"အခု တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက နာမည်ကြီးဘဏ်တချို့မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေဖွင့်နိုင်ဖို့အတွက် လာညှိနှိုင်းနေတယ်။ လောလောဆယ် ရှေ့ပြေးညှိနှိုင်းရေးရုံးလေးတွေ ဖွင့်ပြီးလုပ် ငန်းဆောင်ရွက်နေပါတယ်။ သူတို့ဘက်ကတော့ မြန်မာပြည်မှာ ဖွင့်ခွင့်ရချင်နေကြတယ်။ မြန်မာပြည်နဲ့ စီးပွားရေး ဆက်နွှယ်မှုရှိတဲ့သူတို့နိုင်ငံ က လုပ်ငန်းကို ပံ့ပိုးပေးနိုင်ဖို့ အဓိကထား ပြင်ဆင်နေတာပါ"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ဘဏ်ခွဲများ တည်ထောင်ခွင့်ရရှိနိုင်ရန်အတွက် လာရောက်ညှိနှိုင်းနေသော နိုင်ငံတကာ ဘဏ်အရေအတွက် ဆယ်ဂဏန်းအထိရှိလာပြီး အတည်ပြုချက် တစ်စုံတစ်ရာရရှိရန် စောင့်ဆိုင်းလျက် ရှိကြောင်း၊ လတ်တလောတွင် ဗီယက်နမ်နိုင်ငံမှ လာရောက်ဖွင့်လှစ်ထားသော representative ဘဏ်တစ်ခုသာရှိကာ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း နည်းပါးနေသေးကြောင်း သိရပါသည်။
နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် နီးစပ်သော လုပ်ငန်းရှင်တစ်ဦးက လည်း "ပါလီမန်ခေတ်ကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ၁၄ဘဏ်ဝန်းကျင်လာဖွင့်ပြီး ပြည်တွင်းပြည်ပငွေရေးကြေးရေး ၀န်ဆောင်မှုတွေ ပေးခဲ့ကြတယ်။ ဈေးကွက် စီးပွားရေးစနစ်စတင်ပြီး ၁၉၉၀ ပြည့်နှစ်ကျော်မှာ နိုင်ငံခြားဘဏ် တွေ ဖွင့်ခွင့်ရဖို့ ၀င်လာကြတယ်။ အဲဒီတုန်းက ဘဏ် ၂၀ ကျော် ၃၀ ၀န်းကျင်အထိ စောင့်ခဲ့ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖွင့်ခွင့်မရ ခဲ့ဘူး။ ၂၀၀၃ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်ကိစ္စတွေဖြစ်တော့ လက်လျှော့ပြီး ပြန်ထွက်သွားကြတယ်။ အခု ၂၀၁၁မှာ တချို့တစ်ဝက် ပြန်ဝင်လာတဲ့ သဘောမျိုးပါ"ဟု ရှင်းပြပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံခြားလုပ်ငန်းများအနေဖြင့် အစိုးရပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာနိုင်ငံကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ် (MICB) နှင့် စီးပွားရေးဘဏ်တို့မှ တစ်ဆင့် နိုင်ငံခြားကုန်သွယ်မှု အတွက် ကျသင့်သော နိုင်ငံခြားငွေများကို ပေးချေလျက်ရှိသည်။
လက်ရှိအစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ အပါအ၀င် ငွေရေးကြေးရေး အဖွဲ့အစည်းများသည် လုပ်ငန်းစဉ်နှင့် လုပ်ပိုင်ခွင့်များကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဆောင် ရွက်လျက်ရှိပြီး နိုင်ငံခြားငွေကြေး များကို အစိုးရဘဏ်များကသာ ကိုင်တွယ်လည်ပတ်ခွင့်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒ များအရ ပို့ကုန်ငွေပေးချေမှုနည်း လမ်းကို ပို့ကုန်ကြိုတင်လွှဲပို့ငွေစနစ် (TT) နှင့် ပို့ကုန်ငွေလွှဲစာတမ်းစနစ် (LC) တို့ဖြင့် ငွေပေးချေခွင့်ပြုထား ကာ သွင်းကုန်ငွေပေးချေမှုနည်း လမ်းကို သွင်းကုန်ငွေလွှဲစာတမ်း စနစ် (LC) တစ်ခုတည်းဖြင့်သာ ခွင့်ပြုထားသည်။
မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ၏ ဖွဲ့စည်းတည်ထောင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားချက်များအရ ကူးသန်း ရောင်းဝယ်ရေး ဘဏ်များသည် ချက်လက်မှတ်ဖြင့် ငွေထုတ်နိုင်သော တောင်းခံလျှင် ချက်ချင်းပေးရမည့် အပ်ငွေများနှင့် သက်တမ်းတစ်နှစ် ထက်မပိုသော အချိန်ပိုင်းအပ်ငွေ များကိုလက်ခံခြင်းနှင့် နှစ်တိုချေးငွေ များထုတ်ပေးခြင်းတို့ကို အဓိကထား၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ဖွံ့ဖြိုး ရေးဘဏ်များသည် သက်တမ်း တစ်နှစ်ထက်ကျော်လွန်သော အချိန်ပိုင်းအပ်ငွေများကို လက်ခံခြင်းနှင့် ယင်းအပ်ငွေများ လက်ခံရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ (သို့မဟုတ်) အစိုးရက လျာထားပေး သော ရန်ပုံငွေအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်လျောညီထွေဖြစ်သည့် စည်းကမ်းချက်များဖြင့် ပုံသေငွေရင်း (သို့မဟုတ်) လှည့်ပတ်ငွေရင်းအတွက် ချေးငွေများထုတ်ပေးခြင်းတို့ကို အဓိကထား၍ဆောင်ရွက်ရမည် ဖြစ်သည်ဟု သတ်မှတ်ထားပါသည်။
သီတင်းပေးပို့ သူ အောင်ကျော်ပြည်တွင်း
0 ယောက် အကြံပြုထားပါသည်:
Post a Comment