Friday, April 20, 2012

၂၃ ရက်နေ့လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖြစ်နိုင်ချေမရှိသေး


လွှတ်တော်ကိုယ်စားလှယ်တွေကျမ်းသစ္စာကျိန်ဆိုတဲ့အခါအခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့စကားရပ်နဲ့ကျိန်ဆိုရမှာကိုအခြေခံဥပဒေကိုလေးစားလိုက်နာပါမညဆိုတဲ့စကားရပ်နဲ့ပြင်ဆင်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရကိုတင်ပြထားတဲ့ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်အခြေခံဥပဒေခုံရုံးကဒီစကားရပ်ကိုပြန်လည်ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသွားရောက်ခဲ့တဲ့နောက်မှာNLDရဲ့တင်ပြချက်အဆင်မပြေသေးကြောင်းသိရတာပါ။ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။
"ဆောင်ရွက်နေတာအဆင်မပြေသေးဘူးပေါ့လေ။Interpretationလိုင်းကိုတင်ပြတော့ဒါကိုမဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့မရဘူးမဟုတ်ဘူး။ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"
အခုပြောဆိုချက်ဟာအခြေခံဥပဒေခုံရုံးရဲ့သဘောထားတခုပဲဖြစ်သေးတဲ့အတွက်သမတအပါအဝင်အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းကပြောပါတယ်။
အခုလိုအခြေခံဥပဒေခုံရုံးကပြောဆိုလိုက်တာကြောင့်လာမယ့်၂၃ရက်နေ့မှာ ပြန်လည်ကျင်းပမယ့်လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသေးဘူး လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။
နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့အခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်လို့ကတိပြုရတာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်၊လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့အခါမှာလဲဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်တဲ့အတွက် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ဒီ ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့်တင်ပြထားတာဖြစ်ပါတယ်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment