Thursday, May 12, 2011

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ - အပိုင်း (၆)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရှေ့တန်းဌာနချုပ် ကျိုင်းတုံမြို့မှ နောက်တန်းဌာနချုပ် မကွေးမြို့ကို ပြန်ပြီး အနားယူဖို့ အချိန်ကျရောက်လာပါတယ်။ ဒီမှာ သူ့အတွက် လုံခြုံရေးလဲဖြစ်၊ ပြန်ပြီးအနားယူမယ့် သူ့အတွက် ပစ္စည်းပစ္စယ အကြံအဖန် မှောင်ခိုပစ္စည်းတွေ တင်ဖို့ တပ်ရင်းတစ်ရင်းစာ မော်တော်ယာဉ်တန်း အစီး (၂၀) ကျော်အပြင် ကျိုင်းတုံဒေသမှာ သုံးစွဲဖို့ ရွှေညောင်မှ တင်ပို့ပေးထားတဲ့ ဓါတ်ဆီပေပါ အခွံတွေ ပြန်တင်လာမဲ့ ယာဉ်ကလဲ အစီး (၂၀) ကျော် ရှိပါတယ်။ စုစုပေါင်း ယာဉ်အစီး (၄၀) ကျော်ရှိတဲ့ ဒီယာဉ်တန်းကြီး ကျိုင်းတုံက ထွက်လာပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်ဟာ တံခါးပိတ် စီးပွားရေးစနစ် ကျင့်သုံးနေပါတယ်။

ဒါပေမဲ့ အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းတွေကတော့ တစ်ဖက်နိုင်ငံ (ထိုင်း) ကနေ အမျိုးမျိုးသောနည်းနဲ့ ၀င်ရောက်နေ ကြတယ်။ ကျိုင်းတုံ၊ တာချီလိတ်ဒေသဟာလဲ မော်လမြိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တပ်မမှူးကြီး ဗိုလ်သန်းရွှေနဲ့ ပါလာတဲ့ ယာဉ်တန်းမှာ မှောင်ခိုပစ္စည်း အများအပြား ပါသွားတယ်ဆိုတဲ့ သတင်းအား ကျိုင်းတုံ ပါတီကောင်စီက တောင်ကြီးကို အကြောင်းကြားလိုက်တယ်။ တောင်ကြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကနေပြီး လွိုင်လင်မှာ ရှာဖွေစစ်ဆေးဖမ်းဆီးဖို့ တာဝန် ပေးတယ်။ လွိုင်လင် ကောင်စီဥက္ကဌ အမှတ် (၂) ၀န်တင်တပ်ရင်းက ဗိုလ်ကြီး သန်းဌေးအပြင် လုံခြုံရေးအတွက် ကျွန်တော်နဲ့ တပ်စိတ်တစ်စိတ်က အကောက်ခွန်ရုံးထဲမှာ စောင့်နေရတယ်။

ယာဉ်တန်းက လွိုင်လင်မြို့ကို စ၀င်လာပြီ။ ပထမဦးဆုံး စစ်ကြောင်းကားတွေ ၀င်လာတယ်။ လွိုင်လင် ရေကန်ဘေးမှာ ရပ်ထားကြတယ်။ ကားတွေကို တစ်စီးချင်း အကောက်ခွန် ရုံးထဲ မောင်းဝင်ခိုင်းတယ်။ ကားပေါ်မှာ တာဝန်ခံအရာရှိတစ်ဦးနဲ့ ရဲဘော်၊ ဆရာ (၃၄) ယောက်ဘဲ ပါလာတယ်။ ကားပေါ်မှာ ရှိသမျှ အထုပ်အထည်နဲ့ ထည့်ထားတဲ့ အထည်အလိပ်၊ ဓါတ်ဘူး၊ အချိုမှုန့်၊ စက်ဘီး၊ အခြား နိုင်ငံခြားပစ္စည်းမှန်သမျှ အကုန်ချ ပေးရတယ်။ စစ်ကြောင်းကားတွေ ကုန်သွားတော့ ဓါတ်ဆီပေပါ ခွံတွေ ပြန်တင်လာတဲ့ ကားတွေ၊ ဒီကားတွေက ၀န်ပေါ့ဖြစ်ရမှာပါ…
ဒါပေမဲ့ ကားတွေ တောင်ကုန်းတက်လာတဲ့အသံက ၀န်အပြည့်နဲ့ တက်လာနေတဲ့အသံ၊ ဒီမှာတင် ကားတွေကို ဆက်မသွားခိုင်းဘဲ အကုန်လုံးကို အကောက်ခွန်ရုံးထဲ မောင်း သွင်းခိုင်းတယ်။ အထဲရောက်လာတဲ့ ကားတွေကို ကျွန်တော်တို့ တက် ကြည့်တော့ ဓါတ်ဆီပေပါခွံတွေထဲမှာ အပြည့်ထည့်လာတဲ့ အထည်အလိပ်တွေမှန်း သိရတော့တယ်။ လေးတဲ့ (ပေပါ) မှန်သမျှ အကုန်ချ၊ တစ်ညလုံး မနားတမ်း ပစ္စည်းချတဲ့ အလုပ် လုပ်ရတော့တယ်။ မနက်မိုးလင်းတော့ နိုင်ငံခြား မှောင်ခို ပစ္စည်းတွေက ကြည့်မကောင်း မြင်မကောင်း လောက်အောင် ကွင်းထဲမှာ စုပုံထားရတယ်။ ပစ္စည်းပိုင်ရှင် ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရပေမဲ့ ဒီယာဉ်တန်းမှာ ရာထူးအကြီးဆုံးက တပ်မမှူး ဗိုလ်သန်းရွှေ ကိုယ်တိုင်ဘဲ။ ဗိုလ်သန်းရွှေဟာ အဲဒီတုန်းက အခဲမကျေခဲ့တဲ့ ပါတီကောင်စီကို သူ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အခွင့်အရေးတစ်ရပ် အနေနဲ့ မဆလ စစ်အာဏာရှင် ဦးနေ၀င်းကို နှိပ်ကွပ်ခဲ့တာ ဒီဖြစ်စဉ် တစ်ပိုင်းတစ်စပါ ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မ (၈၈) တပ်မမှူးဘ၀တုံးက အခြားတပ်မမှူးများနှင့်စာရင် စစ်ရေးစစ်ရေးမှာ ညံ့ဖျင်းသလောက် ကျိုင်းတုံ ရှေ့တန်းဌာနချုပ်မှာ ဂေါက်မရိုက်တတ်ဘဲ ရိုက်တတ်နိုင်အောင် ကြိုးစားလေ့ကျင့် နေရသူတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီတုန်းက တပ်မ (၈၈) စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူး ၀င်းလှိုင် (န၀တ တက်ခါစ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ၀င်းလှိုင်) ကို ဆရာတင်ကာ ကျိုင်းတုံ ဂေါက်ကွင်းမှာ စစ်ရေးလေ့ကျင့်… မှားလို့… ဂေါက်ရိုက် လေ့ကျင့်နေသူ ဖြစ်ပါတယ်။

ထိုခေတ်က ကျိုင်းတုံမှာ လေယာဉ်လက်မှတ် တစ်စောင်လျှင် မှောင်ခိုဈေး ဈေးကြီးလို့ တပ်မက လေယာဉ်လက်မှတ်ခွဲတမ်း ကိုင်ထားရာ တရားမ၀င် အပိုဝင်ငွေများ ရရှိပါတယ်။ ဒါ့အပြင် ကျိုင်းတုံ - တာချီလိတ် ကားလမ်း လုံခြုံရေးနှင့် ကျိုင်းတုံ - တောင်ကြီး ကားလမ်း လုံခြုံရေးအား တပ်မ (၈၈) က တာဝန်ယူရတဲ့အတွက် ယာဉ်တန်းဖွင့်ဖို့ မှောင်ခိုကုန်သည် များဟာ တပ်မ (၈၈) ထံ ချဉ်းကပ် လာဘ်ထိုးရပါတယ်။ ဘယ်လောက် ချမ်းသာလဲလို့ ပြောရရင် ရှေ့တန်း ကျိုင်းတုံရှိ တပ်မ (၈၈) ကို စစ်ဆေးဖို့ စစ်အာဏာရှင် ဦးနေ၀င်း လာရန်ရှိတဲ့အတွက် ကျိုင်းတုံမြို့တွင်း လမ်းမကြီးဘေးရှိ အရိပ်ရ သစ်ပင်များအား ထုံးသုတ်သန့်ရှင်းခြင်းနှင့် စွန့်ပစ်ကန်ကို ငါးကန်အဖြစ် နေ့ချင်းညချင်း အပြီး အတုအယောင် ဖန်တီးလိုက်နိုင်အောင် ချမ်းသာပါတယ်။

ဒါကြောင့် အဲဒီကတည်းက ဗိုလ်သန်းရွှေဟာ စီးပွားရေးသောင်းကျန်းပြီး အတုအယောင် အဖြစ် ဖန်တီးတတ်သူဖြစ်လို့ ယနေ့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်ကိုလည်း သူ့ရဲ့မိသားစု စီးပွားရေးသောင်းကျန်းမှုအား ကမ်းကုန်အောင် ခွင့်ပြုထားပါတယ်။

ပြည်သူလူထုကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအား ဆက်ပြီး လိမ်ညာကာ ဖန်တီးအုံးမှာ မလွဲဧကန် ဖြစ်ပါတယ်။


ဖိုးတရုတ်ကင်း

0 ယောက် အကြံပြုထားပါသည်:

Post a Comment