Wednesday, July 27, 2011

“သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာ တွက်စစ်ကြည့်လေသော်…”

၂၀၁၁ခု ၊ ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာမှု ဘာမှမရှိသေးတာတွေ့ရပါတယ်။

ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ ပြောရလဲဆိုတော့ ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့ သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ။
(၁)နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။
(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကို အရှိန်မြှင့်နေတာ ။

(၃) မကြာသေးခင် (တစ်လတောင် မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ ခြိမ်းခြောက်ခဲ့တာ ။

(၄) ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အကြောင်းအရာတွေ ဖေါ်ပြခွင့်ကို ပိတ်ပင်လိုက် ၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့ တွေ့ဆုံ စဉ်မှာ တရားဝင်ပြောခဲ့တာ ။

(၅) နအဖအမည်နဲ့ စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ (၉) ကြိမ်တွေ့ဆုံဆွေးနွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှု မလုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြု တာဝန်လွှဲအပ်သွားမှာ ဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။

(၆) အမျိုးသားညီလာခံကို (၁၅) နှစ်ကြာအောင် လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာ နောက်တစ်ကြိမ် ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှုမရှိတာ။

(၇) မုဒိန်းကျင့် ၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။
စတဲ့ အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။

ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်က (၁၈) လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက်နေခဲ့ပြီးမှ အစိုးရသစ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာ တွေ့ခဲ့တာလဲ၊ ရှင်းပါတယ်၊ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့ လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့ နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲ ဖြစ်ပါတယ် ။

မေလထဲမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့် အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ်၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့ လက်တွဲအလုပ်လုပ် ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ် ၂၅% နဲ့ စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူး မပေးသင့်ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်က ပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့ နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ် နိုင်ငံတကာကစိုးရိမ်မကင်း ဖြစ်ရတာတွေကို ဖြေရှင်းဖို့လိုတယ်၊ အဲဒါတွေ ဆောင်ရွက်ဖို့ ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ် ။

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူ တည်ဆောက်တဲ့နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတာမျိုး ကစားကွက်တွေနဲ့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း ၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင် သွားရောက်ဆောင်ရွက်ခဲ့တာတွေ တွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဆိုတော့ သမ္မတကြီးအမည်ခံ ဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကို တလေးတစားသွား ဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာ မြင်သိနိုင်ပါတယ်။

နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာ သူ့အတွက် နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာ မျိုးလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ ပထမဆုံးစတင်ဆွေးနွေးဖို့ စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကို ပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့ နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန်လျော့လမ်းလွဲစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကို ထပ်တိုးခဲ့သလို အင်းလျားကန်ကို ရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကို လက်ခံခဲ့မှုနဲ့လည်း ဒေါ်စုကို ရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ် အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBA တပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေ ပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊ အဲဒီလို နိုင်ငံရေးအကျပ်အတည်းတွေ အများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့ လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကို လွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိ ဒေါ်စုမိန့်ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာတွေဟာ အာရုံလွှဲဖို့ ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာ ဖြစ်ပါတယ် ။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာ အေးပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့ တွက်စစ်ကြည့်ဖို့လိုပါတယ် ။

စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်း အလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌ ဦးတင်ဦးတို့နဲ့ ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့ NLD ကို ကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲ မတည်ဆောက် နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာ သဘောထားခဲ့ပြီး ဝတ်ကျေတန်းကျေ ဆွေးနွေးမှုအဖြစ် NLD ပါတီကို တရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲ လှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေပြောကြားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ ဦးအောင်ကြည်ဆီက နှုတ်ထွက်စကား (ဆွေးနွေးချက်) ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လို အာမခံချက်တွေ ရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့ နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင် ထွက်ခဲ့ပြီးပြီဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကိုကိုယ်စားပြု ဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးအဖြစ်နဲ့ ပဲ ဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊ စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေက ပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ ဒီမိုကရေစီရေးအင်အားစုတွေအားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက် သက်သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊ နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိ ဒီဆွေးနွေးပွဲကို အချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေ လုပ်မလဲ၊ ပြည်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံဆောင်ရွက်ဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်း ပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီး မိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာတွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေ အိုးအိမ်အခြေမဲ့ ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်း အသက်ဆုံးသွားရတဲ့ မောင်ချစ်လို အဖြစ်မျိုးဟာ ပုံနှိုင်းအတုယူစရာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပဲ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ မပါပဲ ၊ တိကျရေရာတဲ့ အချိန်ကာလသတ်မှတ်ချက် မရှိပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့ အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုး မဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူ ရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက်ပိုတဲ့ ဦးဆောင်မှုမျိုးဖြစ်ဖို့ လိုနေတယ်ဆိုတာ အဖြေရှာတွက်စစ်လို့ ရပါတယ်ဆိုတဲ့အကြောင်း…။

အင်အားတူ အခြေအနေမရှိရင် စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှ မဖြစ်နိုင်ပါ ။

ဆောင်းပါရှင်။ ။မောင်ချင့်ချိန်

နစ်နေမန် ဘလော့မှကူးယူဖေါ်ပြပါသည်။

Monday, July 25, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်တို့ ပထမဆုံး တွေ့ဆုံပြီ


ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် ယနေ့နေ့လည် ၁ နာရီခန့်က စိမ်းလဲ့ကန်သာ အစိုးရဧည်ဂေဟာတွင် ၁ နာရီကျော်ကြာ တွေ့ဆုံသည်။
၁ နာရီနှင့် ၁၀မိနစ်ကြာမြင့်သည့် ထိုဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ကို ၀န်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့ရာ ဆွေးနွေးပွဲကို နှစ်ဘက်စလုံးက အပြုသဘောရှုမြင်ပြီး အားရကျေနပ်ကြောင်း၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စများလည်းပါ ၀င်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ “ကျမတို့က တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု ပြောဆိုကြောင်း ပြည်တွင်းအခြေစိုက် ဧရာဝတီသတင်းထောက်က ပြောသည်။

နှစ်ဘက်စလုံး၏ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကောင်းမွန်သောရလဒ်ဖြစ်ကြောင်း ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် အကြား နွေးထွေးသော ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ်တင်းမာနေပြီး ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် သတင်းထောက်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆွေးနွေးပွဲ ရလဒ်ကို ကြိုဆိုကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ဆွေးနွေးမှုများ ကို ဆက်လုပ်သွားမည်ဟု ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်ကိုလည်း ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ယခုတွေ့ဆုံမှုမှာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယခုတကြိမ်တွေ့ဆုံမှုသည် ပိုမိုကောင်းမွန်သောရလဒ် ဖြစ်လာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ ယခုတွေ့ဆုံမှုသည် အစိုးရသစ်လက်ထက် ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။

ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် ၂ ကြိမ်နှင့် ၂၀၁၀ တွင် တကြိမ် တွေ့ဆုံခဲ့သော်လည်း မည်သည့် ရလဒ်မှာ ထွက်ပေါ်ခြင်း မရှိပေ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်နေသည် အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန်လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့်ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသူများကမူ ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို အကောင်းဘက်မှ ရှုမြင်သော်လည်း အစိုးရအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် အာဇာနည်နေ့ကလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်ဖိတ်ကြားကာ အခမ်းအနားကို တက်ရောက် စေခဲ့သည့် အပြင် NLD ပါတီဝင်များနှင့် လူငယ်များကိုလည်း အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရ၀ ပြုခွင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သြဂုတ်လဆန်းတွင် ပဲခူးမြို့သို့ စတင်ခရီးထွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ NLD မှ ဦးခွန်သာမြင့် အပါအ၀င် ၃ ဦးကိုပဲခူးမြို့သို့ နယ်မြေအခြေအနေများ လေ့လာရန် စေလွှတ်ခဲ့ကြောင်း NLD ပါတီဝင်တဦးက ပြောသည်။

ပဲခူးနှင့် သနပ်ပင်မြို့နယ်များသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လုံခြုံရေးနှင့် အခမ်းအနား ပြင်ဆင်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့ ပြည်သူ့လွှတ်တော်အမတ် ရှေ့နေဦးမြတ်လှကလည်း ဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ပုဂံ ညောင်ဦးဒေသသို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သေးသည်။

ဧရာဝတီ သတင်းဝက်ဆိုဒ်မှ ကိုယ်းကားဖေါ်ပြပါသည်။

Sunday, July 24, 2011

သူငယ်ချင်းရေ…အပိုင်း - (၂)

စီနီယာ ဂျူနီယာ စနစ်မှာ သိပ်ချစ်ဖို့ကောင်းတာလေးတွေ ရှိသလို မှားနေတာလေးတွေလည်း ရှိနေတယ်နော်။ ငါတို့ ပြင်သင့်တာကို ပြန်ပြင်သင့်တယ်။ လိုအပ်နေတာကို ဖြည့်စွက်သင့်တယ်။ ဒါမှလည်း ပိုမိုပြီးပြည့်စုံတဲ့ စနစ်ကြီးတစ်ခု ဖြစ်လာမယ် မဟုတ်လား။ နောက် ငါတို့က စစ်သားမှ တိုင်းပြည်ချစ်တယ် ကျန်တဲ့သူက ငါတို့လောက် တိုင်းပြည်မချစ်ဘူး သာမန်အရပ်သားတွေက ဘာမှသိတာ နားလည်တာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတဲ့ ဒီနေ့ထိလည်း ထင်နေကြသေးတဲ့ မင်းတို့ ငါတို့ရဲ့ သူငယ်ချင်းတွေ နောင်တော်တွေ ခုဆို ငါတို့ညီငယ်လေးတွေ ဒါကလည်းမှားနေတယ်ဆိုတာ မင်းလည်း တတ်စွမ်းသရွေ့ ပြောပြရလိမ့်မယ်နော်။ ဆရာနေဝင်းမြင့်ရဲ့ စာပေဟောပြောပွဲလေးမှာ ပြောသွားတဲ့ စကားလေး အရမ်းကောင်းတယ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်ဖို့ ဘယ်သူကမှ တိုက်တွန်းနေစရာ မလိုပါဘူး ဆိုတဲ့စကားလေးကွာ။ မှန်လိုက်တာ သူငယ်ချင်းရာ။ ငါတို့ ၈ တန်းကျောင်းသားဘဝပေါ့။ ဒို့နိုင်ငံနဲ့ ထိုင်းနိုင်ငံ ပြဿနာလေး တွေတက်ကြတော့လည်း ငါတို့မှာ စစ်ထဲဝင်ပြီး သွားတိုက်ချင်လိုက်ကြတာကွာ။ ဒါ ငါတို့ စစ်သား မဟုတ်သေးဘူးလေနော်။ ငါတို့ ပြောနေတဲ့ အရပ်သားလေ။ နောက် ငါတို့ ဗိုလ်လောင်းတက်နေတုန်း မှာလည်း တစ်ခါ ထပ်ဖြစ် သေးတယ်လေ။ အဲဒီတုန်းကလည်း အရာရှိအနေနဲ့ မပေးချင်နေ တပ်ကြပ်ကြီး အဆင့်နဲ့ဖြစ်ဖြစ် သွားတိုက်ခိုင်းလည်း တိုက်မယ် ဆိုတာတွေ ငါတို့တွေပြောခဲ့ကြတယ်နော်။ ဒါတွေကိုပြန်စဉ်းစားကြည့်လိုက်ရင် ငါတို့မှာ တကယ့်တကယ် တိုင်းပြည်ရေး ပြဿနာတက်လာရင် အ သက်သေချင်သေပါစေ၊ ရလာမယ့်ရာထူးစည်းစိမ် စွန့်လွှတ်ရင်စွန့်လွှတ်ရပါစေ တိုင်းပြည် အတွက်ဆို ငါတို့ ပေးဆပ်ချင်ကြတယ်နော်။ ဒါပေမယ့် ငါတို့ ငယ်ငယ်ကတည်းက သင်ကြားလာတဲ့စာတွေ နေ့စဉ်နဲ့ အမျှကြားသိလာတဲ့ သတင်းတွေအရ ငါတို့ထင်ထားတာက စစ်သားဖြစ်မှ တိုင်းပြည်ချစ်တယ်လို့ ငါတို့က ထင်နေကြတာကိုး။ တခါတခါ ငါစဉ်းစားမိတယ် ငါတို့နိုင်ငံမှာ ကဲ အားလုံးက တိုင်းပြည်ချစ်လို့ စစ်ထဲဝင်ကြပါပြီတဲ့။

စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအခမ်းအနား

ငါတို့စားဖို့ စပါး ဘယ်သူတွေစိုက်မလဲ။ ငါတို့ဝတ်မယ့် အဝတ်အစားတွေအတွက် ဘယ်သူတွေ စက်ရုံမှာ အလုပ်လုပ်မလဲ။ ငါတို့နေမယ့် အိမ်တွေကို ဘယ်သူတွေ ဆောက်ပေးမလဲ။ ငါတို့ဖျားနာရင် ဘယ်သူတွေ ကုသပေးမလဲ။ ငါတို့ရဲ့နောက်မျိုးဆက် ကလေးလေးတွေကို ဘယ်သူ တွေပညာသင်ပေးမလဲ။ အများကြီးပဲ သူငယ်ချင်းရယ်။ ဒီတော့မှ ငါသိလာတယ်။ သေနတ်ကိုင်ပြီးတော ထဲမှာ အသက်စွန့်ရတဲ့ စစ်သားမှ တိုင်းပြည်ချစ်တာ မဟုတ်ဘူး။ တိုင်းပြည်ချစ်ကြတာကတော့ အတူတူပါပဲ။ ငါတို့ကို သင်ကြားလာတဲ့ စာတွေ၊ ငါတို့စာဖတ်လို့ရလာတဲ့ အသိတရားတွေနဲ့ ငါတို့ကြားသိနေရ တဲ့ သတင်းတွေက ငါတို့ကို လွှမ်းမိုးနေလို့ပါ။ အဲဒီလွှမ်းမိုးမှုကို ငါတို့မသိလိုက်ဘူး။ သိခွင့်လည်းမရှိဘူး။ ငါတို့ကိုယ်တိုင်ကလည်း သိအောင်မကြိုးစားဘူး ကိုယ်တိုင်လည်း စစ်သားဖြစ်လာတဲ့အခါ အဲဒီသိထား တဲ့အသိလေးတွေကို အဟုတ်ထင်လာတယ်။ ငါမှငါဆိုတာဖြစ်လာတယ်။ အဲဒီငါမှငါဆိုတာကို အရေခြုံ ထားတာက စစ်ယူနီဖောင်းဖြစ်နေလေတော့ စစ်သားမှစစ်သားဖြစ်လာတယ်။ ငါတို့ ပြောခဲ့ကြတယ်လေ။ ယောက်ျား၊ ယောက်ျားထဲမှာမှ စစ်သား၊ စစ်သားထဲမှာမှ စစ်ဗိုလ်၊ စစ်ဗိုလ် ထဲမှာမှ စစ်တက္ကသိုလ်ကျောင်းဆင်းဆိုတာ။ ဒါက ငါတို့က စစ်တက္ကသိုလ်ကျောင်းသားအနေနဲ့ ဂုဏ်ယူလို့ပြော တယ်ဆိုပေမယ့် ပြန်တွေးကြည့်တော့ သိပ်ရှက်ဖို့ကောင်းတယ်ကွာ။ အတ္တ အရမ်းကြီးမားနေတယ်လေ။ ဝါးလုံးခေါင်းထဲ လသာသလိုဖြစ်နေတယ်။
ဒီလိုမှားယွင်းတဲ့ ဂုဏ်ယူမှုမျိုး နောက်ညီငယ်တွေမယူမိစေဖို့လိုမယ်ကွာ။ ငါ့ညီလေးက ငါ့ကို ထပ်ပြောသေးတယ်။ DSA Never Surrender တဲ့ စစ်တက္ကသိုလ်သည် ဘယ်တော့မှ လက်နက်မချတဲ့။ သိပ်ကိုမာန်ပါတဲ့ စာသားလေး စစ်သားတစ်ယောက် အနေနဲ့တော့ သိပ်ကို အဓိပ္ပါယ် ရှိတဲ့စာသားလေးပေါ့။ ဒါပေမယ့် ငါတို့ မင်းတို့က ဘယ်အတွက်ကို လက်နက် မချတာလည်းဆိုတာ စဉ်းစား ရမယ်ထင်တယ်။ ငါထင်တာပြောရရင်တော့ ဒီစာသားလေးဟာ တိုင်းတပါးသား တပ်တွေကို ရင်ဆိုင်တဲ့အခါ သေနတ်ရှိရင် သေနတ်နဲ့ပစ်မယ်၊ ဒုတ်ရှိရင် ဒုတ်နဲ့ရိုက်မယ်၊ ဘာမှ မရှိရင် လက်နဲ့ထိုးမယ်။ နောက်ဆုံး မရရင် ကိုယ့်ဘာသာအသေခံမယ် လို့ပဲထင်တယ်။ ဒါကလည်း ကိုယ့်ဆီကနေ စစ်ရေး အချက်အလက်တွေ ရန်သူဆီပါမသွားဖို့ ငါတို့စိတ်ထဲကို ထည့်ပေး လိုက်တာပဲလေ။ ငါတို့ဟာ စစ်ခေါင်းဆောင်တွေ ဖြစ်တာနဲ့အညီ စစ်ရေးဆိုင်ရာ ကိစ္စတွေကို သိသင့် သလောက်သိကြတယ်။ ဗျူဟာတွေကို နားလည်တယ်။ ဒါတွေကို ရန်သူမသိအောင် ကိစ္စတုံးတဲ့ စိတ်ပဲလေ။ ဒါကတော့ မှန်တာပေါ့ကွာ။ ဒါကိုငါတို့ မင်းတို့ နားလည်မှုတွေ လွဲနေတာတွေ ရှိနေတယ်။ မင်းတို့ ငါတို့တွေ နောက်ဆုံးနှစ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ခဲ့ကြရတာပဲ။ နိုင်ငံရေး သဘောတရားအရ တိုင်းပြည် အုပ်ချုပ်တာဟာ စစ်ရေးအရ စစ်သားချင်း အုပ်ချုပ်တာနဲ့ မတူတော့ဘူး။ တိုင်းသူပြည်သားနဲ့ ဆက်ဆံတဲ့အခါ သွားပြီး Never Surre-nder သွားလုပ်လို့မရဘူး။ ပြည်သူဟာ ငါတို့ရဲ့ ထမင်းရှင်၊ ငါတို့ရဲ့ ကျေးဇူးရှင်။ တပ်မတော်အင်အား ရှိမှတိုင်းပြည် အင်အားရှိမည် ဆိုတာ တစ်ချိန်က အတွက်တော့ ဟုတ်လိမ့်မယ် သူငယ်ချင်း။ ဒါပေမယ့် ဒီနေ့ခေတ် ကမ္ဘာကြီး အခြေအနေတွေမှာတော့ မဟုတ်တော့ဘူး။ မင်းတို့ငါတို့ဟာ သိပ္ပံပညာတွေကို သင်ခဲ့ကြရတာပဲ။ သိပ္ပံသီအိုရီတွေတောင်မှ ၁၈ ရာစုလောက်က မှန်ခဲ့တဲ့ သီအိုရီတွေဟာ ၁၉ ရာစုမှာ အမှားကြီးမှားနေတယ်လေ။ ဒီလိုပဲ ဒီဘက်ခေတ် ၂၀ ရာစုမှာ ပိုမှန်တဲ့ သီအိုရီတွေထွက်ခဲ့တယ်။ ဒီလိုပဲ ငါတို့ ဒီဆောင်ပုဒ်ဟာလည်း ခုတော့ မမှန်နိုင်တော့ဘူး သူငယ်ချင်းရဲ့။ ဒီနေ့ခေတ် နည်းပညာ စွမ်းပကားတွေအရ တိုင်းပြည်ကြီးက အင်အားရှိနေမှ ငါတို့ တပ်မတော်ကလည်း အင်အား ရှိတော့မယ်။ ဒါကို မင်းလက်ခံနိုင်ပါလိမ့်မယ်။
ကဲသူငယ်ချင်းရေ ငါပြောခဲ့တဲ့စကားတွေမှာ မင်းလက်မခံနိုင်တာတွေလည်း ပါချင်ပါနေပါလိမ့် မယ်။ ဒါပေမယ့် ငါပြောခဲ့တဲ့ထဲမှာ ဘာတစ်ခုကိုမှ ငါမကောင်းစေချင်လို့ ပြောခဲ့တာ မပါပါဘူးနော်။ ငါက ရိုးရှင်းစွာနဲ့ပဲ ငါကောင်းစေချင်တဲ့ အမြင်တစ်ခုအရပဲ ပြောင်းလဲသင့်တာကို ပြောင်းလဲဖို့ ငါတိုက်တွန်းတာပါ။ မင်းတို့ငါတို့ရဲ့ ညီငယ်လေးတွေဖြစ်တဲ့ ငါတို့နောက်မှာ ပုခုံးထမ်း တာဝန်ယူကြမယ့် ညီငယ်လေးတွေ ကိုမှန်ကန်တဲ့ အသိနဲ့ တိုင်းပြည်အကျိုး တပ်မတော် အကျိုးကို ဆောင်ရွက်နိုင်စေဖို့ ငါတို့ပြုပြင်ထိန်း ကျောင်းပေးကြရလိမ့်မယ်။ ဘယ်ဟာမဆို အစွန်းရောက်သွားရင် မကောင်းပါဘူး သူငယ်ချင်း။ ဒို့မြတ်စွာဘုရားရှင် ကိုယ်တော်ကြီးတောင် ဘယ်လောက် ပါရမီ ဓါတ်ခံတွေရှိပေမယ့် အစွန်းရောက်တော့ ဘုရားအဖြစ်ကို မရောက်ခဲ့ပါဘူး။ ဒီအစွန်းတရားတွေကို ရှောင်ရှားခဲ့လို့သာ သုံးလောကထွဋ်ထား မြတ်စွာဘုရားအနေနဲ့ ပွင့်လာခဲ့တာပါ။ ဒီတော့ငါတို့လည်း အဲဒီအစွန်း တရားတွေကို ရှောင်ရှားလို့ ငါတို့ မိခင်ကျောင်းတော်ကြီး ဂုဏ်မညှိုးမှိန်ရလေအောင်၊ ငါတို့ တပ်မတော်ကြီး ခုလိုပြည်သူ့ချဉ်ဖတ် အဖြစ်ကနေ ကင်းလွတ်ရလေအောင်၊ တို့တိုင်းပြည်ကြီး သာယာစည်ပင်ပြီး ပြည်သူတွေ ချမ်းသာသုခ ခံစားကြရ လေအောင် အားထုတ်ကြိုးပမ်း ကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ် သူငယ်ချင်း...

ဆောင်းပါရှင်-ဗိုလ်ရဲထက်

ဖိုးတရုပ်ကင်း မှကူးယူဖေါ်ပြပေးပါသည်။

သူငယ်ချင်းရေ…အပိုင်း - (၁)


သူငယ်ချင်းရေ…
ငါ အမှတ်မထင်နဲ့ အွန်လိုင်းသုံးရင်း ငါတို့မိခင်ကြီးက မွေးထုတ်ပေးလိုက်တဲ့ ညီငယ်တစ်ယောက်နဲ့ ဆုံမိကြတယ်။ ငါလေ ငါ့ညီငယ်လေးနဲ့ ဆုံတွေ့လိုက်တော့ အရမ်းဝမ်းသာသွားတယ်၊ ပျော်ရွှင်မိတယ်။ ဒီလိုနဲ့ ငါ့ညီလေးရဲ့ အကြောင်းအရာတွေကို လိုက်လေ့လာလိုက်တော့ တနေရာမှာ သူ့စိတ်ခံစားချက်ကို ဖော်ကျူးပြောထားတာ သိလိုက်ရတယ်။ အဲဒါကတော့ သူ့အဘိုးဖြစ်သူ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ယောက်က ပြောခဲ့တာတဲ့။ ညစ်ပတ်တဲ့ နိုင်ငံရေးသမား မဖြစ်ချင်ဘူး၊ ရိုးသားတဲ့ စစ်သားပဲ ဖြစ်ချင်တယ်။ အဲလိုရိုးသားတဲ့ စစ်သားဖြစ်ရတာကိုလည်း ဂုဏ်ယူတယ်တဲ့။ ရေးထားတာလေးက ဟုတ်သလိုလိုပဲ။ ဒါပေမယ့် လွဲနေတာလေးတွေ သွားတွေ့ရတယ်။ သူငယ်ချင်းရယ်… စစ်သားဟာ ရိုးသားပါတယ်တဲ့။
ဟုတ်တာပေါ့ သူငယ်ချင်းရာ။ ငါတို့မှာ ဘာအစွဲမှ မရှိဘူး။ အထက်က အမိန့်အတိုင်းပဲ လှုပ်ရှားဆောင်ရွက်တယ်။ ဘာအငြိုးအာဃာတမှ မထားဘူး။ ဒါပေမယ့် သူငယ်ချင်းရယ်။ အဲဒါက မှန်သလားဆိုတာ ငါစဉ်း စားမိတယ်။ ငါတို့ကတော့ ရိုးသားစွာနဲ့ လုပ်ဆောင်ကြတယ် ဆိုပေမယ့် အဲဒီအမိန့်ကို ချမှတ်တဲ့ ငါတို့အထက်လူကြီးတွေက မရိုးသားစွာ ချခဲ့မယ်ဆိုရင် ငါတို့မှန်ပါဦးမလား ဆိုတာကို စဉ်းစားမိတာပါ။ နောက် ညစ်ပတ်တဲ့ နိုင်ငံရေးသမားလို့ ဘာလို့သုံးထားတာလည်း ဆိုတာကို ငါပြန်စဉ်းစားတယ်။ မရှိဘူးလို့ ငါမပြောလိုပါဘူး။ ရှိပါတယ်။ နေရာတိုင်းတော့ အကောင်းချည်း လိုချင်လို့ ဘယ်ရမလဲ သူငယ်ချင်းရယ်။ ဟုတ်တယ်မလား။ အဲဒီစာသားလေး တွေ့တော့ ငါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်နန်းရင်းဝန်ကြီးတို့ မိန့်ခွန်းလေးကို သွားသတိရမိတယ်။
နန်းရင်းဝန်ကြီးက အဲလိုပဲ နိုင်ငံရေးသမားက ညစ်ပတ်တယ် ဘာညာပြောသွားတော့ ငါတို့ဗိုလ်ချုပ် ဘယ်လိုတုန့်ပြန်ခဲ့သလဲ ဆိုရင်လေ အရမ်းကို လေးစားဖွယ်ကောင်းတယ်။ သူ ပေးသွားတဲ့ ဥပမာလေးကကွာ ငါ့စိတ်ထဲကကို မထွက်ဘူး။ နိုင်ငံရေးဟာ ညစ်ပတ်တယ်ဆိုတာ မှားတယ်တဲ့။ ဒါပေမဲ့ မှန်ကောင်းမှန်ပါလိမ့်မယ် “အာဏာနိုင်ငံရေး” မှာတဲ့။ အာဏာရဖို့ တစ်ယောက်နဲ့တစ်ယောက် မဲခိုးတာ မဲလိမ်တာ။ ညစ်တာတွေ ရှိပါလိမ့်မယ်တဲ့။ ဒါပေမယ့် အားလုံးတော့ မဟုတ်ဘူးတဲ့။ ဒါတွေကိုလည်း အပြစ်ပြောလို့ မရပါဘူးတဲ့။ ပါနေမှာပါဘဲ။ ရှိနေမှာပါပဲတဲ့။ ဒီလိုလူတွေ မပါအောင် ထိန်းကျောင်းရမှာက အားလုံးရဲ့တာဝန်ပဲ ဖြစ်ပါတယ်တဲ့။ အဲဒါကိုသွားပြီး အားလုံးကိုခြုံပြီး ညစ်ပတ်တဲ့နိုင်ငံရေး၊ နိုင်ငံရေးသမားက ညစ်ပတ်တယ်လို့ ပြောလို့မရပါဘူးတဲ့။ ဥပမာ - ဒီအဆောက်အဦးကြီးဟာ ခုလိုခမ်းနားတဲ့ အခမ်းအနားတွေ အစည်းအဝေးတွေလုပ်ဖို့၊ ခုလိုခမ်းနားတဲ့ သူတွေ တက်ရောက်ဖို့ ဆောက်ထားတယ် ဆိုပေမယ့် တခါတရံမှာ အပြင်ဘက် ကော်ရစ်တာမှာ ခွေးလေခွေးလွင့်တွေ လာအိပ်နေတတ်ပါတယ်။ တခါတရံမှာ နွားတွေ စားကျက်လွှတ်ထားရင်းလည်း ရောက်လာတတ်ပါတယ်တဲ့။ ဒါကိုကြည့်ပြီး ဒီအဆောက်အဦးဟာ ခွေးတွေ၊ နွားတွေအတွက် ဆောက်ထားပါတယ်လို့ ပြောလို့ မရသလိုပါပဲတဲ့။ သူတို့ကို မလာစေချင်လို့ အစောင့်တွေချထားပြီး မြင်ရင်မောင်းထုတ် လွှတ်ရပါတယ်တဲ့။ ဒီတော့ နိုင်ငံရေးဟာလည်း ဒီလိုပါပဲဆိုပြီး ဥပမာလေး ပေးသွားတယ်သူငယ်ချင်း။
ဒီလောက်ဆို သူငယ်ချင်း ငါဘာဆိုလိုတယ်ဆိုတာ သဘောပေါက်လောက်ပါတယ်နော်။ အဲလိုပဲ သူငယ်ချင်းရယ် ငါစောစောကပြောသလို ငါတို့ အောက်ခြေစစ်သားတွေကတော့ ရိုးသားစွာနဲ့ အမိန့်နဲ့ တာဝန်ကို ထမ်းဆောင်ကြပေမယ့် မရိုးသားတဲ့ ငါတို့အထက်လူကြီးတွေက မရိုးသားစွာ အမိန့်ပေးလာမယ်ဆိုရင် လိုက်ပါအကောင်အထည်ဖော်တဲ့ ငါတို့ကကော ရိုးသားပါတယ်လို့ ပြောလို့ ရမလား။ သိသိနဲ့ အမိန့်နာခံကြရတယ်။ အဲဒါကိုက ငါတို့မရိုးသားလို့ပေါ့ သူငယ်ချင်းရယ်။ တကယ်သာ ငါတို့ ရိုးသားမယ်ဆိုရင် မှားနေတဲ့အမိန့်ကို ငါတို့ ဖီဆန်ရဲရမှာပေါ့။ စစ်သားတိုင်းလည်း မရိုးသားပါဘူး။ အနည်းနဲ့အများတော့ ရှိနေတာပါပဲ။ ဒါလေးနဲ့ဆက်စပ်လို့ပေါ့ကွာ ငါ့တို့ညီလေးက ငါ့ကိုပြောတယ်။ အကိုက ခုနိုင်ငံရေးလုပ်နေပြီဆိုတော့ အကိုနဲ့ကျနော်နဲ့ စကားနိုင် လုရတော့မှာ ပေါ့တဲ့လေ။ ငါပြောလိုက်တယ် အကိုကတော့ စကားနိုင်လုမယ်ဆိုတာထက် ညီလေးသိထားတာ၊ ညီလေး အမြင်ကိုပြော၊ အကိုလည်း အကိုသိထားသလောက် အကို့အမြင်ကို ပြောမယ်လို့။ ဒါမှ ညီလေးကော အကိုကော ဗဟုသုတရမယ်၊ အမြင်ပိုကျယ်လာမယ် ဒါဆို အကိုတို့ ဆုံးဖြတ်ချက်ချ ကောက်ချက် ဆွဲတဲ့အခါ အမှားနည်းနည်းနဲ့ ကောက်ချက်ဆွဲနိုင်မယ်လို့။ ငါတို့ညီလေးလည်း ငါတို့လိုပဲကွ။ ဟုတ်တယ်နော်အကိုတဲ့။
ဒီလိုနဲ့ ငါတို့စကားပြောရင်း အာဏာရှင်ဆိုတာကို ရောက်လာတယ်။ ငါသူ့ကို ပြောပြလိုက်တယ် အာဏာရှင်ဆိုတာ စစ်တပ်က စစ်အရာရှိကြီးတစ်ယောက်လည်း ဖြစ်နိုင်သလို၊ သာမန်အရပ်သားလည်း ဖြစ်နိုင်တယ်လို့။ အာဏာရှင်တွေရဲ့ထူးခြားချက်က စစ်တပ်ကို ကိုင်တွယ်ထားနိုင်တာပဲလို့။ အဲလိုကိုင်တွယ်တဲ့နေရာမှာ တိုင်းပြည်အတွက် ကိုင်တွယ်တာမဟုတ်တော့ဘဲ သူ့ကိုယ်ကျိုးစီးပွါးကို ကာကွယ်ဖို့ စစ်တပ်ကိုအသုံးချပြီး လုပ်တာပဲဆိုတာကို ငါရှင်းပြလိုက်တယ်။ သူနားလည်လာတယ်။ နောက် ငါလုံးဝမမျှော်လင့်တဲ့မေးခွန်းတစ်ခု ငါ့ကိုမေးလာတယ်။ အကိုတဲ့ ဒါပေမယ့် အကိုတို့ပြောနေတဲ့ အာဏာရှင်ဆိုတဲ့ သူတွေထဲမှာ ကျနော်တို့ နောင်တော်ကြီးတွေ ပါနေတယ်လေတဲ့။ အဲဒါ ဘယ်လို လုပ်ရမှာလဲတဲ့။ သူမေးတဲ့မေးခွန်းက သိပ်ကိုမှန်တယ် သူငယ်ချင်းရာ။ စီနီယာ၊ ဂျူနီယာဆိုတဲ့ အထက် အောက်အုပ်ချုပ်မှုပုံစံနဲ့ ကျင့်သားရနေတဲ့ မင်းတို့ ငါတို့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေမှာ ဒီစိတ်ရှိနေတာ မဆန်းပါဘူး။ ဒီတော့ ငါစဉ်းစားမိလာတယ်။ ငါတို့က အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ပါမည်ဆိုတာကို ဦးထိပ်ပန်ဆင်နေတော့။ ငါတို့ရဲ့ တာဝန်က ဘာလဲ။ တပ်မှာပေးတဲ့ ဘာတာဝန်၊ ညာတာဝန်ဆိုတာတွေလား။ ဒါမှမဟုတ် ငါတို့ တပ်မတော်သားတွေရဲ့ မူရင်းတာဝန်လား ဆိုတာကို ငါတို့ ပြန်ဆန်းစစ်ကြရမယ်ထင်တယ်။ နောက်ပြီး အဲဒီတာဝန်အရ ငါတို့တပ်မတော်သားတွေရဲ့ မူလတာဝန်ဆိုရင် ငါတို့ကိုပေးနေတဲ့ အမိန့်ဆိုတာကကော အဲဒီအပေါ်မှာ ဘယ်လောက်လွှမ်းခြုံမလဲ ဆိုတာကို ပြန်စဉ်းစားကြည့်ဖို့လည်း လိုမယ်။ သုံးသပ်ဖို့လည်း လိုမယ်လို့ ငါထင်တယ်။ ဒို့ဗိုလ်ချုပ်ကတော့ ပြောသွားတယ် ငါတို့ တပ်မတော်ရဲ့တာဝန်ဟာ ဒီတိုင်းပြည်နဲ့ ဒီပြည်သူကို ကာကွယ်ဖို့တဲ့။ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပါတဲ့။ ဒါဆို ငါတို့ ဒီနေ့လုပ်နေကြတာတွေက ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီရဲ့လား။ နောက် ငါတို့ စစ်တပ်ထဲမှာ ပြောနေကြလေးပေါ့။ အထက်လူကြီးပါးစပ်က ထွက်လာသမျှ စကားလုံးတိုင်းဟာ အမိန့်တဲ့။ ဒါကကော ငါတို့လက်ခံသင့်လား ဆိုတာ စဉ်းစားရလိမ့်မယ်။

ဆောင်းပါးရှင် - ဗိုလ်ရဲထက်

ဖိုးတရုတ်ကင်း မှကူးယူဖေါ်ပြပေးပါသည်။

ထိုက်တန်တဲ့နေရာ ရရှိရန် ထိုက်တန်တဲ့ ပေးဆပ်မှု ရှိရမည်ဟု အဖွဲ့ချုပ်က အစိုးရကို ပြောကြား


မြန်မာအစိုးရက ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုက်တန်တဲ့နေရာတခု ရရှိဖို့အတွက် ထိုက်တန်တဲ့ပေးဆပ်မှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်မယ်လို့ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ပြီး တိုက်တွန်းပြောဆို လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) ရဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံဒေသတွင်း လုံခြုံရေး ဆိုင်ရာ အစည်းအဝေး Regional Security Forum မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့မိန့်ခွန်းကို ထောက်ရှု့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလ ၂၂ ရက်နေ့က ပြောကြားခဲ့တဲ့ ဟယ်လာရီကလင်တန်ရဲ့ မိန့်ခွန်း ထဲမှာတော့ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးအပ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှု ရှိလာအောင် လုပ်ဆောင်ဖို့ အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုမရှိဘဲ နိုင်ငံရေးအရ ရှေ့မတိုးနိုင် ဖြစ်နေတဲ့ အခြေအနေအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်မခံနိုင်ကြောင်း စတဲ့ အချက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရေးမှာလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက …

“ပထမတချက်က အမေရိကန်အစိုးရက မိမိရပ်တည်တဲ့ ပေါ်လစီကို ဆက်လက် စွဲကိုင်တယ်။ ဒုတိယတချက်က ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ ကိစ္စက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆက်စပ်တယ်လို့ ဒီလို အဓိပ္ပာယ်မျိုး ကျနော်တို့ မြင်တယ်။ အဲတော့ မိမိနဲ့ထိုက်တဲ့နေရာကို ရဖို့ မိမိပေးဆပ်ရမယ့်၊ မိမိပြုပြင်ပြောင်းလဲရမယ့် ဟာတွေလည်း ပြောင်းလဲဖို့ လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။ မကြိုက်သော်လည်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကတော့ လုပ်ပေးဖို့ လိုအပ်နေပါတယ်။”

ဒီအပေါ်ကို သမ္မတဦးသိန်းစိန်ရဲ့​​ နိုင်ငံရေးအကြံပေးအဖွဲ့​ခေါင်းဆောင် ဦးကိုကိုလှိုင်ကလည်း

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လာသမျှပုဂ္ဂိုလ်တိုင်းပေါ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က ပြောလေ့ပြောထရှိတဲ့ အခြေအနေတွေ conditions ပါပဲ။ ကျနော်တို့ ဒီဘက်က တာဝန်ရှိတဲ့ လူတွေ အနေနဲ့ကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့လည်း နိုင်ငံအနေနဲ့ ဖြေရှင်းရမယ့် ကိစ္စပါပဲ။ သူတို့ဘာသာသူတို့ လုပ်စရာရှိတာတော့ လုပ်ကြမှာပဲ။ အခြေအနေရယ် အချိန်အခါရယ်ကတော့ ရှိတာပေါ့ဗျာ။ နောက်တခုကတော့ အတင်းအကျပ် ဖိအားပေးတိုင်းလည်း ကောက်လုပ်လို့ ဖြစ်တဲ့ ကိစ္စမျိုးတွေ မဟုတ်ဘူး။ အခု အခြေအနေက ကိုယ့်ဝမ်းသာ ကိုယ်သာသိဆိုတာလည်း ရှိသေးတာကိုး။ ဆိုတော့ သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါပြီးသားပါပဲ။ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် လုပ်သွားမယ်ဆိုတာလေ။ ဖြစ်လာလိမ့်မယ်လို့ ကျနော်က ထင်ပါတယ်။ ဒါက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ယူဆချက်ပါပဲ။ အချိန်တန်ရင် အချိန်တန်သလိုပေါ့ဗျာ။ အခြေအနေပေးရင် အခြေအနေ ပေးသလိုတော့ တိုးတက်မှု ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ”

ဒါ့အပြင် အစိုးရနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့ အပြန်အလှန် ယုံကြည်မှုတွေကို ပထမအဆင့် အနေနဲ့ တည်ဆောက်ဖို့ လိုမယ်လို့လည်း ဦးကိုကိုလှိုင်က ဆိုပြန်ပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ ကိုယ့်အချင်းချင်း ကိုယ့်တိုင်းသူပြည်သား အချင်းချင်း ဖြစ်နေကြတဲ့ ကိစ္စတွေက မိသားစုထဲ ဖြစ်နေကြတဲ့ ပြဿနာလိုပါပဲ တယောက်နဲ့ တယောက်က အချင်းချင်း တိုင်ပင်ဆွေးနွေးပြီးတော့ ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံးပါပဲ။ အကောင်းဆုံးပဲဆိုတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကလည်း အောင်မြင်ဖို့ မအောင်မြင်ဖို့ ဆိုတာထက် ဟိုဘက်ဒီဘက် နားလည်မှုတွေ ယုံကြည်မှုတွေ၊ တယောက်ရဲ့ အခြေအနေကို တယောက်က မြင်နိုင်မှုတွေ ဒါတွေကတော့ လိုအပ်တာပေါ့လေ။ အဲတော့ အဓိက အခြေခံကတော့ ယုံကြည်မှုပေါ့။ အဲတော့ ယုံကြည်မှုကို ကျနော်တို့က အားပေးအားမြောက် ပြုကြရမှာပေါ့။ အဲဒီလမ်းကြောင်းက စကြရအောင်ပေါ့။”

ဒီလို အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးလမ်းစဉ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူလက်ခံကြောင်းနဲ့ အဲ့ဒီလိုဖြစ်ဖို့အတွက် ပြုသာပြင်သာတဲ့သဘောထားတွေ ရှိကြောင်းကိုလည်း ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုပြန်ပါတယ်။

“ကျနော်တို့က အခြေအနေတွေအားလုံးကို ဖွင့်ထားပါတယ်။ တကယ်တွေ့ဆုံလို့ ရှိရင် လက်တွေ့ကျတဲ့ ပြင်သာ ပြုသာရှိတဲ့ သဘောထားမျိုးတွေ ကျနော်တို့မှာ ရှိပါတယ်။ ဒီသဘောထားပဲ ကျနော်တို့ ပြောလို့ရမယ်။ အကြောင်းအရာကိုတော့ ကျနော်တို့ တဘက်က ပြောင်းလဲသွားမှာစိုးလို့ မပြောနိုင်ပါဘူး။ ကျနော်တို့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ သဘောတူပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton)က အင်ဒိုနီးရှားနိုင်ငံ အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာအစည်းအဝေး အတွင်းမှာပဲ နျူကလီးယား မပြန့်ပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နျူကလီးယား ပြဿနာအတွက် စိုးရိမ်ပူပန်မိကြောင်းလည်း ပြောကြားခဲ့ ပြန်ပါသေးတယ်။

ဒါ့အပြင်လည်း မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးရေးနဲ့ အဓိပ္ပာယ်ပြည့်ဝပြီး အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့တွေပါ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို စတင်လုပ်ဆောင်ဖို့ ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့​ လွှတ်တော်တွေနဲ့ စစ်အစိုးရကနေ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့တယ် ဆိုပေမယ့်လည်း ဒီမိုကရေစီ အနှစ်သာရရှိရှိ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရသစ်က အရင် စစ်အစိုးရထက် ပိုမိုပြီး ထင်သာမြင်သာ ရှိရှိ သက်သေ မပြနိုင်သေးပါဘူး။


by အံ့ဘုန်းမြတ်
ပေးပို့ ပေးတဲ့khana.na155အားကျေးဇူးရှိပါသည်။

Thursday, July 21, 2011

လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းများ



လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ပါဝင်သရုပ်ဆောင်ထားတဲ့ THE LADY ရုပ်ရှင်ကားမှာ ဇာတ်ဝင်ခန်းမြင်ကွင်းတွေပါ.​ .။ ယခုနှစ် ဇန္နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတစ်ချို့ကို ရိုက်ကူးခဲ့ပါတယ်။

ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်တဲ့ အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်များမှ Black List တွင် ပါရှိသည်ဟုဆိုကာ ပြည်ဝင်ခွင့်ကို တားမြစ်ခဲ့တဲ့အတွက် လက်ရှိ ရုပ်သေးအစိုးရရဲ့ သိမ်ဖျင်းတဲ့ သဘောထားမှန်ကို နိုင်ငံတကာမှ မျက်ဝါးထင်ထင် သိမြင်ခဲ့ရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ လူမှုရေးလုပ်ငန်းများနဲ့ ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆော​ င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။























အီမေးမှပေးပို့ လားသော ဝင်စတားအား ကျေးဇူတင်ပါသည်။

မစ်ကြီးနားရှိ ကချင် စစ်ပြေး ဒုက္ခသည်များကို အန်ဂျီအို အဖွဲ့များ ကူညီခွင့် မရသေး

ဇူလိုင် ၂၀၊ ၂၀၁၁ (YPI) - ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့တွင် လာရောက် ခိုလှုံလျက်ရှိသော ကချင်စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရသော်လည်း အစိုးရမဟုတ်သည့် အဖွဲ့ အစည်း (NGO) များ လာရောက်ကူညီနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
မြန်မာပြည်တွင်း လှုပ်ရှားနေသည့် NGO အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ၄င်းတို့ အနေဖြင့် ဇွန်လ ၂၄ ရက်နေ့ မှစ၍ ကချင်ပြည်နယ်တွင်းရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့နိုင်ရန် ကြိုးစားခဲ့သော်လည်း အာဏာပိုင်များထံမှ ယခုအချိန်ထိ ခွင့်မပြုသေးကြောင်း ပြောသည်။

အဆိုပါ NGO တာဝန်ရှိသူက “စားနပ်ရိက္ခာမပြောနဲ့ ကျန်မားရေး၊ ပညာရေးတောင် အ၀င်မခံဘူး” ဟု ရှင်းပြသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA- Kachin Independent Army) နှင့် မြန်မာအစိုးရ စစ်တပ်များအကြား သီးတင်းပတ် ၅ ပတ် ကျော်ကြာ ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မူများကြောင့် မိမိတို့နေရပ်ရင်းမှ တိမ်းရှောင် ခိုလှုံလာသူ ကချင်စစ်ပြေး ဒုက္ခသည် ၁,၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု ဒုက္ခသည်များခိုလှုံလျက်ရှိသည့် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းကဆက်၍ “ကျွန်တော်တို့ကိုအခုထိ NGO တွေက လာမထောက်ပံ့သေးဘူးဗျာ။ အစိုးရကတော့ လာပေးတယ်။ ဒါပေမဲ့ လုံလောက်မူ မရှိပါဘူး” ဟု ပြောသည်။ ၄င်းတို့ အနေဖြင့် NGO များ၏ အထောက်အပံ့ကို လိုအပ်နေကြောင်းလည်း ဖြည့်စွက်ပြောသည်။
မြစ်ကြီးနားမြို့တွင် AZG ၊ World Concern ၊ WHO ၊ AHRN ၊ ငြိမ်းဖာင်ဒေးရှင်း ( Shalom Foundation) နှင့် မေတ္တာဖောင်ဒေးရှင်း စသည့်အစိုးရမဟုတ်သည့် အဖွဲ့အစည်းတို့၏ ရုံးခွဲများဖွင့်လှစ်ထားပြီး ကူညီရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသော်လည်း ယခု ဒုက္ခသည်အရေးတွင် မည်သည့်အဖွဲ့ကိုမျှ ကူညီခွင့်မပြုသေးဟု အဆိုပါ အဖွဲ့အစည်းများက ပြောသည်။
အစိုးရအနေဖြင့် ကချင်ဒုက္ခသည်များကို NGO အဖွဲ့အစည်းများက ထောက်ပံ့ခွင့် ပိတ်ပင်ထားသည်မှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး လူအခွင့်အရေးကို ချိုးဖောက်နေသည့်ဟု စစ်ပြေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူဒေါ်မိုင်းဂျာကပြောသည်။

“ကချင်ပြည်သူတွေက လက်နက်ကိုင်မဟုတ်ဘူးလေ။ NGO တွေမကူညီရဘူးဆိုရင် ကျွန်မတို့ ပြည်သူတွေ အစာငတ်ပြီးသေရုံပေါ့”ဟုဖြည့်စွက်ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းက ပြည်နယ် အစိုရအဖွဲ့ အမျိုးသမီးရေးရာ နှင့် မြို့နယ်အဆင့် တာဝန်ရှိသူ လူကြီးများ လှူဒါန်းသည့် ဆန် ၄ အိတ် ဆီတစ်ပုံး ရရှိကြောင်း ဒုက္ခသည်များ လက်ခံစောင့်ရှောက်ထားသည့် ဘုရားကျောင်း တာဝန်ခံက ပြောပြသည်။

“ကျွန်တော်တို့ကို အစိုရးအဖွဲ့တွေကတော့ လာလူကြပါတယ် ဒါပေမဲ့။ မလောက်ဘူးပေါ့ လှူတယ်ဆိုတဲ့ နာမည်ခံတာတစ်ခုလောက်ဘဲလို့ ကျွန်တော်ထင်ပါတယ်” ဟုဘုရားကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလအတွင်း ကချင်ပြည်နယ် ၀န်ကြီးချုပ် လဂျွန်ငန်ဆိုင်း ကလည်း မြစ်ကြီးနား မြို့ပေါ်ရှိ ဒုက္ခသည်များကို အကူအညီ အချို့လှူဒါန်းခဲ့ကြောင်း မြစ်ကြီးနားမြို့မှ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်ပြေးဒုက္ခသည်များ နာခိုးရာဘုရားကျောင်းများမှာ တပ်ကုန်း ၊ ဇီးလွန် ၊ မန်ခရိန်၊ ဂျန်မိုင်ကောင် ၊ အင်ဂျန်တုံ အစရှိသည့် ရပ်ကွက်များမှ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလျက်ရှိကာ ဒုက္ခသည်များလည်း ထပ်မံ ရောက်ရှိလျက်ရှိသည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မေးထဲမှပေးပို့ လာသော သတင်းအားဖေါ်ပြပေးပါ။

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း။




















မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ စစ်အာဏာရှင်အဆက်ဆက် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းကြတဲ့နည်းကို ကျင့်သုံးတက်ကြတယ်။

နအဖ၀န်ကြီးချုပ်လုပ်ခဲ့သူက ဘောင်းဘီချွတ်အစိုးရမှာ သမတဖြစ်တာနဲ့  အသွင်ပြောင်းအရပ်သားအစိုးရလို့  သတ်မှတ် လို့ မရပါ။ အဆင့်(၇) ဆင့်ပါ လမ်းပြမြေပုံမှ ပေါ်ထွက်လာတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ၊ လွှတ်တော်၊ အစိုးရ ဆိုတာတွေမှာ ဒီပဲယင်း သွေးတွေ၊ ရွှေဝါရောင်သွေးတွေနဲ့  စွန်းထင်းနေတယ်။ လှည်းအိုကြီးကို ချူတွေတပ်ဆွဲရင် အသံမြည်ရုံပဲ ရှိမှာပါ။

သမတဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) ရဲ့  လာဘ်ပေး၊ လာဘ်ယူကင်းစင်ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဆိုတဲ့ သကာရည်လောင်းထားတဲ့ စကားလုံးတွေကြောင့် ထင်ကြေးတွေ ပေးလို့ မရပါဘူး။ မဆလခေတ်မှာလည်း ပြည့်တန်ဆာတိုက်ဖျက်ရေး၊ မှောင်ခိုတိုက်ဖျက်ရေးတို့ ၊ န၀တ နအဖခေတ်မှာလည်း လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

ဒါ့အပြင် စီးပွားရေးပညာရှင် ဦးမြင့်တို့ လို ပုဂ္ဂိုလ်တွေကို သမတအကြံပေးအဖြစ် ခန့် အပ်ခဲ့ပေမယ့် စစ်ဗိုလ်တွေ စိတ်တိုင်းမကျရင် ထုတ်ပစ်တက်ကြတယ်။ ဗိုလ်နေ၀င်း တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ချိန်မှာ (၄၇) ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ ပြောင်းမယ်လဲပြောရော ပထစအစိုးရလက်ထက်က ခန့် အပ်ခဲ့တဲ့ ဒေါက်တာဘဦး ခေါင်းဆောင်တဲ့ အကြံပေးအဖွဲ့ က နိုင်ငံခြားမှ အခြေခံဥပဒေများကို မှာယူကာ လေ့လာဖို့ လုပ်နေစဉ်မှာ အကြံပေးတွေကို ဖြုတ်ပစ် ခဲ့တယ်။ ဗိုလ်ခင်ညွန့် တုန်းကလည်း ထောက်လှမ်းရေးကပဲ တိုင်းပြည်မှာ ချယ်လှယ်သလို၊ အပြောင်းအလဲလိုလားသူလို ထင်ကြေးပေးမှုတွေခံရပြီး တစုလုံး ဖြုတ်ထုတ်ဖယ်ရှား ဖမ်းဆီးခြင်းခံရတဲ့ သာဓကရှိခဲ့တယ်။

စစ်ခေါင်းဆောင်တွေအဆက်ဆက်ဟာ တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဏိုင် ခိုင်ခန့် ရေးတို့ ဆိုပြီး မကြာခဏပြောပေမယ့် မတရားအုပ်စိုးနေကြတယ်။ ဒီကနေ့  ကြံဖွတ်အစိုးရမှာလည်း လာဘ်ပေးလာဘ်ယူ ကင်းစင်ရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလို့  သိန်းစိန်က ပြောနေပေမယ့် ဒုသမတ သီဟသူရတင်အောင်မြင့်ဦး (ဒုဗိုလ်ချုပ်ကြီးဟောင်း) ကိုယ်တိုင်က ကုန်သွယ်ရေးကောင် စီဥက္ကဌအဖြစ်နဲ့  မိုက်ကြေးခွဲနေတယ်။ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) ရဲ့  သား ကိုအောင်သက်မန်းတို့ က စီးပွားရေးလောကမှာ လွှမ်းမိုးထားတယ်။ စစ်တပ်ရဲ့  မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက အမျိုးသားစီးပွားရေးတရပ်လုံးကို လက်ဝါးကြီးအုပ်ထားပါတယ်။

ကြံဖွတ်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်း (ဗိုလ်မှူးကြီးဟောင်း) ကလည်း ကြံဖွတ်အုပ်ချုပ်ရေးမှာ အမြတ်ထုတ်နေတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေက တပ်ကို ကိုင်ထားတဲ့ တိုင်းမှူးတွေကို အရေးစိုက်ကြတယ်၊ ၀စေ ဝေစားနည်းတွေကို ကျင့်သုံးပေမယ့် အဝေမတည့်တဲ့အခါမှာ တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းတို့  ဖြုတ်ချခံရတယ်။ ၀စ်သောက်စ်ကား၊ ဆိုင်ကယ်ခွန်တွေကအစ အမြတ်ထုတ်လာလို့  မန္တလေးဝန်ကြီးချုပ်ဦးရဲမြင့် (ဒုဗိုလ်ချုပ်ကြီး ဟောင်း-စဖရ) နဲ့  လပခတိုင်းမှူးတို့  စားကျက်လုကြတယ်။ ၀စ်သောက်စ်ကားနဲ့ ပဲ မန္တလေးမှာ ကားမိုင်းခွဲမှု ဖြစ်ခဲ့တယ်။

ဒီကနေ့ ကြံဖွတ်ခေါင်းဆောင်တွေရဲ့ နောက်ကြောင်းရာဇ၀င်တွေကို လေ့လာကြည့်တဲ့အခါမှာ သမတဦးသိန်းစိန်ဟာ ဗျူဟာမှူးကနေ ဖူးကြီးအခြေစိုက် ဒကစ (ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဆင်ရေး) မှူး ဖြစ်တော့ တပ်မြေအတွက် အဖျက်ခံရတဲ့ရွာတွေ၊ ငမိုးရိပ်ရေလှောင်တမံမှာ အဖျက်ခံရတဲ့ ရွာတွေနဲ့  ပက်သက်ပြီး တာဝန်မကင်းသူဖြစ်သလို၊ တြိဂံတိုင်းမှူးဘ၀မှာလည်း ထိုင်း-မြန်မာနယ်စပ်စစ်ကို ဖန်တီးပြီး အပြစ်မဲ့ပြည်သူတွေ သေကြေခဲ့တဲ့ စစ်တရားခံတဦး ဖြစ်တယ်။

ဒုသမတ ဦးတင်အောင်မြင့်ဦးဟာလည်း မုံးကိုးမှာ ငြိမ်းအဖွဲ့ တွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့သူတဦးအဖြစ် သွေးနံ့ မပျောက်သေးပါဘူး။ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း ကတော့ ရွှေဝါရောင်အရေးတော်ပုံမှာ သူရဲ့  တပ်မ(၆၆) ကို ရန်ကုန်လွှတ်ပြီး လက်စွမ်းပြရဲသူ ဖြစ်တယ်။ ကြံဖွတ် ခေါင်းဆောင် ဦးအောင်သောင်းကတော့ ဒီပဲယင်းသွေးမြေကျမှုမှာ ပါဝင်ပက်သက်ခဲ့သူ ဖြစ်တယ်။.

ရာဇ၀င်ကျော် လူဆိုးတသိုက် ကြီးစိုးနေတဲ့နိုင်ငံမှာ မြန်မာ့တပ်မတော်ဟာ မြို့ သူပုန်၊ တောသူပုန် အဆင့်ကနေ ရုန်းထွက်သင့်ပြီ။ တိုင်းပြည်အပေါ် ဖွဲ့ စည်းပုံနဲ့ ဂုတ်ခွစည်းထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍာဟာ ယဉ်ကျေးတဲ့ကမ္ဘာမှာ ရှက်စရာဖြစ်နေတယ်။ (၂၁) ရာစုထဲမှာ စစ်တပ်အားကိုးရှိတယ်ဆိုပြီး ထင်သလို ချယ်လှယ်နေတာဟာ မဏ္ဍပ်တိုင်တက်ပြပြီး လှန်ပြနေတဲ့ လုပ်ရပ် ဖြစ်တယ်။

အရိုင်းအစိုင်းဝါဒကို ကြီးထွားအောင်လုပ်နေခြင်း ဖြစ်တယ်။ စစ်ခေါင်းဆောင်တွေက ဘယ်လိုနည်းလမ်းတွေနဲ့ ပဲ အမည် အမျိုးမျိုးပြောင်း၊ အရေခွံအမျိုးမျိုး ပြောင်းနေပေမယ့် လူထုဖိနှိပ်ရေးလုပ်ရပ်တွေ ဆက်ရှိနေသမျှ ပြည်သူ့ ရန်သူအမှတ် (၁) အဖြစ် ဗိုလ်စွဲနေမှာပါ။

ဧရာ
နစ်နေမန် ဘလောမှ ကူးယူဖေါ်ပြပါသည်။

Tuesday, July 19, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ကျင်းပမယ့် (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်များ...



မနက်ဖန် အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် မနက် ၅ နာရီ အာရုံဆွမ်းကပ်လှူဒါန်းမည်။ နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ကျင်းပပြုလုပ်မည့် လက်ရှိ အစိုးရ အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ကုန်းသို့ သွားရောက်ပြီး လွမ်းသူ့ပန်းခြင်း ပို့ဆောင်မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကို နံနက် ၁၁ နာရီတွင် စတင် ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့က အမှာစကား ပြောကြားမှာ ဖြစ်ပါသည်။ နိုင်ငံခြား သံတမန်များကိုလည်း အခမ်းအနားသို့ ဖိတ်ကြားထားပါသည်။ ရုံးတွင်လည်း ဆွမ်းကပ်လှူဒါန်းပွဲလည်း ပြုလုပ်မ​ည် ဖြစ်ပါသည်။

ရုံးချုပ်မှာ စုရပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူဦးရေ ၁၀၀ ဦးခန့်က အာဇာနည် ဗိမာန်ကို ချီတက် လွမ်းသူ့ပန်းခွေချမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုနဲ့ လူငယ်ကွန်ယက်တို့ တွဲပြီး၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လိုက်ပါကြမည်ဖြစ်ပါတယ်။ လူဦးရေ စာရင်းနဲ့ ပြည်ထဲရေးကို တင်ပြညှိနှိုင်းတာ ပြည်ထဲရေးက လူ ၁၀၀ ဦး လွမ်းသူ့ပန်းခွေ ကိုင်ဆောင်ပြီး အာဇာနည်ကုန်းသို့​ ချီတတ်ကြမည်ကို ခွင့်ပြုပေးသည်ဟု သိရပါသည်။ ဒါကြောင့် မနက်ဖြန် အာဇာနည်နေ့တွင် အေးချမ်းစွာဖြင့် အာဇာနည်ကြီးများကို ဂုဏ်ပြု ဦးညွတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။

ပေးပို့သူ ကောင်းစုလင်းအား ကျေးဇူးတင်ပါသည်....။

Monday, July 18, 2011

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ
အောင်ရဲလင်း (စစ်တွေ)

သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှားဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့် ပါ ဝင်တဲ့ လုပ်ငန်းစဉ်တခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ ပါတယ်။ ဒီညွှန်ကြားချက်ရဲ့အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား တနေ့ထက်တနေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့ တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ်လာခဲ့တာပါ။

ဒီလိုဆောင်ရွက်လာစဉ်မှာပဲ ဒီစီမံချက်တွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ များပြားလှတဲ့ ဒုက္ခ သည်တွေလည်း အကျူံးဝင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဒါ့အပြင် တ ရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို လက်ခံပြီး အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စား သောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေ အားလုံးကိုလည်း ထိရောက်စွာနဲ့ အရေးယူသွားပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါသေးတယ်။ ဒီတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပေး ထားတဲ့ လုပ်ငန်းပိုင်ရှင်တွေ အတော်များများက နေပြီးတော့ တရားဝင် အလုပ်သမားတွေအဖြစ် ဆောင်ရွက် စေဖို့ သူတို့တွေရဲ့အလုပ်သမား (ဒုက္ခသည်) တွေကို ကမ်းလှမ်းပြောဆိုလာပါတယ်။ တဆက်တည်းမှာပဲ ဒုက္ခ သည်အဖြစ်နဲ့ဆိုရင် ဘယ်လုပ်ငန်းခွင်မှာမှ လုပ်ကိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ အလုပ်ရှင်တွေက တသံ တည်း ထွက်ပေါ်လာတာပါ။

ဒီပြဿနာဟာ မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေနဲ့အတူ မြန်မာဒုက္ခသည် တော်တော်များ များကို ဂယက်ရိုက်ခတ်စေပါတယ်။ ဒီလို ဂယက်ရိုက်နေကြစဉ်မှာပဲ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ ကြေညာချက်တစောင် ဇူလိုင်လ (၇) ရက်နေ့မှာ ရေးသားထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာ “ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့်တွေ၊ ကုမ္ပဏီတွေကို အလုပ် လုပ်ခွင့် တရားဝင်ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ဖို့ စတာတွေအတွက် ပိုက်ဆံပေးစရာ မလိုတဲ့ အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင်ဆောင်ရွက်ရန် မလိုဘူး”လို့ ရေးသားဖော်ပြထားပါတယ်။

တဘက်မှာ မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ဒုက္ခသည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဆောင်ရွက်နေသလို အခြားတဘက်မှာလည်းပဲ တနေ့ထက်တနေ့ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေတွေကို လျှော့ချနိုင်ဖို့ မလေးရှားအစိုးရနဲ့ UNHCR ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ဒုက္ခ သည် သတင်းရပ်ကွက်က ထွက်ပေါ်လာတာပါ။ ဒီနေရာမှာ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေကို လျှော့ချဖို့ ဆို တာကတော့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ များပြားစွာသော ဒုက္ခသည်အမည်ခံသူတွေဟာ တကယ် တမ်းကြည့်မယ်ဆိုရင် ဒုက္ခသည်အစစ်အမှန် အရေအတွက်က အင်မတန်မှ နည်းပါးလွန်းပါတယ်။ အတုအ ယောင်နဲ့ ဟန်ဆောင်လိမ်လည်သူတွေ များလာတာကို UNHCR အနေနဲ့ သတိပြုမိနေခဲ့တာလည်း ကြာပါပြီ။ ဒီပြဿနာကို အကောင်းဆုံးသော ဖြေရှင်းနည်းဟာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းမှ ရတော့မယ်ဆိုပြီး နားလည် လက်ခံခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ UNHCR နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ လက်တွဲ ပြီးတော့ အော်ပရာဇီ (အထူးစီမံချက်) တွေနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ် ပါလိမ့်မယ်။

ဒီအခါမှာ မလေးရှားမှာရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ကို ကြံ့ကြံ့ခိုင်ပြီး ရင်မဆိုင်ရဲဘူး အလွယ်တကူ လက်လျှော့လိုက် မယ်ဆိုရင် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ်သွားမှာဖြစ်သလို နေဝင်ချိန်ရောက်ခဲ့ပြီလို့ ပြောလို့ရတဲ့ အခြေအနေနဲ ကြုံတွေ့လာရမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ မလေးရှားအစိုးရအနေနဲ့ သံတမန်ရေးရာအရရော UNHCR နဲ့ ဘယ်ပဋိ ညာဉ်စာချူပ်ကိုမှ ချူပ်ဆိုထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်းပဲ ဒုက္ခသည်တွေကို တရားမဝင် နိုင်ငံတွင်း ဝင် ရောက်သူဆိုတဲ့ အချက်နဲ့ အချိန်မရွေး ဖမ်းဆီးပြန်ပို့နိုင်ပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံရဲ့မူဝါဒ ပေါ် လစီကို ခန့်မှန်းရခက်နေပါတယ်။ တရားဝင်အားဖြင့် သံတမန်ရေးရာအရ လက်မှတ်ရေးထိုးထားခြင်း မရှိပေ မယ့် UNHCR ရုံးဟာ မြို့တော် ကွာလာလမ်ပူမှာ အခြေစိုက် ဖွင့်လှစ်ခွင့်ပေးထားတာရယ်၊ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ (၇၀) ရာခိုင်နှုန်းသော ဒုက္ခသည်တွေကို အမေရိကန်က တရားဝင်ခေါ်ယူနေတာတွေ၊ UN- HCR နဲ့ တရားဝင် လက်မှတ်ရေးထိုးထားတဲ့ သြစတြေးလျလို နိုင်ငံမျိုးက ဒုက္ခသည် (၈၀၀) ကို မလေးရှားမှာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် ရယူကြတာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ မလေးရှားအစိုး ရရဲ့ မြှုပ်ကွက်တွေပါ။

မလေးရှားနိုင်ငံမှာ တရားဝင် လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့တွေရဲ့ ပျမ်းမျှ လ စာအဖြစ် တလကို (၈၀၀) ရင်းဂစ်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့လစာဟာ တလကို ရင်းဂစ် (၁,၁၀၀) ကနေ (၁,၄၀၀) ရင်းဂစ်အထိ ရှိနေပါတယ်။ ဒီအချက်ကြောင့် မလေးရှားနိုင်ငံကို တရားဝင် ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အကုန်လုံးလိုလို အိုဗာစတေး အ ဖြစ်ခံပြီးတော့ ဒုက္ခသည် ခံယူလိုက်ကြတာလည်း ဖြစ်ပါတယ်။ နောက်တချက်က ရဲတွေ၊ Rela (ခေါ်) အရံရဲ တွေနဲ့ တွေတဲ့အခါ ပါ့စ်ပို့တ် ကိုင်ဆောင်ထားသူတွေထက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စာရွက်စာတမ်း ကိုင်ဆောင်ထားသူတွေက ပိုပြီးတော့ လွတ်မြောက်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့်လည်းပဲ အများစုက ဒုက္ခသည်အဖြစ် ခံယူဖို့ စိတ်ဝင်စားလာကြတာပါ။

မလေးရှားနိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းကြီးတွေဟာ တရုတ်လူမျိုးတွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရပါပြီ။ ခုတကြိမ် နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော အလုပ်သမားနေရာကို မြန်မာဒုက္ခသည်တွေက လွှမ်း မိုးသွားမလား ဆိုတာကလည်း နိုင်ငံသားတွေအတွက် အရမ်းကို စိုးရိမ်ရတဲ့ အချက်တခုပါ။

မြန်မာဒုက္ခသည်တွေ အပါအဝင် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ အခြားသော နိုင်ငံခြားသား အတော်များများဟာလည်းပဲ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ထဲ မှာ ပါဝင်ဆောင်ရွက်မှု လုံးဝမရှိသလောက်ဖြစ်နေတာကြောင့် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက စိတ်ပျက် သလောက်ဖြစ်နေတာကိုလည်း နိုင်ငံပိုင်သတင်းစာတွေထဲမှာ အရိပ်အမြွက်ချ ပြောကြားထားတာကို တွေ့နေ ရပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံရဲ့ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူ လူဦးရေ ခန့်မှန်းချက်ဟာ နှစ်သန်း ကျော်မျှ ရှိနေပြီးတော့ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ငါးသိန်း အထက် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ အ စီရင်ခံစာတစောင်မှာ ရေးသားဖော်ပြပါရှိပါတယ်။ ဒီလို တိုးပွားလာတဲ့ ဒုက္ခသည် အမည်ခံသူတွေကို လျှော့ချ ဖို့ တခုတည်းသော နည်းလမ်းက မလေးရှားအစိုးရနဲ့ UNHCR တို့ ပူးပေါင်းဆောင်ရွက်ခြင်းပါ။

နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း စီးပွားရေးကို လွှမ်းမိုးထားတဲ့ တရုတ်လူမျိုးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ သူတို့ တွေရဲ့လုပ်ငန်းခွင်မှာ မလေးရှားလူမျိုး အပါအဝင် အခြားလူမျိုးစုတွေကို အသုံးပြုရတာထက် မြန်မာအလုပ် သမားတွေကို ပိုပြီး သဘောတွေ့နေတာကြောင့် အလုပ်ရှင်တွေအနေနဲ့ အစိုးရရဲ့ပေါ်လစီအတိုင်း ဆောင်ရွက် သွားဖို့ဆိုတာ တကယ်တမ်းတော့ အရမ်းလွယ်ကူတာမဟုတ်ပါဘူး။ မလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန် မာဒုက္ခသည်တွေဟာ ဒုက္ခသည် အမည်ခံရုံသက်သက် မဟုတ်ဘဲ နိုင်ငံသားတွေ မလုပ်နိုင်ကြတဲ့ အောက်ခြေ သိမ်းလုပ်ငန်းနယ်ပယ်စုံမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီးတော့ နိုင်ငံရဲ့စီးပွားရေးကို ပံ့ပိုးပေးနေကြသူတွေပါ။ ဒါတွေကို အလုပ်ရှင်အသီးသီးကလည်း သိရှိပြီးသားပါ။ ဒါကြောင့်လည်း မြန်မာဒုက္ခသည်တွေအနေနဲ့ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်သင့် ပါတယ်။ အဲဒီလိုသာ ဖြစ်သွားခဲ့မယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ ဒုက္ခသည်ဆိုတဲ့ လူတန်းစားတရပ်အတွက် တ ဆစ်ချိုး အပြောင်းအလဲတခုကို ဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ UNHCR နဲ့ အဆက် အသွယ်မပြတ်ရှိနေစေဖို့၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် ဒုက္ခသည်ကိုယ်စားပြု ရုံးတွေနဲ့ သတင်းအချက်အ လက်ဖလှယ်မှုတွေ အမြဲရှိနေကြမယ်ဆိုရင် မလေးရှားမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တရပ်လုံးအတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်စတဲ့ အခွင့်အရေးတွေပါ ယခင်ကထက် ပိုမို ရရှိလာကြ ပါလိမ့်မယ်။ မြန်မာဒုက္ခသည်တွေအနေနဲ့ ဒီအချက်ကို အထူးသတိပြုစေလိုပါတယ်။ ။

အောင်ရဲလင်း (စစ်တွေ)
ဒေါက်တာလွဏ်းဆွေ ဘလော့မှ ကူယူဖေါ်ပြပေးပါသည်။

Saturday, July 16, 2011

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ် စစ်ဆင်ရေး နည်းဗျူဟာထဲတွင် နစ်မြောနေအောင် ရိုက်သွင်းထားရာ တပ်မတော်သားများ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမြင်မကြည်လင်မှု၊ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက်နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထားခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ပြီး ကဏ္ဍတစ်ရပ်အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာစီစစ် တည်းဖြတ် ပိတ်ဆို့ထားမှုကြောင့် ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို တပ်မတော်သားများ ဖတ်ရှုသိမြင်ပြီးဆိုပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုနှင့် လက်တွဲဖို့ တိုက်တွန်းလိုက်ရပါတယ်။


စစ်အာဏာရှင်တွေဟာ တပ်မတော်သားတွေအပေါ် သူတို့ရဲ့ မဟာဗျူဟာ မူဝါဒဖြစ်တဲ့ ဒို့တာဝန် အရေး(၃)ပါး ကို မှိုင်းတိုက်ခဲ့ပါတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အချက် (၃) ချက်ဟာ အမှန်တကယ်တော့ နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များ ပါရှိပြီး ဒီမိုကရေစီ နိုင်ငံတော် ဖြစ်လာပါက အရပ်သားများ ပါဝင်တဲ့ အစိုးရက ဒီကိစ္စတွေကို ကိုင်တွယ်ရှင်းလင်းရမှာ ဖြစ်ပါတယ်။ အစိုးရက နိုင်ငံတကာနှင့်သော်လည်းကောင်း၊ ပြည်တွင်းရှိ တိုင်းရင်းသား အရေးကိစ္စသော်လည်းကောင်း၊ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ဒို့တာဝန်အရေး (၃) ပါး မထိခိုက်အောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံရေးအရ ဖြေရှင်းလို့ မရနိုင်မှသာလျှင် စစ်ရေးအရ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါက စစ်တပ်ကို တာဝန်ပေးမှာ ဖြစ်ပါတယ်။ ဒီသဘောကို တပ်မတော်သားများ သဘောပေါက် နားလည်သင့်ပြီး ဒို့ တာဝန် အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ခြင်းဟာ တပ်မတော်က နိုင်ငံရေးတွင် ၀င်ရောက် ချုပ်ကိုင်ခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်ရှိ အစည်းအဝေးများ၊ တပ်မတော် စည်းရုံးရေးကော်မတီ (စည်း/ကော်) ဆွေးနွေးပွဲများတွင် ဒို့တာဝန် အရေး (၃) ပါးကို စစ်အာဏာရှင်တွေက ပုံကြီးချဲ့ ရိုက်သွင်းတာဟာ မှိုင်းတိုက်နေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများအရ တပ်မတော်ရဲ့ အဓိကတာဝန်ကို ပြတ်ပြတ်သားသား မြင်တွေ့ရမှာ ဖြစ်တယ်။


“ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲ။ ဗမာနိုင်ငံနဲ့ ဗမာလူမျိုးကို ကာကွယ်ဖို့ဘဲ။ ဗမာလူမျိုး ဆိုတာဟာလဲ ဗမာလိုသိတဲ့ ဗမာတွေသာ မဟုတ်ဘူး၊ ဗမာတနိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်၊ ဒါကြောင့် ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ် လက်ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့ အမျိုးကို တကယ်ကာကွယ်ဖို့ဘဲ၊ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရ နားလည်ပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်ကြရမယ်၊ ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးအတွက် ဒီလူမျိုး တွေရဲ့ ကိုးကွယ်ရာ လဲလျှောင်းရာ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်၊ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားဘဲ ဖြစ်မယ်။”


(စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ်အောင်ဆန်း၏ မိန့်ခွန်းမှ…)


တပ်မတော်အတွင်း တစ်သွေး၊ တစ်သံ၊ တစ်မိန့် စနစ်အရ ကောင်းသော်လည်း တစ်ချို့ အုပ်ချုပ်ရေးကိစ္စ၊ သက်သာချောင်ချိရေးကိစ္စ၊ စစ်အာဏာရှင်တွေရဲ့ မိသားစု ကိုယ်ရေးကိုယ်တာ အဂတိလိုက်စားမှု၊ စီးပွားရေးသောင်းကျန်းမှု တွေထဲမှာ တပ်မတော်သားများ နစ်မြောနေရပြီး အဲဒီ တစ်သွေး၊ တစ်သံ၊ တစ်မိန့်လိုဘဲ နာခံနေရရင် အဓိပ္ပာယ် မရှိတာကြောင့် ခိုင်းတဲ့လူရဲ့ အမိန့်ဟာ နည်းလမ်း မကျကြောင်း၊ မတရားကြောင်း ဆိုတာကို အဲဒီခိုင်းတဲ့လူရဲ့ တစ်ဆင့်မြင့်အရာရှိကို ထပ်မံတင်ပြလို့ ရကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း လမ်းညွှန်သွားခဲ့ပါတယ်။ ရွှေဝါရောင် အရေးခင်းလိုမျိုး ဘုရားသားများကို နှိပ်ကွပ်ဖို့ ပေးတဲ့ အမိန့်ဟာ နိုင်ငံနှင့် တိုင်းပြည်မှာ အကျိုးမရှိဘဲ တပ်မတော် နာမည်ပျက်ကိန်း ဆိုက်ရောက်မှာကို သိစေ ချင်ပါတယ်။


“မတရားတဲ့ အကြီးအမှူး တယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့၊ နိုင်ငံနဲ့လူမျိုး အကျိုးနဲ့မပတ်သက်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊ တရား မတရား၊ နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိ မရှိ ကြည့်ရမယ်။ အဲ့သလို ကြည့်တဲ့ အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင်၊ သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြားအကြီးအမှူး တယောက်ယောက် ဖြစ်ဖြစ် သွားမေးရမယ်၊ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။…"


(ဗိုလ်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှ…)


အပိုင်း (၃) ကိုဆက်လက်ဖော်ပြသွားပါမည်…

ဖိုးတရုပ်ကင်း မှကူးယူဖေါ်ပြပေးပါသည်။

အမှောင်တိုက်မှ တပ်မတော်သားများ ရုန်းထွက်နိုင်စေရေး - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

စစ်အာဏာရှင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ ဆိုက်ကိုလိုဂျီ Warefare စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာများထဲမှာ နစ်မြော နေစေအောင် တပ်မတော်သားများအား ရိုက်သွင်းထားရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အမြင် မကြည်လင်မှုနှင့်အတူ ထင်ယောင်ထင်မှား ဖြစ်နေကြပါတယ်။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်အပေါ် သဘောထား မှန်ကန်ခြင်း မရှိဟု တပ်အတွင်းမှာ အစဉ်အမြဲ ပြောဆို ၀ါဒ ဖြန့်ထားပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေဖြင့် ယနေ့ တပ်မတော်သားများအား အမှောင်တိုက်မှ ရုန်းထွက် နိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းနှင့် သဘောထား ခံယူချက်များကို ထင်သာမြင်သာရှိအောင် ယနေ့တပ်မတော်တွင် ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် နှိုင်းယှဉ် သုံးသပ်ကာ ကဏ္ဍတစ်ရပ်အနေဖြင့် အပတ်စဉ် တင်ပြသွားဖို့ စီစဉ်ထားပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မီဒီယာ စီစစ်တည်းဖြတ် ပိတ်ဆို့ထားမှုများကြောင့် အမှန်ကို မသိမြင်နိုင်တဲ့ တပ်မတော်သားတွေ အနေနဲ့ တပ်မတော်ဖခင် ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို ဖတ်ရှုသိမြင်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အမှန်တကယ် အသွင် ကူးပြောင်းနိုင်ရေးအတွက် ပြည်သူလူထုနှင့် လက်တွဲကြဖို့ တိုက်တွန်း ရေးသားရပါတယ်။


၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်းကြီးဟာ ဗကပ ယူဂျီများရဲ့ လက်ချက်လို့ ခေါင်းစဉ်တပ်ပြီး တိုင်းပြည် ဖရိုဖရဲ ဖြစ်တာကို ကယ်တင်တယ်ဆိုပြီး တပ်မတော်ကိုစည်းရုံး အာဏာသိမ်းခဲ့တာ အများသိပြီး ဖြစ်ပါတယ်။ အမှန်တကယ်တော့ တပ်မတော်သားများရဲ့ အတွင်းစိတ်ထဲမှာတော့ ဗမာငွေစက္ကူ တန်ဖိုးကျဆင်းပြီး လဲလှယ်ပေးခြင်း မရှိဘဲ အကြောင်းမဲ့ သိမ်းဆည်းလိုက်တာရယ်၊ ကုန်ဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေး ကြပ်တည်းတာရယ်၊ ပါတီကောင်စီဝင်တွေရဲ့ တပ်မတော်သားများအပေါ် နှိပ်ကွပ်မှုတွေရယ်ကြောင့် တပ်မတော်သားများရဲ့ ရင်ထဲမှာ အနာတရ ဖြစ်နေတာတွေကို စစ်အာဏာရှင်တွေက မရိပ်မိခဲ့ကြပါ။ ဒါကြောင့် တပ်မတော်သားများ အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ကိုသာ အစွမ်းကုန် မဲထည့် ပေးလိုက်ခြင်းကြောင့် စစ်အာဏာရှင်တွေက တုန်လှုပ် ခြောက်ခြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ဓါတ် စစ်ဆင်ရေးလုပ်ဖို့ စနစ်တကျစီစဉ် စတင်အကောင်အထည် ဖေါ်လာပါတော့တယ်။


တပ်မတော်အား ပြည်သူလူထုနှင့် မနီးစပ်နိုင်စေရေးအတွက် တပ်မတော်သာအမိ တပ်မတော်သာ အဖဆိုတဲ့ ဆောင်ပုဒ်ကို စတင် ရိုက်သွင်းပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်မှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်း မရှိတာကို သူမအား အပြစ်တင် ဝေဖန်ခဲ့ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားအရေးကို ကိုင်တွယ်နိုင်ဖို့ တပ်မတော်မှလွဲလို့ ဘယ်သူမှ မကိုင်နိုင်ကြောင်း၊ မြန်မာပြည် အကြောင်းကိုလည်း ဂဃနဏ သူမအနေနဲ့ သိသေးသူ မဟုတ်လို့ ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်နိုင်ကြောင်း တပ်တွင်းမှာ ၀ါဒဖြန့် ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားနှင့် လက်ထပ်ထားတဲ့အတွက် ရှုတ်ချခဲ့ပြီး တိုင်းတစ်ပါးရဲ့ သြဇာခံလို့ မတရား ပုတ်ခတ်ခဲ့ပါတယ်။ ဗကပများ NLD တွင် ရှိနေလို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ဖြိုခွဲရေးအတွက် လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ အမှန်တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းတွေ သဘောထား အမြင်တွေကို လေ့လာကြည့်လိုက်ရင် တက်တက်စင် လွဲမှားနေကြောင်း အောက်ပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။


၁၉၄၄-မတ်-၁၃၊ မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဦးစွာတင်ပြလိုက်ပါတယ်။


“ဒီတပ်မတော်ဟာ လူတစ်ဦး တစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်၊ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်၊ ဒီတပ်မတော်ဟာ တစ်ဖွဲ့တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်၊ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက်ဖြစ်တယ်။… ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှင်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊…”


(မြတ်မော်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး အတွေးအခေါ်များ စာအုပ်၊ စာမျက်နှာ ၂၀)

“တပ်မတော်ဆိုတာဟာ တိုင်းပြည်ပေါ်မှာ သစ္စာရှိရမယ်။ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားများအပေါ်မှာ သစ္စာရှိရမယ်။ စောစောက ကျမတို့ ဥက္ကဌကြီး ပြောသွားတဲ့အတိုင်းဘဲ ဖေဖေဟာ တပ်မတော်ကို ထူထောင်ကတည်းက လူတစ်ယောက်အတွက် မဟုတ်ဘူး၊ အဖွဲ့အစည်းတစ်ခုအတွက် မဟုတ်ဘူး၊ နိုင်ငံတစ်နိုင်ငံလုံးအတွက် ထူထောင်ခဲ့တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ထူထောင်ခဲ့တဲ့ တပ်မတော် ဖြစ်ပါတယ်။ ပထမဦးဆုံး ဘီအိုင်အေခေတ်က တပ်မတော် စတင်ပေါ်ပေါက်လာတာ ဘယ်လို ပေါ်ပေါက်လာတာလဲ။ ကျောင်းသားပြည်သူ ရဟန်းရှင်လူများက တပ်မတော်ကို ဝင်ပြီးတော့ ထူထောင်ခဲ့ကြတာဘဲ။ ကျောင်းသားပြည်သူ ရဟန်းရှင်လူများနဲ့ စပြီးတော့ ထူထောင်ခဲ့တဲ့ တပ်မတော် ဖြစ်ပါတယ်။ အခုလဲ တပ်မတော်ထဲမှာရှိတဲ့ တပ်မတော်သားများဟာ ကျမတို့ ပြည်သူလူထုကြားက ပေါက်ဖွားလာတဲ့သားများ ဖြစ်ပါတယ်။ ဒါကိုလဲ ကျမ ခဏခဏပြောရပါတယ်။ ကျမတို့ တပ်မတော်သားများဟာ တခြား ကမ္ဘာကလာတဲ့ သတ္တဝါတွေ မဟုတ်ဘူး၊ ကျမတို့ နိုင်ငံသူ နိုင်ငံသားများကြားက ပေါက်ဖွားလာတဲ့သားများ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထောင်စုရဲ့ သားကောင်းရတနာများပီပီ ဆက်ဆံကြပါ။ ပြည်ထောင်စုရဲ့ သားကောင်းရတနာများနဲ့ ထိုက်တန်မြင့်မြတ်တဲ့ အတွေးအခေါ်များ မွေးမြူကြပါ။ ကျမဟာ တပ်မတော် ပြိုကွဲရေးဆိုတာကို လုံးဝမလိုလားပါဘူး။ ဘာဖြစ်လို့လဲ။ တပ်မတော်ပြိုကွဲရင် တိုင်းပြည် နာမှာဘဲ။ တိုင်းပြည်နာမဲ့ ကိစ္စမှန်သမျှ ကျမတို့ လုံးလုံး မလိုလားဘူး။ ကျမအနေနဲ့ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့သာ ရပ်တည်စေချင်တယ်။ ကျမတို့အဖွဲ့ချုပ် အာဏာရရှိရေးအတွက် တပ်မတော်ကို အလွဲသုံးစားလုပ်ဖို့ဆိုတာ ကျမတို့ လုံးလုံးစိတ်မကူးဘူး။…"


(သမိုင်းဝင် မြေနီကုန်း အရေးတော်ပုံ တစ်နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းမှ…)


ဒီလိုပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေကို ဖတ်ရူသိရှိရင် စစ်ခေါင်းဆောင်တွေက မဟုတ်မမှန် ပြောဆိုဝါဒဖြန့် လိမ်ညာ ရိုက်သွင်းနေတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

အပိုင်း (၂) ကို ဆက်လက် ဖော်ပြသွားပါမည်...

ဖိုးတရုပ်ကင်း မှဖေါ်ပြပေးပါသည်။

Wednesday, July 13, 2011

အဆိုတော် ညီမင်းသစ်ရဲ့ အလှူ


နိုင်ငံရေးသီချင်းများကို သီဆိုနေသော မလေးရှားနိုင်ငံရှိ အဆိုတော်ညီမင်းသစ်မှ သူ၏ပထမဆုံးတေးစီးရီးဖြစ်သော အသစ်ပြန်စမယ့်ရာဇ၀င် ဒီဗွီဒီသီချင်းခွေ ရောင်းရငွေများထဲမှ မြန်မာငွေဆယ်သိန်းတိတိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကူညီစောင့်ရှောက်နေသော HIV/AIDS ဝေဒနာရှင်များသို့ လှူဒါန်းခဲ့ကြောင်း သိရပါသဖြင့် အများပြည်သူအပေါင်း မုဒိတာပွား သာဓုခေါ်နိုင်ကြစေရန် ဖော်ပြပေးအပ်ပါသည်။


ကျနော် ဒီသီချင်းခွေကို စပြီး ဖြန့်ချိကတည်းက ရောင်းရငွေထဲကနေ အမှန်တကယ်လိုအပ်နေသူတွေကို ကူညီမယ်လို့ ရည်မှန်းထားပါတယ်။ ခုလို ကူညီလှူဒါန်းနိုင်တာကလည်း ၀ယ်ယူအားပေးသူများရဲ့ စေတနာကြောင့်ပါ။ ဒါကြောင့် ကျနော့်ရဲ့ သီချင်းခွေကို ၀ယ်ယူအားပေးခဲ့ကြတဲ့ တေးချစ်ပရိတ်သတ်တွေ၊ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျနော်အထူးကျေးဇူးတင်ပါတယ်။


ညီမင်းသစ်





အသစ်ပြန်စမယ့်ရာဇ၀င် ထဲမှ သီချင်းများကို နားဆင်နိုင်ပါတယ်။

၁) အသစ်ပြန်စမယ့်ရာဇ၀င်

၂) သွေးစွန်းနေသောဒိုင်ယာရီ
၃) ငြိမ်းချမ်းရေးသံစဉ်
၎) အတောင်ပံများသို့
၅) ရာဇ၀င်တလျှောက်မှာ
၆) တိုက်ပွဲဝင်ကြစို့
၇) နာဂစ်တစ္ဆေ
၈) ၃/၈၈ အင်းယား
၉) စစ်ဘီလူးနဲ့ယမင်းငယ်
၁၀) နိုးထလော့
၁၁) အဆုံးမသတ်နိုင်တဲ့သွေးပန်းချီ
၁၂) တောင်းဆု
ညီမင်းသစ်

Saturday, July 9, 2011

မလေးသူ မလေးသားတွေလဲ သူတို့ ဆန္ဒကို ထုတ်ဖေါ်နေကြပါပြီ

BERSIH 2.0 2011 - LIVE RALLY 9 NOVEMBER 2011 (MALAYSIA)



The 2011 Bersih 2.0 rally (also called the Walk for Democracy) is a demonstration in Kuala Lumpur held on 9 July as a follow-up to the 2007 Bersih rally. The rally, organised by the Coalition for Clean and Fair Elections (Bersih), is supported by Pakatan Rakyat, the coalition of the three largest opposition parties in Malaysia but has been deemed illegal by the government.

Bersih, chaired by former president of the Bar Council Ambiga Sreenevasan, are pushing the Election Commission of Malaysia (EC) to ensure free and fair elections in Malaysia. It has demanded that the EC clean up the electoral roll, reform postal voting, use indelible ink, introduce a minimum 21-day campaign period, allow all parties free access to the media, and put an end to electoral fraud.

Public gatherings without police permits are illegal in Malaysia. The police have vowed to stop any rallies from taking place on the day. Having originally planned to march through the streets of Kuala Lumpur, Bersih has decided to hold its rally at Merdeka Stadium after consultations with the Yang di-Pertuan Agong, Malaysia's head of state.

Two counter-rallies, led by Malay nationalist movement Perkasa and the youth division of the ruling United Malays National Organisation (UMNO), were initially announced. Perkasa called off its counter-rally due to the inability to secure a venue and permit.

Supporters of Bersih claim that demands for electoral reform made during the 2007 demonstration have fallen on deaf ears. Meanwhile, detractors of Bersih and supporters of the Perkasa and UMNO Youth counter-rallies have dismissed Bersih's demands for electoral reform as well as accused Bersih of, among others, harbouring an opposition political agenda, attempting a coup d'état, and threatening to disrupt public order.

Ref : wikipedia













Photo from the star online

မောင်ပါလပေးပို့ သောသတင်းမှ ကူးယူဖေါ်ပြပါသည်။