Monday, November 29, 2010

ဝန်းရံကြပါစို့ 

ခြေလှမ်းတိုင်းရဲ့ 
အမှန်တရား
မြဲမြံစွာဆုတ်ကိုင်ရင်း
တည်ကြည်တဲ့
သစ္စာတရားနဲ့ 
လျှောက်နေတဲ့
ခြေလှမ်းတိုင်းကို
အဆုံးသတ်သွားအောင်
ကောက်ကျစ်တဲ့ စိတ်ဓာတ်များနဲ့ 
ပြည်သူ့ အပယ်ခံ
အာဏာဆန်လူတစ်စု.....
ဖိနှိပ်ခံဘဝ လွတ်မြောက်ဖို့
အမှန်တရားကို
ရဲဝံ့ စွာကမ်းလင့်ကြို
သူတို့ ရဲ့မျှော်လင့်ချက်
စောင့်စားကြိုဆိုနေရှာတဲ့
အမှန်တ၇ားခုံမင်
လူတန်းစား အစုံအလင်........၊
ရာထူးစည်းစိမ်
စွန့်လွတ်ရမှာ
တွန့်တိုနေတဲ့
အာဏာရှင်လူတစ်စုနဲ့
ငွေဝယ်ကျွန်
ဗလာနံတို့ရဲ့ 
မှိုင်းတိုက်ခံအသိစိတ်နဲ့
ရိုင်းပြစွာလုပ်ကြံကြတဲ့
သမိုင်းဆိုးတစ်ခုထဲကတစ်ခု
လတ်ဆတ်စွာထင်ကျန်ဆဲဖြစ်တဲ့
ဒီပဲယင်း......၊
နှစ်ထောင့်သုံးခုနှစ်
သုံးဆယ်မေလ
လမိုက်ည
ယွန်းခဲ့ရှစ်နာရီ
စိုင်ပြင်ကြီးနဲ့
ဒီပဲယင်းကြား
လူသတ်ကွင်းက
ယနေ့ထက်တိုင်
မမေ့ရက်နိုင်ကြ
သွေးပျက်စရာ..ည...၊
အမာခံလူငယ်များ
နယ်ခံ..
ကျောင်းသားလူငယ်များက
ရန်ရှာတိုက်ခိုက်လာတဲ့
ငွေဝယ်ကျွန်
ဗလာနံတို့ရဲ့ 
လက်နက်တွေကြား
တစ်ဦးကိုတစ်ဦး
မြဲမြံစွာလက်ချင်းတွဲလို့
အမေ့ကို ကာကွယ်ကြ
ဘဘကို ၀န်းရံထားနဲ့...၊
အားပေးအော်ဟစ်သံများက
အမြင်ဝိုးတ၀ါး
ကားမီးတွေကြား
သွေးအလူးလူးနဲ့
ပုံလဲကျနေတဲ့
ရဲဘော်ရဲမေတို့ရဲ့ 
ပင်နီအင်္ကျီတွေကို
ဆွဲချွတ်သူကချွတ်
ရိုက်သူကရိုက်
ရမ်းကားသောနုတ်ထွက်စကားဖြင့်
ကြမ်းတမ်းစွာဆံပင်ဆွဲ
ကန်ကျောက်ကာနေလည်း
ဝန်းရံစွာခေါင်းငုံ့ ခံရင်း
မာန်တင်းကာ
လက်တုံ့ မပြန်ခဲ့တဲ့
ရင်နင့်စရာည..၊
ဒီလမိုက်ည
ငှက်ဆိုးထိုးသံများကြားမှ
အမေ ကံသီစွာ
လွတ်မြောက်ခဲ့ပြန်ပေါ့..၊
ရဲရင့်တဲ့အမေ့ရဲ့ခြေလှမ်းတွေ
မတားဆီးနိုင်မှန်းသိပေမယ့်
အမေ့ရဲ့...
မျှော်လင့်ချက်ပန်းတိုင်ဟာ
ပြည်သူတွေအတွက်ပါ
ပြည်သူတွေချစ်တဲ့အမေ့ကို
ပြည်သူတွေက၀ိုင်းရံပါလိမ့်မယ်
ကြယ်စင်တွေဝန်းရံခနေတဲ့
ဓူဝံ ကြယ်လိုပေါ့
တစ်နေ့...
အမေ့ရဲ့ဆန္ဒ
ပြည်သူတို့ရဲ့ ဘဝ
စစ်ကျွန်အဖြစ်မှ
လွတ်မြောက်တဲ့နေ့ဟာ
ဘ၀တစ်ခြမ်း
ပေးဆပ်နေကြတဲ့
သူရဲကောင်းတို့ရဲ့ 
မျှော်လင့်ချက်တွေ...
အပြစ်မဲ့ပြည်သူတို့ရဲ့ 
ဝိဥာဉ်တွေ...
ရဟန်းသံဃာတို့ရဲ့ 
ဝိဥာဉ်တွေ...
ကျဆုံးသွားတဲ့
အာဇာနည်တို့ရဲ့ 
ဝိဥာဉ်တွေ...ဟာ
ပြည်သူတို့နဲ့ထပ်တူ
လက်ခုပ်တီးရင်း
ဂုဏ်ပြုကြိုဆိုကြမှာကိုတော့
ရဲရဲကြီးသစ္စာ ဆိုဝံ့ပါတယ်...အမေ ...။

(အမေ့ကို ဒီပဲယင်း လုပ်ကြံမှု ကြားမှ သက်စွန့်ဆံဖျား ကယ်ထုတ်သွားခဲ့သော
နောင်တော်ကြီးများ နှင့် ကားဆရာ ဒို့ကိုကြီးကျော် (ခ)ကိုကျော်စိုးလင်း တို့အား
အဝေးတနေရာမှဂုဏ်ပြုမှတ်တမ်းတင်လိုက် ပါသည်။)

လူသစ် အမရပူရ

0 ယောက် အကြံပြုထားပါသည်:

Post a Comment