Saturday, November 13, 2010

ဒေါ်စုနှင့် လက်တွဲလိုသည်ဟု NDF ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့ ခေါင်းဆောင်အဖြစ် ရှိနေပြီး၊ သူမသာ လက်ခံမည် ဆိုပါက လက်တွဲရန် အသင့်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အထိန်းသိမ်းခံ ပြစ်ဒဏ်မှ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပြန်လွတ်ခဲ့ပြီးနောက် NDF က ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်သာ လက်ခံတွေ့ဆုံမယ်ဆိုရင် ကျနော်တို့ဘက်က သွားရောက်တွေ့ဆုံဖို့ အဆင်သင့်ပါပဲ။ သူသာ တွေ့မယ်ဆိုရင် လက်တွဲသွားဖို့ အဆင်သင့်ရှိတယ်” ဟု NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က တရားမျှတခြင်း မရှိသည့် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ ဥပဒေများကြောင့် ပါတီကို ထပ်မံ မှတ်ပုံမတင်ရန် ယခုနှစ် မတ်လ ၂၉ ရက်နေ့က ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ရွေးကောက်ပွဲ ဥပဒေအရ တည်ဆဲပါတီများ ထပ်မံမှတ်ပုံတင်ခွင့် ကုန်ဆုံးခဲ့သည့် မေလ ၆ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ရှေ့နေ ဦးသိန်းညွန့်နှင့် ဒေါက်တာသန်းဝင်းတို့ ဦးဆောင်ကာ NDF ပါတီကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့ပါက NDF တည်ထောင်ရခြင်းအကြောင်း ရှင်းလင်း တင်ပြသွားမည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

“NLD ဟာ မှတ်ပုံမတင်ဘူးဆိုတဲ့နောက်မှာ ပါတီသစ်မထောင်ရဘူး၊ ရွေးကောက်ပွဲမဝင်ရဘူးဆိုတဲ့ ဆုံးဖြတ်ချက် မရှိပါဘူး။ မရှိတာကို ကျနော်တို့ကို ပါတီထောင်တာ သစ္စာဖောက်လို့ ပြောနေတယ်။ ဘာကြောင့် ပါတီထောင်ရတယ်၊ ဘာကြောင့် ရွေးကောက်ပွဲကို မျက်နှာမူပြီး ပြည်သူ့အတွက်ကို လုပ်ဆောင်ပေးရတယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း တင်ပြသွားဖို့ ရှိပါတယ်” ဟု သူက ပြောသည်။

ပါတီတည်ထောင်ခြင်းကို တင်ပြပြီးနောက် ဒေါ်စု၏ ဆုံးဖြတ်ချက်နှင့် သဘောထားကို လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ပြီး၊ ဒေါ်စုနှင့် တွေ့ဆုံခြင်းကြောင့် စစ်အစိုးရက NDF ကို ဖျက်သိမ်းမည်ဆိုလျှင်လည်း အဖျက်ခံမည်ဟု သူက ဆိုသည်။

“သူက ကျနော်တို့ရဲ့ ခေါင်းဆောင်ပဲလေ။ သူ့ကို တွေ့လို့ ပါတီဖျက်မယ်ဆိုလည်း ဖျက်ပေါ့” ဟု သူက ပြောသည်။

NDF သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် နိုင်ငံတဝှန်း၌ အမတ်လောင်း ၁၆၃ ဦး ဝင်ပြိုင်ခဲ့သော်လည်း အမတ် ၁၆ ဦးသာ အနိုင်ရခဲ့သည်။ ယင်း ၁၆ ဦးမှာ ရန်ကုန်တိုင်းမှဖြစ်ပြီး ပြည်သူ့လွှတ်တော် ၈ ဦး၊ အမျိုးသားလွှတ်တော် ၄ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ၄ ဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ မဇ္ဈိမက NDF အပါအဝင် ချင်းအမျိုးသားပါတီ CNP ၊ ချင်းတိုးတက်ရေးပါတီ CPP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ DPP နှင့် ၈၈ မျိုးဆက် ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ကို ဆက်သွယ်မေးမြန်းခဲ့သည်။

SNDP နှင့် RNDP က ဒေါ်စုလွတ်မြောက်လာမှုအပေါ် ဝမ်းမြောက်ကြောင်းနှင့် ကျန်ပါတီ ၄ ခုက ဒေါ်စုနှင့် လက်တွဲလုပ်ဆောင်သွားလိုကြောင်း ပြောဆိုကြသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ်မှာ တိုင်းပြည်အကျိုးအတွက် ပူးပေါင်းပြီး လက်တွဲသွားနိုင်ပါတယ်။ မျှော်လင့်နေပါတယ်လို့ ပြောပါရစေ” ဟု DPP ဒုဥက္ကဋ္ဌ ဦးတင်မောင်အေးက ပြောသည်။

CPP အထွေထွေအတွင်းရေးမှူး (၂) ဦးရှိန်ထွန်းကလည်း “သူ့ကို ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်လို့ပဲ သဘောထားပါတယ်။ သူ့ကို လက်တွဲပြီး လှုပ်ရှားသွားဖို့ ရှိတယ်။ နိုင်ငံတော် လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီး ဖြစ်နေတာတကြောင်း၊ ပုဂ္ဂိုလ်ရေးအရ စိတ်သဘောထားလည်း အရမ်းလေးစားတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်ခဲ့ပြီးနောက် သူမကို စောင့်ဆိုင်းနေသည့် ထောင်ပေါင်းများစွာသော လူထုကြီးကို နေအိမ်ရှေ့မှာပင် ခေတ္တမိန့်ခွန်းပြောဆိုခဲ့ပြီး တွေ့ဆုံလိုသူများ မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးချုပ်သို့ လာရောက်ကြရန် ပြောဆိုခဲ့သည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment