မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေက မြို့နယ်အတွင်းရှိ တောင်ပုံတောင် ကျေးရွာသွားပြီး အသက်အရွယ်ကြီးတဲ့သူတွေကို ဆေးဝါးနဲ့ ငွေကြေး လှူဒါန်းခဲ့ကြတာကို ဒေသခံ အာဏာပိုင်တွေက တားဆီး နှောင့်ယှက်ခဲ့တယ်လို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုအေးခိုင်က ပြောပါတယ်။
"၇၈ နှစ်က ၁၀၁ နှစ်ရှိတဲ့ သက်ကြီးရွယ်အို လူ ၃၀ ကို မျက်နှာသုတ်ပုဝါတွေ၊ တိုင်းရင်းဆေးတွေ အားဆေးတွေ ကန်တော့ကြတာ အဲဒီဟာကို ကျနော်တို့ပြန်တဲ့အချိန်မှာ ပုပ္ပားရဲစခန်းက ရဲ ၂ ဦးရယ် နောက်တခါ ရယက ဥက္ကဋ္ဌ ကိုစိုးဝင်းရယ်၊ မယက စာရေးတဦးကနေပြီးတော့ နှလုံးရောဂါသည် ဒေါ်ဝင်းရီ၊ ဒေါ်ဝင်းဌေးတို့အိမ်ကို လာပြီးတော့ ဘာလို့ လက်ခံတာတုန်းဆိုပြီးတော့ ခြိမ်းခြောက်တယ်ပေါ့။ နှလုံးရောဂါသည် ဒေါ်ဝင်းဌေးက လန့်ဖျပ်သွားတယ်ပေါ့။ အဲဒါအပြင်ကို ကန်တော့ခံ သက်ကြီးရွယ်အို ဒေါ်ခင်ကြည်၊ ဒေါ်စောငယ်နဲ့ ဦးလှသောင်းရဲ့ အိမ်ကို သွားပြီး နောက်ကို အင်န်အယ်လ်ဒီက လာရင် လက်မခံဖို့ ခြိမ်းခြောက်တဲ့ စကားတွေ ပြောဆိုကြတယ်။"
ဒေသခံ ပြည်သူလူထုက အင်န်အယ်လ်ဒီရဲ့ လူမှုရေးလုပ်ငန်းတွေကို ထောက်ခံလာရုံတင်မက အားကိုးတဲ့ အဆင့်အထိ ဖြစ်လာလို့ အာဏာပိုင်တွေက အခုလို နှောင့်ယှက်တာ ဖြစ်ပြီး ကျောက်ပန်းတောင်း အင်န်အယ်လ်ဒီ အနေနဲ့ကတော့ အနှောင့်အယှက် ဘယ်လိုပဲ တွေ့တွေ့ လူမှုရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားမဲ့အကြောင်း ကိုအေးခိုင်က ဆက်ပြောပါတယ်။
"ကျနော်တို့အနေနဲ့ကတော့ ဒီလူမှုရေးလုပ်ငန်းတွေကို ဘယ်လိုခြိမ်းခြောက် ခြိမ်းခြောက် ဆက်လက် လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကိုလည်း ဒီအကြောင်းတွေကို တင်ပြမှာပါ။ အဖြစ်အပျက်တွေကိုလေ ကျနော်တို့ အခုဆိုရင် ရေရှားပါးနေကြပြီ။ ကျနော်တို့ ရေတွေ ဝေဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။ ရွာတွေ အတော်များများကို ဒီလကုန်ကနေ စပြီး လုပ်ကြမှာပါ။ ငွေတွေလည်း လှူနေတယ်။ ရေတွေ ဘာတွေလည်း ပေးဝေသွားမယ်။ တောင်ပုံတောင်ရွာမှာလည်း ခြိမ်းခြောက်နေပေမဲ့ ရွာသူရွာသားတွေက သူတို့ရွာကလည်း မကြောက်တဲ့အကြောင်းကို ပြချင်လို့ပါတဲ့။ ကျနော်တို့ ဖိတ်ခေါ်ထားတယ် ထပ်သွားဦးမှာပါ။"
ကျောက်ပန်းတောင်းမြို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာ ၂၀၁၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း ကျေးရွာ စာသင်ကျောင်းတွေက ကလေးတွေကို စာအုပ်တွေ ပေးဝေတာ၊ အစားအစာနဲ့ ရေပေးဝေတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။http://www.rfa.org
0 ယောက် အကြံပြုထားပါသည်:
Post a Comment