတ်ပဲလေ။ ဒါကတော့ မှန်တာပေါ့ကွာ။ ဒါကိုငါတို့ မင်းတို့ နားလည်မှုတွေ လွဲနေတာတွေ ရှိနေတယ်။ မင်းတို့ ငါတို့တွေ နောက်ဆုံးနှစ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ခဲ့ကြရတာပဲ။ နိုင်ငံရေး သဘောတရားအရ တိုင်းပြည် အုပ်ချုပ်တာဟာ စစ်ရေးအရ စစ်သားချင်း အုပ်ချုပ်တာနဲ့ မတူတော့ဘူး။ တိုင်းသူပြည်သားနဲ့ ဆက်ဆံတဲ့အခါ သွားပြီး Never Surre-nder သွားလုပ်လို့မရဘူး။ ပြည်သူဟာ ငါတို့ရဲ့ ထမင်းရှင်၊ ငါတို့ရဲ့ ကျေးဇူးရှင်။ တပ်မတော်အင်အား ရှိမှတိုင်းပြည် အင်အားရှိမည် ဆိုတာ တစ်ချိန်က အတွက်တော့ ဟုတ်လိမ့်မယ် သူငယ်ချင်း။ ဒါပေမယ့် ဒီနေ့ခေတ် ကမ္ဘာကြီး အခြေအနေတွေမှာတော့ မဟုတ်တော့ဘူး။ မင်းတို့ငါတို့ဟာ သိပ္ပံပညာတွေကို သင်ခဲ့ကြရတာပဲ။ သိပ္ပံသီအိုရီတွေတောင်မှ ၁၈ ရာစုလောက်က မှန်ခဲ့တဲ့ သီအိုရီတွေဟာ ၁၉ ရာစုမှာ အမှားကြီးမှားနေတယ်လေ။ ဒီလိုပဲ ဒီဘက်ခေတ် ၂၀ ရာစုမှာ ပိုမှန်တဲ့ သီအိုရီတွေထွက်ခဲ့တယ်။ ဒီလိုပဲ ငါတို့ ဒီဆောင်ပုဒ်ဟာလည်း ခုတော့ မမှန်နိုင်တော့ဘူး သူငယ်ချင်းရဲ့။ ဒီနေ့ခေတ် နည်းပညာ စွမ်းပကားတွေအရ တိုင်းပြည်ကြီးက အင်အားရှိနေမှ ငါတို့ တပ်မတော်ကလည်း အင်အား ရှိတော့မယ်။ ဒါကို မင်းလက်ခံနိုင်ပါလိမ့်မယ်။
ကဲသူငယ်ချင်းရေ ငါပြောခဲ့တဲ့စကားတွေမှာ မင်းလက်မခံနိုင်တာတွေလည်း ပါချင်ပါနေပါလိမ့် မယ်။ ဒါပေမယ့် ငါပြောခဲ့တဲ့ထဲမှာ ဘာတစ်ခုကိုမှ ငါမကောင်းစေချင်လို့ ပြောခဲ့တာ မပါပါဘူးနော်။ ငါက ရိုးရှင်းစွာနဲ့ပဲ ငါကောင်းစေချင်တဲ့ အမြင်တစ်ခုအရပဲ ပြောင်းလဲသင့်တာကို ပြောင်းလဲဖို့ ငါတိုက်တွန်းတာပါ။ မင်းတို့ငါတို့ရဲ့ ညီငယ်လေးတွေဖြစ်တဲ့ ငါတို့နောက်မှာ ပုခုံးထမ်း တာဝန်ယူကြမယ့် ညီငယ်လေးတွေ ကိုမှန်ကန်တဲ့ အသိနဲ့ တိုင်းပြည်အကျိုး တပ်မတော် အကျိုးကို ဆောင်ရွက်နိုင်စေဖို့ ငါတို့ပြုပြင်ထိန်း ကျောင်းပေးကြရလိမ့်မယ်။ ဘယ်ဟာမဆို အစွန်းရောက်သွားရင် မကောင်းပါဘူး သူငယ်ချင်း။ ဒို့မြတ်စွာဘုရားရှင် ကိုယ်တော်ကြီးတောင် ဘယ်လောက် ပါရမီ ဓါတ်ခံတွေရှိပေမယ့် အစွန်းရောက်တော့ ဘုရားအဖြစ်ကို မရောက်ခဲ့ပါဘူး။ ဒီအစွန်းတရားတွေကို ရှောင်ရှားခဲ့လို့သာ သုံးလောကထွဋ်ထား မြတ်စွာဘုရားအနေနဲ့ ပွင့်လာခဲ့တာပါ။ ဒီတော့ငါတို့လည်း အဲဒီအစွန်း တရားတွေကို ရှောင်ရှားလို့ ငါတို့ မိခင်ကျောင်းတော်ကြီး ဂုဏ်မညှိုးမှိန်ရလေအောင်၊ ငါတို့ တပ်မတော်ကြီး ခုလိုပြည်သူ့ချဉ်ဖတ် အဖြစ်ကနေ ကင်းလွတ်ရလေအောင်၊ တို့တိုင်းပြည်ကြီး သာယာစည်ပင်ပြီး ပြည်သူတွေ ချမ်းသာသုခ ခံစားကြရ လေအောင် အားထုတ်ကြိုးပမ်း ကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ် သူငယ်ချင်း...

ဆောင်းပါရှင်-ဗိုလ်ရဲထက်

ဖိုးတရုပ်ကင်း မှကူးယူဖေါ်ပြပေးပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment