Friday, March 25, 2011

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁),အပိုင်း(၂),အပိုင်း(၃) - မျိုးမြင့်ချို

မိတ်ဆွေများခင်ဗျား ကျနော်အခုဒီခေါင်းစဉ်နဲ့ အာရ်အက်ဖ်အေကနေ အပတ်စဉ်ဗုဒ္ဒဟူးနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီအစီအစဉ်မှာ ထုတ်လွှင့်နေပါပြီ။ ဒါကတော့ ၃ လပိုင်း ၉ ရက်နေ့ ည ၇နာရီမှာ စထုတ်လွှင့်သွားတဲ့အပိုင်းဖြစ် ပါတယ်။ နောက်ပိုင်းအစီအစဉ်တွေကိုလည်း တင်ပေးနိုင်အောင် ကြိးစားပါ့မယ်။ (မျိုးမြင့်ချို)


“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁)

၁၉၈၄ ခုနှစ် ဖေါ်ဝါရီလ ၁၈ ရက်၊ မနက် ၁ဝ နာရီ ၁၈ မိနစ်။ “ဝုန်း” ကနဲပေါက်ကွဲသံနဲ့အတူ ကျနော့်တကိုယ်လုံး မြင်းကန်ခံလိုက် ရသလို လွင့်ထွက်သွားပါတော့တယ်။ မျက်စိတွေပြာပြီး ပတ်ဝန်းကျင်တခုလုံး ယမ်းငွေ့ကန့်လန့်ကာ ဖုံးချလိုက်သလို မှောင်အတိ။ မြေကြီး ပေါ် “ဘုန်း”ကနဲ ပက်လက်ပြန်ကျကျချင်း "ဟ..ငါဘာဖြစ်တာပါလိမ့်" လို့ ကျနော် ချက်ချင်းမတွေးမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်းလည်းမသိဘူး။ အားယူပြီး အတင်းကျုံးထမယ်လုပ်တော့မှ ညာခြေထောက်က ဆတ်ကနဲလေထဲမြောက်တက်လာတာ။ တကယ့်ကို ပေါ့ပေါ့လေး။ ခြေထောက်ကိုကြည့်လည်းကြည့်လိုက်ရော ဒူးဆစ်အောက်ကနေပြတ်ထွက်သွားပြီ။ “ဟာ…ငါ့ ခြေထောက် ပြတ်သွားပါလား” ဆိုတာကိုလည်း အဲတော့မှသိလိုက်ရတာ။ ပြီးလည်းပြီးရော လူက သွေးရူးသွေးတမ်းနဲ့ ဟိုကြည့်ဒီကြည့်တွေ လိုက်ကြည့်မိတယ်။ ကျနော်နဲ့ ၄ ကိုက်လောက်မရှိတရှိ၊ ယမ်းငွေ့တွေကြား၊ တောစီးဖိနပ်စွပ်ရက်သား ပြတ်နေတဲ့ခြေတဖက်က မြေကြီးပေါ်မှာကျလို့။ ကျနော့်အကြည့်က ကိုယ်မှာ ကျန်နေသေးတဲ့ ခြေထောက်တဖက်ဆီကို ပြန်ရောက်လာတယ်။ အသားစတွေကဖွာလန်ကျဲလို့။ တိုးလို့တွဲလောင်း၊ သက်ကယ် ခြောက်တွေ မြေကြီးခဲအစအနတွေက သွေးတွေနဲ့ကပ်ပြီးမြင်မကောင်း။ သွေးတွေပန်းထွက်နေတဲ့ ငုံးတိတိခြေပြတ်ကြီးက တဆတ်ဆတ်နဲ့ တုန်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ စက်လတ်အတွဲလိုက်ဆွဲချသံတွေ ညံထွက်လာတယ်။ ကျည်ဆန်တွေ ကျနော်လဲကျနေတဲ့နေရာနဲ့ ၃ ကိုက်လောက်မှာ လာလာထောက်နေပါလား။ မဖြစ်သေးဘူး “မှောက်မှ”ဖြစ်မယ် ဆိုတဲ့အသိနဲ့ ကျနော် ညာဘက်ကို စောင်းချလိုက်တယ်။ ဒီ တော့မှ ညာဘက်လက်ကိုလည်း တွေ့လိုက်ရတော့တာ။ ညာလက် တတောင်ဆစ်အောက် ကနေ ပြတ်ထွက်သွားပါရောလား။ စိတ်ထဲက “ဟာ” လို့ အော်လိုက်မိတယ်ထင်တာပဲ။ ပြတ်ထွက်သွားတဲ့ညာလက်ကို ဘယ်လက်နဲ့ဆွဲပွေ့၊ ရင်ဘတ်ပေါ်ဆွဲကပ်၊ ပြီးတော့ ကုန်းစောင်း အတိုင်း ကျနော်လှိမ့်ချလိုက်တယ်။ တခုခုနဲ့တိုက်မိပြီး အရှိန်သေသွားတော့မှ လက်နှစ်ဘက်လုံးရင်ဘတ် အောက်ထိုးထဲ့ပြီး ငြိမ်နေ လိုက်တယ်။ လူလည်းတော်တော့်ကိုမောနေတယ်။ သတိတော့မလစ်ဘူး။ ဘာဖြစ်သွားတာလဲ။ ဘာတွေဖြစ်နေတာလဲ မသိသေးဘူး။ လူသံ၊ အော်သံဟစ်သံ၊ ပစ်သံခတ်သံတွေနဲ့ နားတွေအူပြီး တလောကလုံး ငရဲပွက်နေမှန်းတော့သိနေတယ်။

အရှင်လတ်လတ်မီးမြှိုက်ခံရတဲ့အတိုင်း ကျနော့်တကိုယ်လုံးပူနေတယ်။ နာတော့မနာဘူး။ နောက်တော့ တယောက်ယောက် ကျနော့် ကိုပွေ့ချီလိုက်တယ်။ စုတ်သပ်သံလိုလို၊ ငြီးတွားသံလိုလိုအသံတွေ၊ “ဒီမှာဒီမှာ.” ဆိုတဲ့အသံတွေက နားထဲဗလုံးဗထွေးဝင်နေတယ်။ တ ယောက်ယောက်က “ဘယ်ဘက်လက်..ဘယ်ဘက်လက်” လို့ ပြောသံကြားတယ်။ ဘာပါလိမ့်ဆိုပြီး ဘယ်လက်ကို ကြည့်လိုက်တော့မှ.. ဘယ်လက်ချောင်းတွေကြေမွနေတာ၊ လက်သူကြွယ်လေးက ပြတ်ထွက်မသွားသေးပဲအရေပြားတန်းလန်း လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတာ၊ ကိုယ့် အသားကို ကျပ်ကျေးနဲ့တရွှပ်ရွှပ်ညှပ်နေတာကိုလည်းသိနေတယ်။ မေ့ဆေးမရှိ။ ထုံဆေးမရှိ။ အစိမ်းလိုက်။ ၁ဝ မိနစ်လောက်ရှိတော့ စနာ လာပြီ။ စစချင်းတော့ ခပ်ဖြည်းဖြည်း။ နောက်တော့ တကိုယ်လုံးနေရာအနှံ့။ မခံနိုင်တော့ဘူး။ အခုနေ သေသွားရင်ကောင်းမှာပဲလို့ ကျနော် တွေးမိလိုက်တယ်။

“မင်း..ဘယ်နေ့ စစ်ကြောင်းပါတယ်။ ခ.လ.ရ(၉)နဲ့။ စစ်ကြောင်း (၂)။ စီစီဝမ်တာပန်။ အီကွပ်မင်န့်ပြင်ထား” လို့ ခွဲအရာခံဗိုလ် ရုံးက ခေါ်ပြောတဲ့အချိန်က ကျနော့်စိတ်တွေ ပုံမှန်အတိုင်းပါပဲ။ ကျနော်က စစ်ကြောင်းကြောက်သူမဟုတ်။ ကျနော်တို့ စစ်မြေပြင် အင်္ဂျင်နီယာတပ် တွေမှာ တိုင်းလက်အောက်ခံတပ်တွေကို တိုင်းတပ်တွေလို့ခေါ်ပြီး၊ တပ်မလက်အောက်ခံတပ်တွေကိုတော့ တပ်မတပ်တွေလို့ခေါ်ပါတယ်။ ကျနော့်တပ်က အမှတ်(၉ဝ၉)စစ်မြေပြင်တပ်ခွဲ(အင်္ဂျင်နီယာ)။ တပ်မ (၉၉)လက်အောက်ခံတပ်ခွဲ။ တပ်ခွဲမှူးက ဗိုလ်မှူးဇော်ဝိတ်။ တပ်မ(၉၉) နောက်တန်းဋ္ဌာနချူပ်က မိတ္ထီလာမှာ၊ ရှေ့တန်းဋ္ဌာနချူပ်ကတော့ ကွတ်ခိုင်။

ကျနော်တို့က(၉၉) လက်အောက်ခံတပ်တွေနဲ့တွဲပြီး ရှေ့တန်းထွက်ရတာကို “စစ်ကြောင်းပါတယ်” ၊ (၉၉)လက်အောက်ခံ ဗျူဟာ(၃) ခုနဲ့တွဲရတာကိုတော့ “ဗျူဟာပါတယ်”လို့ခေါ်ပြီး၊ ရှေ့တန်းတပ်မဋ္ဌာနချူပ်နဲ့ သွားတွဲရတာကိုတော့ “တပ်မပါတယ်” ဆိုပါတယ်။ ဗျူဟာတို့ တပ်မတို့ပါတယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ နောက်တန်းကလူတွေနဲ့ အဆက်အသွယ်မပြတ်။ တခြားအကြံအဖန်လေး ဘာလေးလည်း ရသေးတယ်လေ။ အိမ်ထောင်သည်တွေကျတော့ ယဉ်တန်းကြုံရှိရင် နောက်တန်းကမိန်းမတွေလိုက်လာပြီး ခဏတဖြုတ်အတူနေလို့ လည်းရတယ်။ မိန်းမတွေအပြန်မှာ တရုပ်ပစ္စည်းလေးတွေ ဝယ်ထဲ့ပေးလိုက်၊ မန္တလေးကျ ပြန်ရောင်း၊ အမြတ်ကလေးစို့စို့ပို့ပို့။ လူပျိုတွေကျတော့လည်း မြို့နားမြို့ပေါ်နေရင်း မိန်းမပိုးချိန်ရည်းစားရှာချိန်လည်းရ။ “ဗျူဟာတပ်မ”တွဲရင်း တိုင်းရင်းသူတွေနဲ့ညားကုန်ကြတဲ့ လူပျိုတွေ လည်းအများသားပေါ့။ ဆိုတော့ “တပ်မဗျူဟာ”ဆိုရင် လိုက်ချင်သူပေါတာဘာမှမဆန်း။ “စစ်ကြောင်းပါတယ်”ဆိုရင် မျက်နှာမသာ။ သေဖို့၊ ဒဏ်ရာရဖို့ ပိုနီးတာကိုး။ ဒါ့ကြောင့် တပ်မှူးက အကြပ်တပ်သားတိုင်းကို “စစ်ကြောင်းနဲ့တပ်မဗျူဟာ” အလှည့်ကျထဲ့ပေးရမယ်ဆိုပြီး အမိန့် ထားရတာပေါ့။ တပ်မဗျူဟာဆိုတာက လူကြီးနားနေရတာဆိုတော့ လူရွေးတိုင်းဖြစ်နိုင်သမျှ အသောက်အစားကင်းသူတွေကို ဦးစားပေးရွေးရမယ်လို့ ကန့်သတ်မိန့်တော့ရှိတယ်။ ကျနော်က မကင်းဘူး။ မူးလာရင်နည်းနည်းလည်း “ရစ်”တတ်သေးတယ်။ ဆိုတော့ ကျနော့်စစ်သက်တလျှောက်လုံး “တပ်မဗျူဟာ” တခါမှမပါခဲ့ဖူးဘူး။ “မပါနိုင်မယ့်အတူတူဆိုပြီး” ကျနော်က စစ်ကြောင်းပဲတောင်းလိုက်တာပေါ့။ တပ်ရင်းတရင်းရှေ့တန်းထွက်ပြီဆိုရင် ကျနော်တို့ စစ်အင်္ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ ဆေးတပ်သား ၄ ဦးစီတွဲပြီး လိုက်ရပါတယ်။ ရှေ့တန်းရောက်ပြီဆိုတာနဲ့ စစ်ကြောင်း ၂ ကြောင်းပြန်ခွဲ။ တွဲဘက်စစ်သည်တွေလည်း တကြောင်းမှာ ၂ ယောက်စီပြန်ခွဲ။ ဒီလိုနဲ့ ဒီတပတ်လည်း အရင်တပတ်လိုပေါ့လေ။ ကျနော့်အတွက်တော့ သိတ်မဆန်းပါဘူး။

သွားရမယ့်နေရာက စီစီဝမ်တာပန် မဆုတ်တမ်းခံစစ်စခန်းတဲ့။ ကျနော်ရောက်ဖူးချင်တဲ့စခန်း။ စစ်တိုင်းအလိုက်အရပြောရင် အရှေ့ မြောက်ဒေသ။ မြန်မာပြည်မြေပုံအရပြောရင် ရှမ်းပြည်မြောက်ပိုင်း။ ကွတ်ခိုင်နဲ့မူဆယ်အကြား။ မိုင်းယု(၁ဝ၅) မိုင်ရောက်ရင် ယဉ်တန်းကဆင်း ၈ နာရီလောက်လျှောက်ရင် စီစီဝမ်တာပန်အောက်ခြေက ရွာကိုရောက်ပြီ။

“အဲဒါပဲ..စီစီဝမ်တာပန်ဆိုတာ”။ ဆိုတဲအသံကြောင့် ကျနော်လှမ်းကြည့်ဖြစ်လိုက်တယ်။ လွင့်နေအောင်မြင့်တဲ့ ညိုမှောင်မှောင် တောင်တန်းကြီး။ စတက်လိုက်တာနဲ့ အရင်ဆုံးရောက်တာက တင်ရွှေကုန်း။ ဗ.က.ပနဲ့ မီးကုန်ယမ်းကုန် တိုက်ခဲ့တဲ့ပွဲတပွဲမှာ စစ်တပ်ကကျခဲ့တဲ့ ဗိုလ်ကြီးတင်ရွှေကိုဂုဏ်ပြုပြီး ဒီကုန်းက “တင်ရွှေကုန်း”ဖြစ်လာတာပါ။ တပ်စု ၂ စုစာအင်အားနဲ့ တပ်ခွဲမှူးရုံးစိုက်ထားတယ်။ အဲဒီကနေ ဆက်တက်ရင် တပ်စိတ်တွေလောက်ထားတဲ့ ကြားစခန်း(၁-၂-၃-၄)။ စစ်ကြောင်းမှူးရုံးထိုင်ရာ ဘိန်းမုန့်ကုန်း။ နောက်တော့ တပ်ခွဲမှူးရုံးနဲ့တပ်စု ၂ စု ထိုင်တဲ့ ဇော်ဝင်းကုန်း။ ဘိန်းမုန့်ကုန်းရဲ့ညာဘက်မှာ အရံခံစစ်စခန်းငယ် (၄) ခု။ အားလုံးကို တစုတည်းအနေနဲ့ပြောတော့ စီစီဝမ်တာပန်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အသေအကြေတိုက်ယူပြီးနောက်ပိုင်း မဆုတ်တမ်းခံစစ်အဖြစ် တပ်ထောင်တာဗိုလ်ထုနဲ့ စီးနင်းထားရာစိုးမိုးကုန်း။ မူဆယ်လားရှိုးလမ်းမကြီးရဲ့ အချက်အခြာဒေသ။

ဘိန်းမုန့်ကုန်းရဲ့တဖက်တချက်မှာ စီစီဝမ်နဲ့တာပန်လို့ ခေါ်တဲ့ ရွာပျက်ကြီး ၂ ခု။ တချိန်က ဒီရွာတွေမှာကြားခဲ့ရမယ့် မောင်းထောင်းသံ၊ ကလေးအော်သံခွေးခေါ်သံ၊ တေးချင်းဆိုသံ၊ လူပျိုလှည့်သံ၊ ကြက်တွန်သံတွေတော့မရှိတော့။ မကြားရတော့။ ဒီနေရာမှာအရင်တုန်းက လူ တွေနေခဲ့ဖူးတယ်လို့ သက်သေပြစရာတချို့ကလွဲလို့ ပကတိတိတ်ဆိတ်ခြင်းမင်းမူနေတဲ့ သုဿန်တစပြင်ကြီးလို။ မီးကျွမ်းအိမ် တိုင်ငုတ်တိုတွေ၊ ကျည်ဆံရာဗလပွ ပင်စည်တွေ၊ အရာရာအလှမဲ့နေတဲ့ စစ်မက်အနိဋ္ဌာရုံတွေပြွမ်းနေတဲ့ စီစီဝမ်တာပန်။

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၂)

ကျနော် အဲဒီရွာပျက်ကြီး ၂ ခုကိုကြည့်ပြီး၊ ဗမာပြည်မှာ စီစီဝမ်တာပန်တွေ ဘယ်လောက်များနေပြီလဲလို့ တွေးနေမိတယ်။ မြေပုံပေါ် မှာပဲရှိနေတော့ပြီး မြေပြင်ပေါ်မှာမရှိတော့တဲ့ရွာပျက်တွေ ကျနော်အများကြီးတွေ့ဖူးပါတယ်။ လူဆိုတာ ကိုယ်ချက်မြှုတ်ရာ ကိုယ့်ဇာတိမှာ ခေါင်းချချင်မှာပဲလို့လည်း တွေးမိသေးတယ်။ အခြေအနေအရ ခေါင်းချရာနဲ့ချက်မြှုတ်ရာ လွဲရတော့မယ်ဆိုရင်လူတွေဟာ အိမ်ကိုလွမ်း၊ ရွာကို လွမ်း၊ ပြည်(ပြေ)ကိုလွမ်း၊ မြေကိုလွမ်း၊ လွမ်းတတ်ကြတာကိုး။ စီစီဝမ်တာပန်သားတွေလည်း ဒီအတိုင်းပဲနေမှာပေါ့။ ကျနော့်စိတ်က စီစီဝမ်တာပန်သားတွေဆီကနေ နာ့အော်ကြီး-နာ့အော်လေး က ရွာသားတွေဆီကို ရောက်သွားပါတယ်။

နာ့အော်ကြီး-နာ့အော်လေးဆိုတဲ့ရွာတွေက နမ္မတူခရိုင်၊ မန်တုံဂွင်ထဲကရွာတွေပါ။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေသာမက လူမျိုးစုံနေကြ တာပါ။ ဂွင်အလိုက်အများစု နေတတ်ကြတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ မန်တုံဂွင်မှာတော့ ပလောင်က အများစုဖြစ်မယ်ထင်ပါတယ်။

ကျနော် ဒီဂွင်ကို ခ.လ.ရ (၄) (မန္တလေး) ပုသိမ်ကြီးကတပ်နဲ့တွဲတုန်းက ရောက်ခဲ့တာပါ။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး မောင်မောင်စိုး။ ဒုရင်းမှူးအပါအဝင် တခြားသူတွေကို ကောင်းကောင်းမမှတ်မိတော့ပေမဲ့ တပ်ခွဲမှူးဗိုလ်ကြီးလှမြင့်ကိုတော့ အခုထက်ထိမှတ်မိနေတုန်းပါပဲ။ အသားညိုညို၊ လူကောင်ထွားထွား၊ ကျောက်ပေါက်မသဲ့သဲ့၊ စကားပြောရင် ကျယ်ကျယ်ကြမ်းကြမ်း။ မူးလာရင် “ဗ.က.ပအသဲ မီးကင်စား လာတဲ့ကောင်ကွ” လို့ အမြဲပြောတတ်သလို၊ အမြဲလိုလိုလည်း မူးနေတတ်ပါတယ်။ တပ်ရင်းမှူးရဲ့ညာလက်ရုံးလို့လည်း ပြောသံကြားရရဲ့။

နာ့အော်လေးကို စစ်ကြောင်း ဝင်ခါနီးတော့ ရင်းမှူးကကျနော့်ကို ပွိုင့်တပ်ခွဲနဲ့လိုက်ဖို့ပြင်ခိုင်းပါတယ်။ စစ်အင်္ဂျင်နီယာဆိုတာက တိုက် စစ်မှာရှေ့ဆုံးက၊ ခွာစစ်ကျတော့နောက်ဆုံးကနေ ဖြစ်ပါတယ်။ တိုက်စစ်မှာ မိုင်းရှင်းရတာ၊ ခံစစ်စည်းရိုးဖေါက်ခွဲပေးရတာမျိုးတွေ လုပ်ရသလို။ ခွာစစ်မှာ ကိုယ့်နောက်က ရန်သူလိုက်မလာနိုင်အောင် မိုင်းထောင်တာ၊ တံတားချိုးတာ၊ လမ်းဖျက်တာတွေလုပ်ရပါတယ်။ ၂ ခုစလုံးက သေ မင်း နှုတ်ခမ်းနမ်းရသလိုမျိုးပါ။ ဒါနဲ့ ကျနော်လည်း သေနတ်၊ အီကွင့်ပ်မင်န့်၊ မိုင်းရှာစက်တွေပြင်ပြီး ပွိုင့်တပ်ခွဲမှူးဆီ သတင်းသွားပို့ပါတယ်။ “ဟေ့ကောင် ဘီအီး.. မင်းစစ်တိုက်ဖူးလား” လို့ မေးတော့ ကျနော်က “မတိုက်ဖူးဘူး..ဗိုလ်ကြီး” လို့ ပြန်ဖြေလိုက်ပါတယ်။ “အေး..ဒါဆို ပွိုင့် တပ်စုသွား၊ စုမှူးကိုသတင်းပို့၊ သူခိုင်းတဲ့အတိုင်းလုပ်၊ ရွာထဲမှာရန်သူရှိတယ်၊ ကြားလား” တဲ့။ ကျနော်လည်း နည်းနည်းတော့လန့်သွားတယ်။ ရွာထဲမှာရန်သူရှိတယ်ဆိုပါလား။

ပွိုင့်တပ်စုမှူးက အလုပ်သင်ဗိုလ်။ စစ်တပ်မှာ အလုပ်သင်ဗိုလ်တွေကို ဗိုလ်လေးလို့ခေါ်ရပါတယ်။ အဲဒီဗိုလ်လေးက စစ်ဗိုလ်ပုံထက် လမ်းသရဲပုံပိုပေါက်ပါတယ်။ ပစ္စတိုလ်ကိုလည်း ကောင်းဘွိုင်မင်းသားလို ခါးမှာတို့လို့တွဲလောင်းချိတ်လို့။ ကျနော် သူ့ကိုသတင်းပို့တော့ တပ်စု တပ်ကြပ်ကြီး ရိုင်းဗဟာဒူးကိုခေါ်ပြီး “သူလိုတာလုပ်ပေးလိုက်.ဆရာကြီး” ဆိုပြီး အပ်လိုက်ပါတယ်။ ရိုင်းဗဟာဒူးက တည်ငြိမ်အေးဆေးတဲ့ပုံပါ။ “စားပြီးပြီလား၊ မစားရသေးရင်ရော့”ဆိုပြီး ကောက်ညှင်းထုတ် တထုတ်ပေးတယ်။ ကျနော်က “မစားတော့ပါဘူးဆရာကြီး”ဆိုတော့ “ရော့.. တခွက်နှခွက်လောက်တော့ချထား၊ အထိအတွေ့ဘာမှမရှိရင်တော့ ဆက်ထွက်မယ် ထင်တာပဲ” ပြောပြီး ဗူးတဗူးပေးတယ်။ ဒါနဲ့ ကျနော်လည်း ၃ ပက်စာလောက် တချက်တည်းမော့ချလိုက်တယ်။ သွေးပူပြီး လူလည်းဖျတ်ဖျတ်လတ်လတ် ဖြစ်သွားပါတယ်။

အချိန်က နေ့လည်တနာရီလောက်ရှိနေပါပြီ။ ကျနော်တို့ပွိုင့်တပ်စုလည်း ရွာနားကပ်နေပါပြီ။ ရွာစွန်ကအိမ်တချို့နဲ့ ရွာ့နောက်ပိုင်း တောင်စောင်းက အိမ်တွေကိုလည်းရှင်းရှင်းမြင်နေရပါပြီ။ ရွာထဲက ဆန်ကြိတ်စက်အင်ဂျင်သံနဲ့ အတူ ခွေးဟောင်သံသဲ့သဲ့လည်းကြားနေရ ပါ ပြီ။ ရွာထဲကလူတွေ ကျနော်တို့ ရွာခြေမှာကပ်မိနေပြီဆိုတာကို သိ/မသိတော့ ကျနော်လည်းမပြောတတ်ပါဘူး။ ရိုင်းဗဟာဒူးက ရှေ့ကသွားနေ တဲ့တပ်စိတ်မှူးကို လမ်းဘေးကိုဖဲ့ဆင်းဖို့ လှမ်းအချက်ပြလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ရွာစပ်ချုံကွယ်တွေကြားက သေနတ်သံတွေ “ဝေါ” ကနဲ ထွက်ချလာပါတော့တယ်။ ကျနော်လည်း ဖျတ်ကနဲ ဝမ်းလျားမှောက်ချလိုက်တယ်။ ပွိုင့်တပ်စိတ်ကနေ ပြန်ပစ်သံတွေလည်း ဆူညံပွက်သွားတာပဲ။ သေနတ်ကိုသာ လက်ကတင်းတင်း ဆုတ်ထားပေမယ့် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ရင်တွေကတော့ တဒိုင်းဒိုင်းခုန်နေပါတယ်။ ကျနော့် ပတ်လည်မှာတော့ “တက်..တက်” အော်သံတွေ မော်တာလောင်ချာသံတွေ သေနတ်သံတွေယမ်းနံ့တွေ ဆူညံမွှန်ထူနေပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တဘက်က ပစ်ခတ်သံတွေ ဖြည်း ဖြည်းချင်းဝေးဝေးသွားပါတယ်။ ကျနော်တို့တပ်စုလည်း ရှေ့ကိုတဖြည်းဖြည်းတိုးလိုက်လာပါတယ်။ ကျနော်တို့တစုလုံး ရွာထဲရောက်သွားတော့ တဘက်ကသေနတ်သံတွေက ရွာအစွန်တောင်ကုန်းတွေပေါ်ရောက်သွားပြီ။ သဘော ကတော့ ရွာကိုကျနော်တို့စီးမိလိုက်ပြီပေါ့။ ကျနော်တို့ ဘက်မှာ အထိအခိုက်ရှိမှန်းတော့သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူလဲ ဘယ်နှယောက်လဲဆိုတာတော့ ကျနော်မသိ။

တပ်စုမှူးက ကျနော့်ကို “ဘီအီး..မင်းပွိုင့်စိတ်နဲ့လိုက်သွား” လို့ပြောပြီး ပွိုင့်တပ်စိတ်ကို “ဆန်စက်နဲ့ရွာလယ်လမ်းကိုဝင်ရှင်း” ဆိုပြီး တဆက်တည်းအမိန့်ပေးပါတယ်။ တပ်စိတ်မှူးကိုကြည့်လိုက်တော့ လက်ဖျံနဲ့ပေါင်မှာ ထိထားပုံပဲ။ သွေးတွေလည်းရွှဲလို့။ ဒေါသလည်း ဖြစ်နေပုံ ပါပဲ။ “ကျုပ်တို့အခု အရင်ဆုံးဆန်စက်ကိုဝင်စီးမယ်၊ အထဲရောက်မှကြည့်ကျက်လုပ်တာပေါ့။ အရင်ဆုံးအထဲရောက်ဖို့လိုတယ်” လို့ပြောပြီး ရှေ့ဆုံးကနေ ကာဘိုင်နဲ့ပစ်ရှင်းရှင်းပြီး တံခါးကိုဆောင့်ကန်ထည့်လိုက်ပါတယ်။ တံခါးလည်းပွင့်ရော သူ့ နောက်ကရဲဘော် ၂ ယောက်နဲ့အတူ အိမ် ထဲကိုဒလောဟော ပစ်သွင်းတော့တာပါပဲ။ ကျနော်က သူတို့ဘေးမှာရပ်လျက်သား။ နောက်တော့ “ဝင်..ဝင်”ဆိုပြီး သူကအရင် အိမ်ထဲဝင်ချ လိုက်ပါတယ်။ ဘာသံမှမကြားရပဲတိတ်ဆိတ်နေပုံကြီးကစိတ်ချောက်ခြားစရာကြီးပါပဲ။ ရှေ့ဘက်အခန်းရှင်းအပြီး သေနတ်ကိုယ်စီနဲ့ နောက်ဖက်အခန်းကို ဝင်လိုက်တယ်ဆိုရင်ပဲ ရေဖြည့်ထားတဲ့ရာဝင်အိုးကြီးတွေနောက်က ရုတ်ကနဲအရိပ်ကနဲတခုအလှုပ်၊ ကျနော်ကြမ်းပြင်ပေါ် မှောက်အချ၊ တပ်စိတ်မှူးသေနတ်ပြောင်းက ကျည်ဆန်တွေဝေါကနဲ ထွက်အလာ။ အားလုံး ဝရုံးသုန်းကား ဖြစ်သွားပါတော့တယ်။

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃) မျိုးမြင့်ချို

အဲဒီဝရုန်းသုန်းကား သေနတ်သံ၊ စဥ့်အိုးကွဲသံတွေကြားကပဲ “အား” ကနဲအော်သံနဲ့အတူ လူတယောက် အရုပ်ကြိုးပြတ်လဲကျသွား တာကိုပါ ကျနော်မြင်လိုက်ရတယ်။ အသံတွေပြန်တိတ်သွားတယ်။ စဥ့်အိုးနောက်က ညည်းသံတဟင်းဟင်းကြားနေရတယ်။ ကျနော် လူးလဲ ထလိုက်ပြီး တပ်စိတ်မှူးနောက်က ကပ်လိုက်သွားပါတယ်။ ဒီတော့မှ သွေးအိုင်ထဲမှာ ပက်လက်ကြီးလဲကျနေတဲ့ မိန်းမတယောက်။ သူ့ဘေးမှာ မှောက်ခုံလေးလဲကျနေတဲ့ ကလေးတယောက်။ ကလေးက သွေးအိုင်ထဲမှာဓါတ်လိုက်နေသလို တကိုယ်လုံး ဆန့်ငင်ဆန့်ငင်နဲ့ တုန်နေတယ်။ ကျနော့်ဘေးက ရဲဘော်တယောက်က ကလေးကိုပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ပြီး ပက်လက်ဆွဲလှန်ချလိုက်တယ်။ မျက်လုံးတွေပိတ်နေပြီ။ ရင်ဘတ်နဲ့ခေါင်းတခုလုံး သွေးတွေနစ်နေတာပဲ။ အဲဒီနေရာတွေကိုချည်းပဲ ထိသွားပုံရတယ်။ ကြည့်နေတုန်းမှာပဲ ကလေးကတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ မလှုပ်မရှက် ပက်လက်ကလေး။

ကလေးရဲ့ဘေး ကြမ်းပြင်ပေါ်ပက်လက်လဲကျနေတဲ့ မိန်းမဘက်ကို ကျနော်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာထိထားတာတွေ မြင်နေ ရတယ်။ အပေါ်ပိုင်းတခုလုံးသွေးတွေရွှဲနေတာ မြင်မကောင်းဘူး။ အားယူပြီးထထိုင်ဖို့လုပ်လိုက် ပြန်လန်ကျသွားလိုက်နဲ့ ဖြစ်နေတယ်။ သူ့ဘေး မှာတော့ ပစ်ချလိုက်တဲ့တပ်စိတ်မှူးက သေနတ်ကိုင်ပြီး မတ်တပ်ကြီးကြောင်နေတယ်။ ဘာမှလည်းမပြောဘူး။ ရုတ်တရက် ဆွံ့အသွားတဲ့လူတယောက်လိုပဲ သူ့ကိုကြည့်ရတာ။ ကျနော်က မိုင်းရှာစက်နဲ့သေနတ်ကိုဘေးချလိုက်ပြီး အဲဒီမိန်းမကိုပွေ့ထူဖို့ သူ့ကျောအောက် လက်လျှိုလိုက် တော့ လက်တခုလုံးစေးထန်းထန်းနဲ့ နွေးကနဲဖြစ်သွားတယ်။ အတင်းပွေ့ထူပြီး ထိုင်ပေးဖို့၃-၄ခါလောက် လုပ်တာတောင်မရဘူး။ သေတော့ မသေသေးပါဘူး။ ဒါနဲ့ သူ့ကို သေသေချာချာကြည့်လိုက်တယ်။ ဗိုက်က ကွဲပြီး ပွင့်ထွက်နေတယ်။ မိန်းမက သူ့ဗိုက်ကို၊ အဲဒါကြီးကို လက်တဘက်နဲ့ တအားဖိထားတယ်။

ကျနော်က ဒီလက်တောင့်ခံနေလို့ ထူမရတာဖြစ်မယ်ထွက်ပြီး သူ့လက်ကို ဇွတ်ဖယ်ထုတ်တယ်။ သူက တင်းခံထားတယ်။ ကျနော်က ပိုအားစိုက်ပြီး ထပ်လုပ်တယ်။ သူကလည်း ပိုပြီးလက်ကိုတောင့်ခံထားတယ်။ ဒါနဲ့ ကျနော်သူ့ဗိုက်ကို သေသေချာချာထပ်ကြည့်တယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ကိုး။ ကျနော်လည်း ဘေးကကြောင်ကြည့်နေတဲ့ တပ်ကြပ်ကို “ဟေ့လူ..ဘာလုပ်နေတာလဲ၊ နည်းနည်းကူဦး လေ” ဆိုတော့မှ သူလည်း အသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မိန်းမဆီက အသံထွက်လာတယ်။ သတိပြန်လည် လာသလို မျက်လုံးတွေပွင့်လာတယ်။ ပါးစပ်ကလည်း ဗမာလိုပီပီသကြီး “မလုပ်ပါနဲ့.မလုပ်ပါနဲ့.ကလေးကိုမသတ်ပါနဲ့” လို့အော်ပြီး အတင်းရုန်းးထလိုက်တာ မတ်တပ်ရပ်မိသွားတယ်။ ကျနော်ဘာလုပ်ရမှန်းမသိပဲကြောင်နေတုန်း အဲဒီမိန်းမ ဗိုင်းကနဲပြန်လဲကျသွားတယ်။ ပြန်ထဖို့လုပ်တယ်။ ကျနော်က သူ့ကို ရင်ဘတ်ကနေဖိပြီး ထမရအောင်လုပ်ထားရတယ်။ ပြန်ထမိရင်ပြန်လဲကျမှာလည်း စိုးနေတယ်။

အဲဒီအချိန်မှာပဲ တပ်စုမှူးရောက်ချလာတယ်။ သေနေတဲ့ကလေးကို၊ ကျနော့်ကို၊ မိန်းမကို၊ တပ်စိတ်မှူးကို တလှည့်စီကြည့်လိုက်တယ်။ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ တပ်စိတ်မှူးကိုပြန်ကြည့်ပြီး “မင်းထိထားတာ အတော်များလား” လို့မေးတယ်။ တပ်စိတ် မှူးက “ရပါတယ် ဗိုလ်လေး” လည်းဆိုရော။ “မင်း ချန်ခဲ့၊ ဒုစိတ်မှူးနဲ့ ကျန်တဲ့ကောင်တွေ ရွာလည်လမ်းကို ဆက်ရှင်း၊ ဟေ့ကောင်... ဆေးတပ်သား ခေါ်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ကျနော့်ကိုလည်း သွေးတွေပေနေတာမြင်လို့ထင်ပါရဲ့ “ဘီအီး..မင်းရောထိထားလား”တဲ့။ “မထိပါဘူး.. ဒီကသွေးတွေပါ” ဆိုပြီး ကျနော်က မိန်းမကိုထိုးပြလိုက်တယ်။ “အေး..ဒါဆို မင်းဒီမှာ ခဏနေခဲ့၊ ဆေးတပ်သားလာလိမ့်မယ်၊ နည်းနည်း ကူလိုက်ဦး” ဆိုပြီး အပြင်ပြန်ထွက်မလို့ လုပ်နေတုန်း ဆေးတပ်သားဝင်လာတယ်။ နားကျပ်တွေဘာတွေထုတ်။ မိန်းမ ရင်ဘတ်ကို ထောက်ကြည့်။ လက်ကောက်ဝတ်ကို စမ်းကြည့်လုပ်နေတာတွေ တွေ့နေရတယ်။ မိန်းမက မျက်စေ့တော့မပွင့်ဘူး။ ပါးစပ်ကတော့ “မလုပ်ပါနဲ့…မလုပ်ပါနဲ့” လို့ပဲ ရေရွတ်နေတယ်။ ခဏနေတော့ ဆေးတပ်သားက တပ်စုမှူးကိုမော့ကြည့်တယ်။ “အခြေအနေမကောင်းဘူး ဗိုလ်လေး”တဲ့။ စုမှူးက “မရတော့ဘူးလား” လို့ မေးတယ်။ "မလွယ်တော့ဘူး” လို့ သူကပြန်ဖြေတယ်။

စုမှူးလည်း ဘာလုပ်ရင်ကောင်းမလဲ ခနစဉ်းစားလိုက်ပုံရတယ်။ နောက်တော့ “မင်းတို့ကောင်တွေကလည်း လုပ်လိုက်ရင် အရမ်း ချည်းဘဲ၊ ကလေးကပြဿနာမရှိဘူး၊ သေပြီ။ ဒီမိန်းမက ပြဿနာ” ဆိုပြီးတပ်စိတ်မှူးတပ်ကြပ်ကို လှည့်ကြိမ်းပါတယ်။ “ကျနော်လည်း ရုတ်တ ရက်ဆိုတော့ ရန်သူထင်ပြီး…” ပြောနေတဲ့တပ်ကြပ်စကားမဆုံးလိုက်ပါဘူး။ “ဘာရန်သူဟုတ်လား၊ မင်းအမေ့လင်တွေကဟိုးမှာ၊ ကြာ တယ်ကွာရှင်းပစ်လိုက်” ဆိုပြီး တပ်ကြပ်ကိုအမိန့်ပေးလိုက်တယ်။ ကျနော်ရော ဆေးတပ်သားပါ နောက်နည်းနည်းဆုတ်မိရက်သား ဖြစ်သွား တယ်။ တပ်ကြပ်က “ဟာ..ဗိုလ်လေး..ကျနော်.ကျနော်” ဆိုပြီးစကားတွေထစ်နေတယ်။ ဗိုလ်လေး က “မင်း. စ ထားတာ လေကွာ။ မင်း ဆုံးလိုက်” လို့ ခပ်တင်းတင်းအမိန့်ပေးတယ်။ သူ့လက်ကလည်း ခါးကပစ္စတိုလ်ပေါ်မှာ အသင့်အနေအထားနဲ့။ “ဗိုလ်လေး.. ကျနော့် မိန်းမလည်း ကိုယ်ဝန်ကြီးနဲ့..ကျနော်..ကျနော်..”ဆိုပြီး တပ်ကြပ်ဟာ ကတုန်ကယင်ကြီး ဖြစ်နေပါတယ်။ ဒီမှာတင် ဗိုလ်လေးက “ပေးစမ်း… ” ဆိုပြီး တပ်ကြပ်လက်ထဲက သေနတ်ကို ဆောင့်ဆွဲယူလိုက်တယ်။ သေနတ်ကကျည်ထိုးပြီးသား။ ပြီးတော့ အဲဒီမိန်းမရဲ့ ခေါင်းကိုချိန်ပြီး ဒိုင်း..ဒိုင်းနဲ့ ၂ ချက်ဆင့် ပစ်ချလိုက်တယ်။ မိန်းမလည်း ငြိမ်ကျသွားတယ်။ စုမှူးက သေနတ်ပြန်ပေးရင်း “ဟေ့ကောင် ဆေးတပ်သား ဒီမိန်းမက မင်းမရောက်ခင်ကတည်းက သေနေပြီနော်.ဟုတ်လား၊ ဘီအီးရော ဒီအတိုင်းပဲ ဟုတ်ပြီလား၊ ဒါပဲ ဒီ့ထက်ပိုပြီး ဘာမှမကြားချင်ဘူး.. ဟုတ်ပြီ လား”

ကျနော် သွေးအိုင်ထဲကအလောင်းတွေကိုကြည့်ရင်း စိတ်ထဲမှာဘာမှန်းမသိတဲ့ ခံစားမှုတွေဖြစ်နေ တယ်။ ကြောက်လည်းနည်းနည်း ကြောက်နေတယ်။ ဘာကိုကြောက်တာလဲဆိုတာတော့ သေသေချာချာမပြောတတ်ပါဘူး။ ဒါပေမဲ့ ကြောက်နေတယ်ဆိုတာကိုတော့ ကျနော် သေသေချာချာကြီး သိနေပါတယ်။

ကျနော် မျိုးမြင့်ပါခင်ဗျား။

မျိုးမြင့်

ဒေါင်းမာန်ဟုန် ဘလော့မှ ကူးယူပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment