Thursday, July 21, 2011

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း။




















မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ စစ်အာဏာရှင်အဆက်ဆက် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းကြတဲ့နည်းကို ကျင့်သုံးတက်ကြတယ်။

နအဖ၀န်ကြီးချုပ်လုပ်ခဲ့သူက ဘောင်းဘီချွတ်အစိုးရမှာ သမတဖြစ်တာနဲ့  အသွင်ပြောင်းအရပ်သားအစိုးရလို့  သတ်မှတ် လို့ မရပါ။ အဆင့်(၇) ဆင့်ပါ လမ်းပြမြေပုံမှ ပေါ်ထွက်လာတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ၊ လွှတ်တော်၊ အစိုးရ ဆိုတာတွေမှာ ဒီပဲယင်း သွေးတွေ၊ ရွှေဝါရောင်သွေးတွေနဲ့  စွန်းထင်းနေတယ်။ လှည်းအိုကြီးကို ချူတွေတပ်ဆွဲရင် အသံမြည်ရုံပဲ ရှိမှာပါ။

သမတဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) ရဲ့  လာဘ်ပေး၊ လာဘ်ယူကင်းစင်ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဆိုတဲ့ သကာရည်လောင်းထားတဲ့ စကားလုံးတွေကြောင့် ထင်ကြေးတွေ ပေးလို့ မရပါဘူး။ မဆလခေတ်မှာလည်း ပြည့်တန်ဆာတိုက်ဖျက်ရေး၊ မှောင်ခိုတိုက်ဖျက်ရေးတို့ ၊ န၀တ နအဖခေတ်မှာလည်း လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

ဒါ့အပြင် စီးပွားရေးပညာရှင် ဦးမြင့်တို့ လို ပုဂ္ဂိုလ်တွေကို သမတအကြံပေးအဖြစ် ခန့် အပ်ခဲ့ပေမယ့် စစ်ဗိုလ်တွေ စိတ်တိုင်းမကျရင် ထုတ်ပစ်တက်ကြတယ်။ ဗိုလ်နေ၀င်း တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ချိန်မှာ (၄၇) ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ ပြောင်းမယ်လဲပြောရော ပထစအစိုးရလက်ထက်က ခန့် အပ်ခဲ့တဲ့ ဒေါက်တာဘဦး ခေါင်းဆောင်တဲ့ အကြံပေးအဖွဲ့ က နိုင်ငံခြားမှ အခြေခံဥပဒေများကို မှာယူကာ လေ့လာဖို့ လုပ်နေစဉ်မှာ အကြံပေးတွေကို ဖြုတ်ပစ် ခဲ့တယ်။ ဗိုလ်ခင်ညွန့် တုန်းကလည်း ထောက်လှမ်းရေးကပဲ တိုင်းပြည်မှာ ချယ်လှယ်သလို၊ အပြောင်းအလဲလိုလားသူလို ထင်ကြေးပေးမှုတွေခံရပြီး တစုလုံး ဖြုတ်ထုတ်ဖယ်ရှား ဖမ်းဆီးခြင်းခံရတဲ့ သာဓကရှိခဲ့တယ်။

စစ်ခေါင်းဆောင်တွေအဆက်ဆက်ဟာ တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဏိုင် ခိုင်ခန့် ရေးတို့ ဆိုပြီး မကြာခဏပြောပေမယ့် မတရားအုပ်စိုးနေကြတယ်။ ဒီကနေ့  ကြံဖွတ်အစိုးရမှာလည်း လာဘ်ပေးလာဘ်ယူ ကင်းစင်ရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလို့  သိန်းစိန်က ပြောနေပေမယ့် ဒုသမတ သီဟသူရတင်အောင်မြင့်ဦး (ဒုဗိုလ်ချုပ်ကြီးဟောင်း) ကိုယ်တိုင်က ကုန်သွယ်ရေးကောင် စီဥက္ကဌအဖြစ်နဲ့  မိုက်ကြေးခွဲနေတယ်။ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) ရဲ့  သား ကိုအောင်သက်မန်းတို့ က စီးပွားရေးလောကမှာ လွှမ်းမိုးထားတယ်။ စစ်တပ်ရဲ့  မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက အမျိုးသားစီးပွားရေးတရပ်လုံးကို လက်ဝါးကြီးအုပ်ထားပါတယ်။

ကြံဖွတ်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်း (ဗိုလ်မှူးကြီးဟောင်း) ကလည်း ကြံဖွတ်အုပ်ချုပ်ရေးမှာ အမြတ်ထုတ်နေတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေက တပ်ကို ကိုင်ထားတဲ့ တိုင်းမှူးတွေကို အရေးစိုက်ကြတယ်၊ ၀စေ ဝေစားနည်းတွေကို ကျင့်သုံးပေမယ့် အဝေမတည့်တဲ့အခါမှာ တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းတို့  ဖြုတ်ချခံရတယ်။ ၀စ်သောက်စ်ကား၊ ဆိုင်ကယ်ခွန်တွေကအစ အမြတ်ထုတ်လာလို့  မန္တလေးဝန်ကြီးချုပ်ဦးရဲမြင့် (ဒုဗိုလ်ချုပ်ကြီး ဟောင်း-စဖရ) နဲ့  လပခတိုင်းမှူးတို့  စားကျက်လုကြတယ်။ ၀စ်သောက်စ်ကားနဲ့ ပဲ မန္တလေးမှာ ကားမိုင်းခွဲမှု ဖြစ်ခဲ့တယ်။

ဒီကနေ့ ကြံဖွတ်ခေါင်းဆောင်တွေရဲ့ နောက်ကြောင်းရာဇ၀င်တွေကို လေ့လာကြည့်တဲ့အခါမှာ သမတဦးသိန်းစိန်ဟာ ဗျူဟာမှူးကနေ ဖူးကြီးအခြေစိုက် ဒကစ (ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဆင်ရေး) မှူး ဖြစ်တော့ တပ်မြေအတွက် အဖျက်ခံရတဲ့ရွာတွေ၊ ငမိုးရိပ်ရေလှောင်တမံမှာ အဖျက်ခံရတဲ့ ရွာတွေနဲ့  ပက်သက်ပြီး တာဝန်မကင်းသူဖြစ်သလို၊ တြိဂံတိုင်းမှူးဘ၀မှာလည်း ထိုင်း-မြန်မာနယ်စပ်စစ်ကို ဖန်တီးပြီး အပြစ်မဲ့ပြည်သူတွေ သေကြေခဲ့တဲ့ စစ်တရားခံတဦး ဖြစ်တယ်။

ဒုသမတ ဦးတင်အောင်မြင့်ဦးဟာလည်း မုံးကိုးမှာ ငြိမ်းအဖွဲ့ တွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့သူတဦးအဖြစ် သွေးနံ့ မပျောက်သေးပါဘူး။ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း ကတော့ ရွှေဝါရောင်အရေးတော်ပုံမှာ သူရဲ့  တပ်မ(၆၆) ကို ရန်ကုန်လွှတ်ပြီး လက်စွမ်းပြရဲသူ ဖြစ်တယ်။ ကြံဖွတ် ခေါင်းဆောင် ဦးအောင်သောင်းကတော့ ဒီပဲယင်းသွေးမြေကျမှုမှာ ပါဝင်ပက်သက်ခဲ့သူ ဖြစ်တယ်။.

ရာဇ၀င်ကျော် လူဆိုးတသိုက် ကြီးစိုးနေတဲ့နိုင်ငံမှာ မြန်မာ့တပ်မတော်ဟာ မြို့ သူပုန်၊ တောသူပုန် အဆင့်ကနေ ရုန်းထွက်သင့်ပြီ။ တိုင်းပြည်အပေါ် ဖွဲ့ စည်းပုံနဲ့ ဂုတ်ခွစည်းထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍာဟာ ယဉ်ကျေးတဲ့ကမ္ဘာမှာ ရှက်စရာဖြစ်နေတယ်။ (၂၁) ရာစုထဲမှာ စစ်တပ်အားကိုးရှိတယ်ဆိုပြီး ထင်သလို ချယ်လှယ်နေတာဟာ မဏ္ဍပ်တိုင်တက်ပြပြီး လှန်ပြနေတဲ့ လုပ်ရပ် ဖြစ်တယ်။

အရိုင်းအစိုင်းဝါဒကို ကြီးထွားအောင်လုပ်နေခြင်း ဖြစ်တယ်။ စစ်ခေါင်းဆောင်တွေက ဘယ်လိုနည်းလမ်းတွေနဲ့ ပဲ အမည် အမျိုးမျိုးပြောင်း၊ အရေခွံအမျိုးမျိုး ပြောင်းနေပေမယ့် လူထုဖိနှိပ်ရေးလုပ်ရပ်တွေ ဆက်ရှိနေသမျှ ပြည်သူ့ ရန်သူအမှတ် (၁) အဖြစ် ဗိုလ်စွဲနေမှာပါ။

ဧရာ
နစ်နေမန် ဘလောမှ ကူးယူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment