Tuesday, June 26, 2012

ဒေါ်စု ပြင်သစ်ခရီး စတင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတရဲ့ဖိတ်ကြားချက်နဲ့ နိုင်ငံတော် အထူး ဧည့်သည်အဖြစ် ပြင်သစ်နိုင်ငံကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြင်သစ်ခရီးစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်သစ်အာဏာပိုင်တွေဘက်က ကြိုဆိုပြင်ဆင်ချက်တွေနဲ့ ဂုဏ်ပြုအစီအစဉ်တွေ ကိုတော့ မဆုမွန်က စုစည်းတင်ဆက်ပေးပါမယ်။

ပြင်သစ်သမ္မတရဲ့ အထူးဖိတ်ကြားချက်နဲ့ရောက်ရှိလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံမှာ ဇွန်လ၂၆ ရက်နေ့ကနေ ဇွန်လ၂၉ ရက်နေ့အထိ နေမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အထူးဧည့်သည်အနေနဲ့ ကြိုဆို ကြမှာဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနဲ့တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ဖို့ ရှိပါတယ်။ ညပိုင်းမှာတော့ သမ္မတရဲ့ ညစာတည်ခင်းဧည့်ခံပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

လူ့အခွင့်အရေးအတွက် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးတဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုသွားမှာဖြစ်သလို မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြင်သစ်နိုင်ငံအနေနဲ့ တတ်တတ်ကြွကြွ ထောက်ခံကူညီသွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနကလည်း မနေ့က ကြေညာချက် ထုတ်ပြန်သွားပါတယ်။

အခု ပြင်သစ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်နိုင်ငံသား ဂုဏ်ပြုဆုပေးအပ်ပွဲ အစီအစဉ် အပါအ၀င် ပြင်သစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဇွန်လ၂၇ ရက်နေ့မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ဒ်ရန့် ဖရပ်ဗျူရပ်စ် Laurent Fabius က နိုင်ငံခြားရေး ၀န်ကြီးရုံး မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုပြီး ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ် ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လွတ်မြောက်ရေးအထိမ်းအမှတ် သစ်ပင်ကိုလည်း နိုင်ငံခြားရေးရုံးဝင်းထဲ ဥယျာဉ်မှာ အမှတ်တရ စိုက်ပျိုးဖို့ ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတ ဖရမ်ဆွာအော်လန်းက အီလ်ဇီ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံမှာဖြစ်သလို ပြင်သစ်ပါလီမန်တွင်းမှာလည်း ပြင်သစ်လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေကလည်း ဂုဏ်ပြုကြိုဆိုဖို့ ရှိပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ဝန်ကလည်း ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

မြန်မာ့ဒီကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ့်အပေါ် ပြင်သစ်မီဒီယာတွေမှာ သတင်း ဖော်ပြမှုတွေရှိသလို မြန်မာ့ဒီမိုကရေစီရေးကို စိတ်ဝင်တစား အားပေးကူညီခဲ့ကြတဲ့ ပြင်သစ်လူထု ကလည်း စိတ်ဝင်စားမှုတွေ ရှိကြပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့လယ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ရုပ်ပုံကားချပ်တွေကို ချိတ်ဆွဲထားတာရှိသလို အရင်ကလည်း မြန်မာပြည်ဒီမိုကရေစီရေးကြိုးပမ်းနေတဲ့ ဒေါ်စုရဲ့ ရုပ်ပုံတွေကို ပြင်သစ်နိုင်ငံအတွင်းမှာ ချိတ်ဆွဲဂုဏ်ပြုမှုတွေ ရှိခဲ့တယ်လို့ ပြင်သစ်နိုင်ငံ မှာ နှစ်၂၀ ကျော် ရောက်နေတဲ့ ဦးအောင်ကိုးက ပြောပါတယ်။

“ပြင်သစ်လူထုက စိတ်ဝင်စားမူရှိတာပေါ၊ ဟိုကဆက် ဒီကပြောပေါ့၊ တွေ့ချင်ကြတဲ့သူတွေ အများကြီး ပဲ။ နှစ်ပေါင်း ၂၀ တောင် ဒေါ်စုကိစ္စရော၊ မြန်မာပြည်ကိစ္စရော ဒီမိုကရေစီရရှိရေးဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေ အများကြီး ရှိတယ်လေ။ တစ်ခုရှိတာက သမ္မတကိုယ်တိုင်ဖိတ်ပြီး သမ္မတကိုယ်တိုင် ကြိုဆိုမယ့်သဘောရှိတယ်လို့ မြင်ယောင်မိတယ်လေ။ ဒေါ်စုကိုတော့ နိုင်ငံတော်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ဆိုတော့ ဖိတ်ကြားတယ်ဆိုတာက သူတို့နဲ့ Level ထားတယ်၊ သူတို့ရဲ့အဆင့်မှာ ထားပြီး ပြုစုတဲ့သဘောပေါ့။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်ကျောင်းသားလူငယ်တွေနဲ့ Sorbonne (ဆိုလ်ဘုန်း) တက္ကသိုလ်မှာ တွေ့ဆုံဖို့ ရှိပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ ပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်နိုင်ငံရဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေးရရှိရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိနိုင်အောင် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်က ကြိုးပမ်းကူညီပေးခဲ့ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း ရှိပါတယ်။

ဇွန်လ၂၇ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့စီစဉ်ပေးမှုနဲ့ ပြင်သစ်နိုင်ငံရောက်မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြင်သစ်နိုင်ငံပါရီမြို့၊ မြို့တော်ခမ်းမမှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံခွင့်ရမယ့် အပေါ် ပြင်သစ် ရောက် မြန်မာလူထုကလည်း ၀မ်းသာအားရဖြစ်နေကြတယ်လို့ ပြင်သစ်နိုင်ငံကို ကိုးနှစ်ကြာ ရောက်ရှိနေပြီဖြစ်တဲ့ မသန္တာထွန်းက ပြောပါတယ်။

"အရမ်းတွေ့ချင်တာပေါ့အမရယ်၊ မေးခွန်းတောင်မှ မေးခွင့်ရချင်မှ ရမှာ။ လူကအရမ်းများနေတော့ မေးခွန်းတွေက အခု ၂၀ ပဲ လက်ခံတာ-တဲ့။ မေးခွန်း ၂၀ ထဲမှာ မေးတဲ့သူတွေက များနေတော့ ကျမလည်း ဘာမှတောင် မသိဘူးပေါ့ အမရယ်။ တွေ့တော့ ဝမ်းသာတာပေါ့။ အန်တီ့မျက်နှာလေး မြင်ရတာပဲ ဝမ်းသာလှပြီ။ လက်ဆွဲ နှုတ်ဆက်ချင်တာပေါ့ အမရယ်၊ အဲဒါမျိုး နှုတ်ဆက်ခွင့်တောင် ရပါ့မလား မသိဘူး။"

ဒေါ်စုရဲ့ ပြင်သစ်ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း ပထမဦးဆုံးသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ၁၇ ရက်ရဲ့ နောက်ဆုံး ခရီးစဉ်ဖြစ်ပါတယ်ရှင်။

By မဆုမွန် voa

Friday, June 22, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ



လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။

ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။

ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။

ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲလုပ်နိုင်မယ့်သူလို့ မှတ်တမ်းတင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်

ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက်ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။

ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။

အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။

လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံး ကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာမဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက် သွားကြတာဖြစ်ပါတယ်။

ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ ငါဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူအပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။

မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀နှစ် ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

၁၉၄၈မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင် မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။

ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။

ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိမ်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။

နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။ အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်

လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။

ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်းရနိုင်ပါတယ်ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည်ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။

ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။

အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ်ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ဘဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ်ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။

ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်

နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီတွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

by face book

မြန်မာနှင့် ကမ္ဘာကို သတ္တိအရာနှင့် သည်းခံခြင်းတရားတို့ အပ်နှင်းခဲ့သူ (သို့မဟုတ်) ဒေါက်တာအောင်ဆန်းစုကြည်

ရာစုနှစ်တစ်စိတ်ဆိုသော အချိန်ကာလမှာ အရာများစွာတို့ကို ပြောင်းလဲစေနိုင်ပါသည်။ မွေးကင်းစ ကလေးငယ်တစ်ဦး ပညာပြည့်စုံပြီး လူလားမြောက်နိုင်သည့် ကာလဖြစ်သည်။ စနစ်များ၊ ခေတ်များနှင့် လူနေမှုပုံစံများလည်း ရွေ့လျား သွားနိုင်လောက်သော ကာလဖြစ်သည်။ လူ့အချို့တို့ကို နောက်ဆုံးဇရာ အရွယ်သို့ ရောက်ရှိစေနိုင်ပြီး မိတ်ဆွေအချို့မှာ ရှိနိုင်တော့မည်လည်း မဟုတ်ပါ။ အကောင်းဖက်သို့ ဦးတည် တည်ဆောက်ခဲ့မည့် လူ့အဖွဲ့အစည်းတစ်ခုအတွက် ၂၃ နှစ်တာ ကာလမှာ များစွာ ခရီး ရောက်ခဲ့ပါလိမ့်မည်။ ထို့အတူ…။

နိုင်ငံရေးနှင့် လူမှုစီးပွားရေး အဓိကဘာသာတို့ဖြင့် တက္ကသိုလ် ပညာရပ်များဆည်းပူးခဲ့ရာ၊ မိသားစုဘ၀ တည်ဆောက်ခဲ့ရာ နေရာ၊ နောက်ပိုင်းတွင် အချိန် အကြာကြီး ခွဲခွါခဲ့ရမည့်နေရာ ဖြစ်သည့် အောက်စဖို့ဒ် Oxford တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အပ်နှင်းသည့်အတွက် များစွာ ကျေနပ်ပြီး ထိခိုက် ခံစားရပါကြောင်း သူမက ဦးစွာ ပြောကြားခဲ့သည်။ အင်္ဂလန်အလယ်ပိုင်းဒေသ၏ ၂၀၁၂ နွေရာသီမှာ ပို၍ နွေးထွေး နေခဲ့ပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီသို့ ကူးပြောင်းသည့်ခရီးတွင် သင်ယူလေ့လာခြင်း အရာဝယ် ဂုဏ်ထူးဆောင် ဘူမိနက်သန်မြေ အောက်စဖို့ဒ် တက္ကသိုလ်အနေဖြင့် မြန်မာမျိုးဆက် ကျောင်းသားများ အားလည်း ပညာသင်ကြားပေးပါရန် မမေ့မလျော့ အကူအညီ တောင်းခံပေးခဲ့သည်။ မျိုးဆက်များအတွက် စိုးရိမ်စိတ်တို့နှင့် ခရီးသွားနေရသူတစ်ဦးပင်။

“ဒီနေ့ဟာ အများကြီးပဲ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။” သမိုင်းဝင် ၁၇ ရာစုနှစ် Sheldonian Theater ဘွဲ့နှင်းသဘင် ခန်းမဆောင်ထဲတွင် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ရယူသည့် မိန့်ခွန်းတွင် အသက် ၆၇ နှစ် ရှိပြီဖြစ်သည့် ဒေါ်စုက ပြောကြားခဲ့သည်။

“နေအိမ် အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒီ ခက်ခဲလှတဲ့ နှစ်ကာလများမှာ အောက်စဖို့ တက္ကသိုလ် နေ့ရက် အမှတ်တရများက ကျမကို ကြံ့ကြံ့ခံ ရပ်တည်စေနိုင်ခဲ့ပါတယ်။ ကျမ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ခံနိုင်ရည်စွမ်းအား ရရှိစေခဲ့ပါတယ်။” လောကဓံတရားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ပေးလိုက်သည့် တက္ကသိုလ်ကျောင်း၏ ကျေးဇူးတရားကို သတိတရ စကားများ။

မြန်မာ့ရိုးရာ ချိတ်ထမီလုံခြည်၊ အနက်ရောင် ရင်ဖုံးအကျီနှင့်အတူ အနီရဲရဲ ပါရဂူဘွဲ့ဝတ်ရုံတို့ကို ၀တ်ဆင်ထားပြီး အနက်ရောင် ကတ္ထီပါ ဘွဲ့ခေါင်းဆောင်း အောက်တွင် ၀ါလွင်လွင် နှင်းဆီပန်းအပြင် ကြက်သရေရှိသော အပြုံးပန်းတို့ဖြင့် ဒေါ်စုသည် ပညာ့သမိုင်းဝင်မည့် ခြေလှမ်းများဖြင့် အမိတက္ကသိုလ်နယ်မြေတွင် ပြန်လည်၍ ခြေချခွင့် ရရှိလေပြီ။ ပညာခေတ်၏ မြန်မာအမျိုးသမီးကြီးကို တက္ကသိုလ် အဓိပတိ (ယခင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး) ခရစ်ပတ်တန်က ဘွဲ့လက်မှတ် အပ်နှင်းခဲ့သည်။ ပညာနှင့်အတူ သူမ နုပျိုခဲ့လေပြီ။

သူမ၏ မိန့်ခွန်းပြောကြား အပြီးတွင် ပညာရှင်နှင့် ကျောင်းသား ၁၀၀၀ ကျော်တို့က မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာ အကြာကြီးတီး၍ ဂုဏ်ပြုခဲ့ကြ၏။ ၁၉၆၀ အလယ်နှစ် ကာလများတွင် နိုင်ငံရေး၊ ဒဿနိကဗေဒနှင့် စီးပွားရေး ပညာရပ်များကို သူမ ဆည်းပူးခဲ့ရာ ကမ္ဘာကျော် တက္ကသိုလ်ကျောင်းတော်ကြီးက ဂုဏ်ယူခြင်း၊ ဂုဏ်ပြုခြင်းဟု ခေါ်ဆိုနိုင်ပါသည်။ သူမကြောင့်လည်း ကျောင်းတော်နှင့် ကမ္ဘာကြီးလည်း ဂုဏ်တက်နေပြီ မဟုတ်ပါလော။ မျိုးဆက်တို့အတွက် မဖတ်မဖြစ် အတ္ထုပ္ပတ္တိစာအုပ် တစ်အုပ်ကို ကျောင်းတော်က မွေးဖွားခဲ့ခြင်းပင်။

တက္ကသိုလ် အဓိပတိက လက်တင်ဘာသာစကားဖြင့် ဤသို့ ပြောကြားခဲ့သည်။ “လွတ်မြောက်မှုအတွက် ခေါင်းမငုံ့တဲ့ ချန်ပီယံ၊ သင့်ပြည်သူနဲ့ ကမ္ဘာကြီးကို သတ္တိအရာနဲ့ သည်းခံခြင်းတရားတို့ အပ်နှင်းခဲ့လေပြီ။ ကျွန်ုပ်၏ လုပ်ပိုင်ခွင့်အတွင်းနှင့် တက္ကသိုလ်တစ်ခုလုံး၏ အခွင့်အာဏာအရ ဥပဒေပညာ ပါရဂူ ဂုဏ်ထူးဆောင် ဘွဲ့ကို အပ်နှင်းပါတယ်။” ကမ္ဘာ့ ပညာကျော်တို့၏ တော်ဝင် ကမ္ပည်းမှတ်တမ်းကို မြန်မာ့ရိုးရာ အချိတ်ကြိုးများ၊ မြန်မာ့နှင်းဆီပန်းများနှင့် ယှက်ဖွဲ့ထားလေပြီ။

အင်္ဂလန်တောင်ပိုင်းဒေသ အောက်စဖို့ဒ်နယ်တွင် နှစ် ၂၀ နီးပါး ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ပါသည်။ အင်္ဂလိပ်လူမျိုး ခင်ပွန်းသည် အရှေ့တိုင်းပညာရှင် ဒေါက်တာမိုက်ကယ်အဲရစ်၊ သား ၂ ဦးဖြစ်သူ အလက်ဇန္ဒား (မောင်မြင့်ဆန်းအောင်) နှင့် ကင်မ် (မောင်ထိန်လင်း) တို့နှင့်အတူ နေထိုင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် နာမကျန်းဖြစ်နေသော ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး၊ သူမ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား ပြုစုရန် အတွက် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ရာစုနှစ် တစ်စိတ်နီးပါး၊ နောင် ၂၃ နှစ်အကြာအထိ အင်္ဂလန်မြေသို့ ပြန် မရောက်နိုင်တော့ကြောင်းကိုမူ စဉ်းစားခဲ့မိလိမ့်မည် မဟုတ်ပါ။ သို့သော် သူမ အဆင်သင့် ရှိနေခဲ့လေသည်။

ခင်ပွန်းနှင့် သား ၂ ဦးတို့ကို ဤကန္တာရနှစ်ကာလများအတွင်း အကြိမ်အနည်းငယ်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် ကင်ဆာရောဂါဖြင့် ကွယ်လွန်အံ့ဆဲဆဲတွင် တွေ့ခွင့် မရသွားခဲ့ရှာပါ။ မြန်မာပြည်တွင်းတွင်သာ နေထိုင်ပြီး လွတ်မြောက်မှုနှင့် ဒီမိုကရေစီအရေးတို့အတွက်သာ ဆက်လက် လုပ်ဆောင်ပါရန် လည်း သူက မှာကြားခဲ့သည်။ တိုင်းပြည်အတွင်းမှ ထွက်ခွါသွားပါကလည်း ပြန်လည်ဝင်ရောက်ခွင့် မရတော့မည့် အခြေအနေကို သူမ အထူး စိုးရိမ်ခဲ့သည်။ တိုင်းပြည်နှင့် မိသားစု အကြားတွင် သူမ မည်မျှ ခံစားခဲ့ရပါမည်နည်း။ ကမ္ဘာ့ကြီး၏ ပညာအရာတွင် ရှေ့ဆောင်ဘွဲ့ထူးကို ရယူမည့်နေ့ နံနက်ပိုင်းတွင် ချစ်ခင်ပွန်းသည်၏ အုတ်ဂူသို့ ၁၃ နှစ်အကြာတွင် ပထမဆုံးအကြိမ် သွားရောက် ဂါရ၀ပြုခွင့် ရခဲ့ပါသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တတိယအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

“ရှေ့ဆက်ရမယ့် ခရီးလမ်းကလည်း လွယ်ကူမှာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အောက်စဖို့ဒ် ကျောင်းတော်ကြီးက ကျောင်းတော်သားများရဲ့ အကောင်းဆုံးအရာကိုသာ မျှော်လင့်တယ်ဆိုတာ ကျမ သိပါတယ်။” သူမ၏ မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

“ဒီကနေ့မှာတော့ ကျမကို ကျောင်းတော်သူတစ်ယောက်အနေနဲ့ မှတ်မိသိရှိ နေဆဲဖြစ်တဲ့အတွက် ရှေ့ဆက်ခရီးလမ်းမှာ ကြုံတွေ့ရဦးမယ့် စိန်ခေါ်ချက်တွေကို ကျမက အကောင်းဆုံးကြိုးစားဖို့အတွက် ခိုင်ကျည်တဲ့ စိတ်ဓါတ်ကို ရရှိလိုက်ပါတယ်။” ကျောင်းတော်နှင့် ပြင်ပလူ့အဖွဲ့အစည်းကို အမိအရ ချိတ်ဆက် ပေးနိုင်ခဲ့ခြင်းဟု ဆိုရပါလိမ့်မည်။

စစ်အုပ်ချုပ်ရေး မတိုင်မီကာလက ပိုင်ဆိုင်ခဲ့ဖူးသော မြန်မာ့တက္ကသိုလ်များ၏ အရည်အသွေးနှင့် အစဉ်အလာတို့ကို ပြန်လည်တည်ဆောက်ခြင်းကိုလည်း သူမ မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

“ဒီလို တစ်ဖန်ပြန်ဖြစ်လာစေဖို့ ကျမရဲ့ ရင့်ကျက်လှတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ကြီးက အကူအညီ ပေးနိုင်မယ်ဆိုရင် သိပ်ကို ကျေးဇူးတင်ရမှာပါ။” သူမက တခုတ်တရ ပြောကြားခဲ့သည်။

ဘွဲ့လက်မှတ် ရယူအပြီး သူမနံဘေးတွင် လာထိုင်ခဲ့သူ စုံထောက်ဇာတ်လမ်း စာရေးဆရာ ဂျွန်လာကဲရား (နာမည်အမှန်မှာ ဒေးဗစ်ကောန်ဝဲလ်) ကိုလည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“နေအိမ် အကျယ်ချုပ် ကျခံခဲ့ရစဉ်ကာလမှာ ဂျွန်လာကဲရားရဲ့ စာအုပ်တွေက အများကြီး အကူအညီ ပေးခဲ့တာပါ။” သူမက ရှင်းပြခဲ့သည်။ “ပိုမို ကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးနဲ့ အခြားသော တိုင်းနိုင်ငံတွေရယ်၊ အတွေးတွေ၊ အိုင်ဒီယာ စိတ်ကူးစိတ်သန်းတွေဆီရယ်ကို ခရီးနှင် နိုင်ခဲ့တယ်လေ”

၁၉၈၈ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဥရောပခရီးစဉ်ကို ၂၀၁၂ ဇွန်လ တတိယပတ်တွင် ထွက်ခွါ လာနိုင်ခဲ့ခြင်း ဖြစ်သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုမိန့်ခွန်း၊ အိုင်အယ်အိုမိန့်ခွန်းတို့ အပါအ၀င် နိုင်ငံ ၅ နိုင်ငံခရီးစဉ် ဖြစ်သည်။ ၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၃ ခုနှစ်က အပ်နှင်းခဲ့သည့် အောက်စဖို့ဒ် ဂုဏ်ထူးဆောင် ဘွဲ့တို့ကို ယခုမှ လူကိုယ်တိုင် တက်ရောက် ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကြီးက သူမကို မေ့မထားခဲ့ပါ။

၆၇ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန် ၁၉ ရက်၊ ၂၀၁၂ တွင် သူမ၏ ကျောင်းဖြစ်သည့် အောက်စဖို့ဒ်-စိန့်ဟူ့ကောလိပ် ကျောင်းက မိသားစုနှင့် သူငယ်ချင်းဟောင်းများနှင့်အတူ မွေးနေ့ပွဲ ကျင်းပပေးခဲ့သည်။ မြန်မာပြည်တွင်းနှင့် ကမ္ဘာ့အနှံ့အပြားတွင်လည်း မမေ့မလျော့ ဂုဏ်ပြုကြလျက်၊ ဂုဏ်ယူကြလျက်။ ကတင်ညုတ၊ ကတဝေဒီ မင်္ဂလာတရားနှင့် မည်မျှ ညီညွတ်လိုက်ပါသနည်း။

ဗြိတိသျှပါလီမန်တွင် မိန့်ခွန်း ပြောကြားရန်လည်း အစီအစဉ်ရှိနေသေးသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ ခေါင်းဆောင် ၄ ဦးသာ ပြောခွင့်ရခဲ့ဖူးသည့် ကြီးကျယ်ခန့်ငြားလှသော သမိုင်းဝင် အထင်ကရ ၀က်မင်စတာ ပါလီမန် နေရာဖြစ်သည်။

ဘီဘီစီနှင့် အင်တာဗျူးတွင် မြန်မာပြည်သူလူထုကို ရှေ့ဆောင်ရန်အတွက် သူမ၏ ကိုယ်ပိုင် ဆန္ဒကို အတည်ပြု ပြောကြားခဲ့ပါသည်။ “လမ်းကြောင်း အမှန်အတိုင်းသာ ပြည်သူကို ကျမက ဦးဆောင်ခွင့် ရရှိခဲ့မယ်ဆိုရင် ပေါ့လေ”။

၂၀၁၀ ခုနှစ်တွင် နှစ်ပေါင်း ၂၀ ကျော် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာရခြင်းမှာ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားရန်အတွက်သာ ရည်ရွယ်ချက်ရှိသည်ဟူသော ပြောဆိုချက်များကို သူမက ငြင်းဆန်ခဲ့သည်။

မြန်မာပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး ကုမ္ပဏီများ အလုအယက် ၀င်ရောက်၍ စီးပွားရှာခြင်းအပေါ် သူမက အထူးသတိပေးထားသည်။ အရပ်ဖက်အသွင်ပြောင်း စစ်တပ်နောက်ခံ အုပ်ချုပ်ရေး ရှိနေဆဲ မြန်မာပြည်၏ အပြောင်းအလဲများကို သတိကြီးကြီး ထားပြီး စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟုလည်း ဆိုပါသည်။

ဗြိတိန်သို့ သူမ လာရောက်စဉ်အတွင်း ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာပြည် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ပြည်သူ သိန်းနှင့်ချီပြီး ပြည်တွင်း ဒုက္ခသည်များအနေဖြင့် အတိဒုက္ခရောက်ခဲ့ရသည်။ ဤဖြစ်ရပ်အပါအ၀င် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး “တရားဥပဒေစိုးမိုးမှု” rule of law မှာ အရေးကြီးကြောင်းနှင့် အဓိက ဆွေးနွေးရန်ကိုလည်း လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးပညာတက္ကသိုလ် LSE ဆွေးနွေးပွဲတွင် သူမက ခေါင်းစဉ်ပေးခဲ့သည်။

ဤသည်မှာ မြန်မာပြည်၏ အနာဂတ်ဟုလည်း ဆိုရပါလိမ့်မည်။ သတ္တိအရာနှင့် သည်းခံခြင်းတရားတို့နှင့်လည်း ပြည်စုံကြရ ပါလိမ့်မည်။

by သိန်းနိုင်

မောက္ခ ပညာရေး မဂ္ဂဇင်းမှဖေါ်ပြပါသည်။

ပြန်/ဆက် ညွှန်ချုပ် ဦးရဲထွဋ်နှင့် အော်စလို တွေ့ဆုံမေးမြန်းခန်း /ရုပ်/သံ

Wednesday, June 20, 2012

ဒေါ်အောင်ဆန်းစုကြည်ကို Amnesty International အဖွဲ့မှ Ambassador of Conscience ဆု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ရုပ်သံ ၁+၂



မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Amnesty International မှ ချီးမြှင့်ဂုဏ်ပြုတဲ့ "Ambassador of Conscience" Award နဲ့  အတူ U2 တေးဂီတအဖွဲ့ က တင်ဆက်ဖြော်ဖြေခဲ့တဲ့ Electric Burma Concert (အပိုင်း ၂)။



Published on Jun 19, 2012 by

Monday, June 18, 2012

နော်ဝေရောက် မြန်မာနိုင်ငံသား မျိုးပေါင်းစုံနှင့် နိုဘဲလ်ငြိမ်းချမ်းရေးစင်တာ၌ သီးသန့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း /ရုပ်/သံ)



နော်ဝေနိုင်ငံ Nobel ဆုပြန်လည်ပေးအပ်ပွဲသို့ တက်ရောက်သော အမေစုမှ နော်ဝေရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံ သီးသန့်နှင့် Nobel Peace Senter တွေ့ဆုံပွဲ၌ ပြောကြားသော အမေစု၏ မြန်မာလို မိန့်ခွန်း။ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်သူများ အားလုံးနားထောင်လို့ ရအောင် တင်ပေးလိုက်ပါတယ်။ ကြိုက်သလိုလည်း Share နိုင်ပါတယ်။ နော်ဝေမှာ နေလာခဲ့တဲ့ သက်တမ်းတလျှောက်မှာ အပျော်ဆုံးနေ့ တစ်နေ့ပါပဲ။ အိမ်ရှင်နော်ဝေသားများရှေ့ အထူးတန်းကနေ မြန်မာများအားလုံးကို အမေ့မျက်နှာနဲ့ နေရာပေးခဲ့လို့ပါ။ နိုင်ငံတကာမှ မြန်မာများလည်း နော်ဝေရောက် မြန်မာ နိုင်ငံသားများလို တန်းတူ အခွင့်အရေးများ ရကြပါစေ။ အမေစု ကျန်းမာပါစေ။ အမေစု ကျန်းမာပါစေ။ အမေစု ကျန်းမာပါစေ။
Published on by

Saturday, June 16, 2012

နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် /ရုပ်/သံ



Aung San Suu Kyi gave a great speech in Oslo, Norway on 16 June 2012. Live on TV ABC24. The second part of this record is at: http://youtu.be/IHN5bKLqDCY and the TV commentary at the end: http://youtu.be
Published on Jun 16, 2012 by

Friday, June 15, 2012

၁၄-ဇွန်-၂၀၁၂၊ ဂျနီဗာ၊ ဆွစ်ဇာလန်နိုင်ငံ - အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း /ရုပ်/သံ

ILO ညီလာခံတွင်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ သတင်း







အလုပ်မရှိတာထက် မျှော်လင့်ချက်မရှိတာ ပိုဆိုးတယ် ။ပြည်သူ့မိခင် အမေဒေါ်စု


မြန်မာလူငယ်အများစုမှာ အလုပ်မရှိတာထက် မျှော်လင့်ချက် မရှိတာက ပိုဆိုးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။








ကမ္ဘာ့အလုပ်သမားအဖွဲ့ညီလာခံသို့တက်ရောက်လာသောဒေါ်အောင်ဆန်းစုကြည်ကသတင်းသမားများနှင့်အစည်းအေ
ဝးတက်ရောက်သူများကို နှုတ်ဆက် နေစဉ် Photo: AP





ရခိုင်ပြည်နယ် လတ်တလော ဖြစ်ပျက်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေစု ဒီလိုဖြေသွားပါတယ်...

ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်

သတင်းထောက်များအားဖြေကြားချက် များကို facebook မှစုစည်းတင်ပြချက်.....
ယနေ့ ဆွစ်ဇာလန်နိုင်ငံ ILO ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်တယောက်က ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်ခံပါသလားဟု မေးရာ ၎င်းက နိုင်ငံသားဖြစ်မှုအတွက် ရှင်းလင်းသည့် ဥပဒေများ ရှိရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် ၂ ဘက်စလုံးတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေရခြင်းသည် ကြီးမားသည့် ပြဿနာဖြစ်ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုများ အမြဲတမ်းရှိနေကြောင်း ဖြေကြားသည်။

ရခိုင်ပြည်တွင်း လူ ၂၀ ကျော် သေဆုံးမှု ပဋိပက္ခနှင့် ဒီမိုကရေစီ စနစ်ဖွံ့ဖြိုးမှုကို ထိပါးစေသော ဘာသာရေးအရ ခွဲခြားဆက်ဆံ ခံရမှုများကို မည်သို့ ဆောင်ရွက်မည်နည်း ဆိုသော မေးခွန်းအား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း ပဋိပက္ခများ အဆုံးသတ်ရန် မှန်ကန်ဖြောင့်မတ်သည့် တရားဥပဒေစိုးမိုးမှု အဓိကအရေးကြီးသည်ဟု ထင်ကြောင်း ဥပဒေ ရှိယုံတင်မကဘဲ ကိုယ်တိုင်က ထိမ်းသိမ်းလိုက်နာရန် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုကသာ လူတိုင်းအပေါ် အကာအကွယ် ပေးနိုင်ကြောင်း၊ ယခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်မှုသည် သိမ်မွေ့လှပြီး ကိုင်တွယ်ရာ၌ ထိရှလွယ်ကြောင်း၊လူတိုင်း၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုလည်း လိုအပ်ကြောင်း၊ တနိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်နေကြောင်း ဖြေကြားသွားသည်။
နိုင်ငံတော်တော်များများမှာ ဖြစ်နေတဲ့ တရားမ၀င် ၀င်ရောက်မှုတိုင်းရဲ့ '' အဓိက '' တရားခံကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ထိရောက်မှုအတိုင်းအတာရယ်၊ အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေ့ရယ်ပါဘဲ ။

ဒီအချိန်မှာ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ်လက်ခံသင့်သလားဆိုတဲ့ ညှပ်ပူးညှပ်ပိတ်မေးခွန်းကို Yes No လို့ အတိအကျ ဖြေတာထက် နိုင်ငံ ၂ နိုင်ငံကြားလူဝင်မှုကြီးကြပ်ရေး ဥပဒေကို ထိရောက်အောင် လုပ်ရမယ် ဆိုတာက ပိုပြီး သင့်တော်တဲ့ အဖြေလို့ မြင်မိပါတယ်။
စစ်တပ်အပေါ် ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်ပြီး မေးပါတယ်
=====================================
အောင်ဆန်းစုကြည် - တိုင်းပြည် တစ်ပြည်ရဲ့ စစ်တပ် ဆိုတာ ဘယ်လောက် အတိုင်းအတာထိ စစ်ရေးနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ပရော်ဖက်ရှင်နယ် ဆန်သလဲဆိုတာ တိုင်းထွာဖို့လိုပါတယ် စစ်တပ်ရဲ့ အဓိက တာဝန်က ပြည်သူတွေ ကို လုံခြုံမူပေးနိုင်ဖို့ ကာကွယ်စောက်ရှောက်ဖို့ ဖြစ်ပါတယ်.. စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရပါမယ်၊ မအုပ်ချုပ်ရပါဘူး။
ရိုဟင်ဂျာကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်သလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂျီနီဗာ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးဟာ အလွန့်အလွန်မှကို အရေးကြီးတယ်၊ နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်လို့ တိကျတဲ့ ဥပဒေတွေ ရှိဖို့ လိုတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ကနေ လွယ်လွယ်ကူကူ ၀င်ရောက်နိုင်လို့ တချိန်လုံး တရားမ၀င် ၀င်ရောက်သူတွေ ရှိနေတယ်၊ ဒါ့ကြောင့် အလိုအပ်ဆုံးကတော့ အကျင့်မပျက် လာဘ်မစားတဲ့ ၀န်ထမ်းတွေနဲ့ နယ်စပ်ကို မပြတ်စောင့်ကြည့် စောင့်ရှောက်သွားဖို့ လိုတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

by facebook

Thursday, June 14, 2012

ဂျနီဗာ အိုင်အယ်လို မှာပြောကြားသေား ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း

ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီးစဉ် စတင် (ရုပ်/သံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉း၄၅ နာရီအချိန်မှာ ထိုင်းအဲယားဝေး (TG) လေယာဉ်ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ တဆင့် နော်ဝေနိုင်ငံ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ပြင်သစ်နိုင်ငံတို့ကို ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာတင်မာမြင့်၊ ဦးခွန်သာမြင့်၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးနေခြည်ဝင်းတို့ လိုက်ပါသွားတယ်လို့ သတင်းရရှိပါသည်။

by

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် စတင်ထွက်ခွာ






အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉း၄၅ နာရီ အချိန်မှာ ထိုင်းအဲယားဝေး (TG) လေယာဉ်ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင် ရာလေဆိပ်ကနေ စတင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ တဆင့် နော်ဝေးနိုင်ငံ အော်စလိုမြို့၊ အိုင်ယာလန် နိုင်ငံ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ပြင်သစ် နိုင်ငံတို့ကို ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာ တင်မာမြင့်၊ ဦးခွန်သာမြင့်၊ ဦးဖြိုးဇေယျာသော် နဲ့ ဦးနေခြည်ဝင်းတို့ လိုက်ပါသွားတယ်လို့ သတင်း ရရှိပါသည်။

face book သတင်းများအားကောင်းနှုတ်ဖေါ်ပြပါသည်။

Thursday, June 7, 2012

ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ....


ဲမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးအတွင်း ထိုင်းခရီးစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၂။)
ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရ မိကြောင်းနဲ့ ထိုင်း-မြန်မာ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစား သွားချင်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်ဖျက်လိုက်တာကလည်း သူ့ရဲ့ခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ မယူဆတဲ့ အကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး နောက် ဆက်တွဲ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်လို့ရော မကြာခင်မှာ သွားတော့မယ့် ဥရောပခရီးစဉ်တွေ အပါအ၀င် အကြောင်းအရာ အတော်များများကို ဇွန်လ ၆ ရက်နေ့က NLD ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ဖြေကြားခဲ့တာပါ။
“ထိုင်းခရီးစဉ်နဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ အင်မတန်မှ ကျေနပ်တယ်လို့ ပြောရမှာပဲ။ ထိုင်းနိုင်ငံသူ၊ နိုင်ငံသားများနဲ့ ထိုင်းအစိုးရက ကျမကို ကြိုဆိုတဲ့နေရာမှာ အင်မတန်မှ နွေးနွေးထွေးထွေး ရှိတယ်။ အားလုံး လိုလေသေးမရှိအောင်လို့ ကျမကို ပြုစုသွားပါတယ်။ သူတို့လုပ်ပေးတဲ့ အစီအစဉ်တွေ ကိုလည်း အားလုံး ကျမ ကျေနပ်ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်လိုအစီအစဉ်တွေကို ဘယ် လိုကြောင့် ပြောင်းရတယ်၊ ဘာတယ် ဆိုတာတွေ ပြောနေတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမ အနေနဲ့ ထိုင်းအစိုးရက လုပ်ပေးတဲ့အစီအစဉ်ဟာ အင်မတန်မှ အဆင်ပြေတယ်လို့ ထင်ပါတယ်။ အဓိက ကျမ ပြောချင်တာကတော့ ကျမတို့ ထိုင်းနိုင်ငံကို ကျေးဇူးတင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေးတွေ ကောင်းသွားအောင်လို့ ကျမအနေနဲ့ ကြိုးစားသွားချင်တယ်။”
ထိုင်းနိုင်ငံခရီးစဉ်ရဲ့ အဓိကအကြောင်းအရာက ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို တက်ရောက် ဖို့ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေးတွေကိုလည်း ကျေကျေ နပ်နပ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ တာတချို့အပေါ် ဒီရက်ပိုင်း အစိုးရသတင်းစာထဲမှာပါတဲ့ ဆောင်းပါးတွေက သွယ်ဝိုက်ပြီး ဝေဖန်ထား တာတွေကို သူလည်း သတိပြုမိပုံရပါတယ်။
“ကျမကတော့ ကျမတို့နိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျမမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောခဲ့ တယ်။ တချို့ကလည်း ဒါကို သိပ် မကျေနပ်ဘူးလို့ ကျမ ကြားပါတယ်။ ဒါပေမဲ့ ကျမ ပြောခဲ့တဲ့ ကိစ္စတွေ အားလုံးဟာ ကျမမြင်တဲ့အတိုင်း ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အခု ဘယ်လို အနေအထားမှာ ရှိနေပြီလဲဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင် မှ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို မှန်မှန်ကန်ကန် ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကျမမြင်တဲ့အတိုင်းပဲ ပြောခဲ့တာပါ။”
သတင်းစာပါဆောင်းပါးတွေကို တိုက်ရိုက် တုန့်ပြန်ပြောဆိုဖို့တော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းခဲ့ပါ တယ်။
သမ္မတဦးသိန်းစိန်ကိုယ်တိုင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ဖို့နဲ့ ထိုင်းနိုင်ငံ ခရီးစဉ်တွေ ရှိခဲ့တာဖြစ်ပေမဲ့ နှစ်ခုလုံးကို ဖျက်ပစ်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘာသာနဲ့ ဖြေကြားတာမှာ ခရီးစဉ် ဘာ့ကြောင့်မဖြစ်သလဲ ဆိုတာ သူမသိသလို သမ္မတကိုယ်တိုင် ဖြေရမယ့်မေးခွန်းတွေသာဖြစ်တယ်လို့ ဖြေဆိုခဲ့ပေမဲ့ ထိုင်းသတင်းထောက် တယောက်ရဲ့အမေးကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဖြေကြားတာမှာတော့ -
“မြန်မာနိုင်ငံက တယောက်ယောက် မပျော်မရွှင်ဖြစ်အောင် တခုခုလုပ်ခဲ့တယ်လို့ ကျမ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ လုပ်ခဲ့တာက ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့တာ၊ အဲဒီကိစ္စအတွက် တာဝန်ရှိတဲ့ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ဘက် အကျိုးရှိစေမယ့်ကိစ္စရပ်တွေကို ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုပဲ မယ်လစခန်းမှာ ဒုက္ခသည်တွေနဲ့ သွားတွေ့ခဲ့တာမှာလည်း အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ ကျမတို့လုပ်ခဲ့ပါတယ်။ ကျမလုပ်ခဲ့တာတွေဟာ မြန်မာလူထုကို တနည်းနည်း နဲ့ ပြောင်းပြန် အကျိုးသက်ရောက်စေမယ်လို့ ကျမ မထင်ပါဘူး။ ကျမတွေ့ခဲ့ရတာက ထိုင်းတာဝန်ရှိသူတွေ နဲ့ ထိုင်းလူထုက ဘယ်လောက်နားလည်မှုရှိပြီး ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိတယ် ဆိုတာပါပဲ။”- လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေး ဆိုင်ရာဆွေးနွေးပွဲမှာ သင့်လျော်တဲ့ အချိန်တခု ရောက်ရင် နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်း ကဏ္ဍကို လျှော့ချသွားမယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အဲဒီကိစ္စကို ဆွေးနွေးဖို့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းအနေနဲ့ သူတို့ကို ထမင်းခေါ်ဖိတ်ကျွေးဖို့ ကမ်းလှမ်းပြီးတော့ ကြိုဆိုစကားဆိုခဲ့ပါတယ်။
“ကျမက တပ်မတော်နဲ့အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်တယ်။ ကျမတို့ တပ်မတော်အတွက်ရော၊ ကျမတို့နိုင်ငံအတွက်ရော၊ ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၃ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ဆီ ထွက်ခွာပြီး ဥရောပခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့နဲ့ ဗြိတိန်နိုင်ငံတို့ဆီ ခရီးဆက်မှာဖြစ်ပြီး အသေးစိတ်အစီအစဉ်တွေကို နောက်ပိုင်းမှာ အတိအကျထုတ်ပြန်ပါ့မယ်လို့ ပြောခဲ့ပါတယ်ခင်ဗျား။

By ကိုကျော်ကျော်သိန်း (ဗွီအိုအေ-မြန်မာပိုင်း)

Monday, June 4, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ၌ ယူဆလာနေ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊

အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာနေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၆ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများရှိရာ မဟာချိုင်ဒေသသို့ သွားရောက်ပြီး လေ့လာခဲ့သလို ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အတိုက်အခံပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာအလုပ် သမားများ၏ အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၂ ရက် နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်ကာ လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်လာသော ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များအား မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အမှာစကား ပြောကြားခဲ့ကာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ (၂၉) ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ၊ မိနစ် ၃၀ ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက် နေ့ နံနက်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အများဆုံး လာရောက်လုပ်ကိုင်နေသည့် မဟာချိုင် ဒေသသို့ သွားရောက်ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများအပြင် ထိုင်းလူမျိုးများပါ ကြိုဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့။ အခြေအနေကို သိချင်တယ်ဆိုတာ ဒီအခြေအနေကို ကောင်းသွားအောင် ဘယ်လိုလုပ်မလဲဆိုတာ လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာချင်တဲ့အခါ ပြန်လာနိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ပါ။ ဒီလို အခြေအနေတွေကို ဖန်တီးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး၊ အလုပ်သမား အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ဥပဒေ ဘောင်အတွင်းကနေ ကာကွယ်စောင့်ရှောက် ရမယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ မျက်နှာငယ်စရာ၊ အားငယ်စရာ မလိုဘူး။ သမိုင်းဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ။ လက်ရှိအချိန်မှာ ကျွန်မတို့ နိုင်ငံသားတွေ ဒီနိုင်ငံကို လာပြီးလုပ်နေရတယ်ဆိုပေမယ့် နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ရဲ့ နိုင်ငံသားတွေရဲ့ တန်ဖိုးကလည်း တက်လာမှာပဲ ဆိုတာ ယုံကြည်ကြပါ။ ကျွန်မတို့ အနေနဲ့ တတ်နိုင်သမျှ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ရအောင်၊ မျှမျှတတ ဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ။ တာဝန်ဆိုတာ ကိုယ့်ရဲ့ အမိနိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ အိမ်ရှင်နိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဟိုဘက်ဒီဘက် မြင်တဲ့အမြင်ရှိမှ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့ မေ့မထားဘူး ဆိုတာကို ဘယ်တော့မှ သံသယ မဖြစ်ပါနဲ့။ ရွှေ့ပြောင်း အလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထား ပါဘူးလို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်တွင် Talaat Kung(ပုစွန်ဈေး)နှင့် MWRN Learning Center သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လုပ်ငန်းပေါင်းစုံမှ ရွှေ့ပြောင်း လုပ်သား ၂၇ ဦးနှင့် သီးခြား တွေ့ဆုံခဲ့ပြီး အလုပ်သမား ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကို နားလည်မှု မရှိသလို ထိုင်းအစိုးရ အနေဖြင့်လည်း မြန်မာအလုပ်သမားများ နားလည်လာစေရန် အသိပညာပေးမှု အားနည်းသည်ဟု သုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ပါတီခေါင်းဆောင် အဘီးဆစ်က တည်းခိုရာ ရှန်ဂရီလာဟိုတယ်သို့ လာရောက် တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် မစ္စတာအဘ်ဟီးဆစ်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက် ဖြစ်နေသေးသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး မေလ ၃၁ ရက် ညနေပိုင်းက မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ အစည်းအဝေး တက်ရန် ဆိုသည်ထက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ဘ၀အခြေအနေများကို သုံးသပ်ပြီး မည်သည့်နည်းဖြင့် သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုခြင်းက ပို၍ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သူမ၏ တာဝန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လာချိန်တွင် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ပေးရမည်ဟု နားလည်ကြောင်း ပြောဆိုသွားခဲ့သည်။

မယ်လစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်

(၂၁)ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဖိုရမ် (World Economi Forum on East Asia 2012) သို့ တက်ရောက်ရန် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတကာမှ စီးပွားရေး ခေါင်းဆောင်များအား ၁၅ မိနစ်ကြာ အမှာစကား ပြောကြားခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ် ခဲ့သော်လည်း အဂတိ လိုက်စားမှုနှင့် မညီမျှမှုများကို ဖြစ်ပေါ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့အပြင်သူမက မြန်မာနိုင်ငံတွင် ဥပဒေကောင်းများ ရှိနေသော်လည်း အဓိက ကျောရိုးဖြစ်သည့် တရားစီရင်ရေးကဏ္ဍတွင် သန့်ရှင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသွားခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု ဥပဒေဆိုင်ရာ ဥပဒေများ ရှိနေခဲ့ပင်လျင် အဆိုပါ ဥပဒေများကို လွတ်လပ်စွာသုံးစွဲခွင့် ရမရဆိုသည်ကို သတိထားစေလိုကြောင်း ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက် ခြစားမှုစသည့် အကြောင်းအရာများကို ပြောဆိုခဲ့သလို WEF အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab ၏ မေးခွန်းများကိုလည်း ဖြေဆိုခဲ့သည်။

မယ်လစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်

အဆိုပါ အစီအစဉ်အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာ သတင်းထောက်များ၏ မေးမြန်းမှု များကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ရာ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ လာရောက်ရင်နှီး မြှုပ်နှံနေသော စီမံကိန်းများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သော မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် စီမံကိန်းကြီးများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပြီး မြန်မာပြည်သူများအနေဖြင့် အဆိုပါ စီမံကိန်းကြီးများနှင့် ပတ်သက်သော စာချုပ်ပါ အချက်အလက်များကို သိခွင့် မရကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခွင့်၊ အမြင်ချင်း ဖလှယ်ခွင့် မရကြကြောင်း၊ ယင်းအချက်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အလွန်အန္တရာယ်များစေကြောင်း ပြန်လည်ဖြေကြား သွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မဟာဗျူဟာအရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် မြေဇာပင်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင် နေရာလို သဘောထားခံရမှာကို ကျွန်မ အမြဲတမ်း စိုးရိမ်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းများ ဖြစ်ခဲ့ကြောင်း၊ အင်အားကြီး နှစ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည် ရင်းနှီးမှုမျှဝေနိုင်သည့် နေရာ တစ်နေရာသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး မဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံ သူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထုအတွက် လေ့ကျင့်သင်ကြားပေးမှုများတွင် အာရုံစိုက် လုပ်ဆောင် စေလိုကြောင်း သူမက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ရင်းနှီးမြှုပ်နှံ သူများအား တောင်းဆိုခဲ့ပြီး ငယ်ရွယ်သူ အလုပ်လက်မဲ့များပြားနေခြင်း ပြဿနာမှာ ချိန်ကိုက်ဗုံးတစ်ခု ဖြစ်နေကြောင်း သတိပေး ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လက်တို့တွေ့ဆုံစဉ်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်း မမြင်ရန် လိုအပ်ကြောင်း၊ လက်ရှိပြုပြင် ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေးပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့ တွေ့ဆုံစဉ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ထိုင်းနိုင်ငံသားများကလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ နည်းတူ စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုခဲ့ကြသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာမှန်ကို အချိန်ကိုက်ရောက်လာခဲ့တယ်လို့ ထင်ပါတယ်။ WEF မှာ သူပြောခဲ့တဲ့ စကားတွေကလည်း ရှင်းလင်းပြတ်သားပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သလို လာရောက်ရင်းနှီးမြုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတဲ့အချက်ကိုလည်း ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေရှိနေတဲ့ မဟာချိုင်ကို သွားခဲ့တာပါ။ မြန်မာခေါင်းဆောင် အဆက်ဆက်ဟာ ဒီနေရာကို မသွားကြတဲ့အချိန်မှာ သူကသွားခဲ့ပါတယ်။ သူရောက်သွားအချိန်မှာ မြန်မာအလုပ်သမားတွေ ပျော်နေတာကို တီဗွီကတစ်ဆင့် ကြည့်ရတော့ ကိုယ်ပါပျော်မိပါတယ်။

နောက်ပြီး တစ်နေရာထဲမှာ မြန်မာအလုပ်သမားတွေ အများအပြားစုခဲ့တာကို ဒီတစ်ခါပဲ မြင်ခဲ့ရတယ်။ တကယ်တမ်းအားဖြင့်တော့ ထိုင်းအစိုးရကိုယ်တိုင် မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဖိအားတွေရှိနေပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းတွေရဖို့ ကြိုးပမ်းခဲ့တာဟာ ထိုင်းအစိုးရအတွက် စိတ်သက်သာရာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် WEF အပါအ၀င် ထိုင်းခရီးစဉ်တစ်ခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာမှန်ကို အချိန်ကိုက် ရောက်လာတယ်လို့ ယူဆပါတယ် ဟု Nation Media မှ သတင်းထောက် ထိုင်းနိုင်ငံသား Nuthatai Chotechuang က ပြောကြားခဲ့သည်။

Asai Pacifice Media Services ၏ Correspondent ဖြစ်သူ Bertil Lintner ကလည်း-

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အရည်အသွေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ WEF မှာတင်မကပဲ ထိုင်းခရီးစဉ် တစ်ခုလုံးမှာပါ ပြသလိုက်တာပါ။ WEF လို စီးပွားရေးဖိုရမ် တစ်ခုမှာ စီးပွားရေးနဲ့ ခြစားမှုအရေး ကိစ္စတွေကို ပြောသွားခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဒီမိုကရေစီအရေးမှာတင် မကဘဲ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာပါ နိုင်ငံတကာရဲ့ လေးစားမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦး အဖြစ်သာမကဘဲ နိုင်ငံတကာရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ် ဆိုတာကို ပြသလိုက်နိုင် ပါတယ်။ မြန်မာတွေ လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတွေကို သူကပြန်ပြီး ဆုပ်ကိုင်ပြခဲ့တာပါ။ နောက်တစ်ချက်ကတော့ မဟာချိုင် သွားခဲ့တဲ့ ခရီးမှာရော၊ ဒုက္ခသည်စခန်းကို သွားခဲ့တဲ့ ခရီးစဉ်မှာပါ သူမဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ ဒီအချက်ဟာ အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ပေးနိုင်တာတွေကို ဖြစ်မြောက်အောင် လုပ်နိုင်ပါ့မလား။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ သူ့မှာ ကန့်သတ်ချက်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်” ဟု ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တစ်လျှောက် ပြောကြားမှုများ တွေ့ဆုံဆွေးနွေးမှုများ အပါအ၀င် သတင်းဖြစ်စဉ်များကို CNN အပါအ၀င် ကမ္ဘာ့မီဒီယာများ၊ သတင်းစာများက ထိပ်တန်းသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

မေလ၂၉ ရက်နေ့မှ စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဇွန်လ ၃ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ထိုနေ့တွင်ပင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ သတင်းဖော်ပြခြင်း မရှိကြောင်း တွေ့ရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်ပေါင်း(၂၄)နှစ်အတွင်း တိုင်းပြည်ပြင်ပသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်း၌ ဆွန်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များမှ ကောက်နှုတ်ချက်အချို့

  • 'အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေနေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်' (ရွှေ့ပြောင်း အလုပ်သမားများ တိုင်းပြည်သို့ ပြန်လာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပြောကြားခဲ့မှု)
  • 'အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်'

    (မဟာဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံတွင် အမေရိကန်နှင့် တရုတ်တို့ လွှမ်းမိုးရန် ကြိုးပမ်းနေမှုအပေါ် သတိပေးစကား)
  • 'ကျွန်မတို့ ပြည်သူတွေအနေနဲ့ ဒီစီမံကိန်းစာချုပ်တွေမှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိခွင့် မရှိပါဘူး။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အမှောင်ချထားခံရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အလွန်အင်မတန် အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အန္တရာယ်ရှိပြီး သံသယစိတ်တွေကို တိုးပွားစေသလို မယုံကြည်မှုတွေကို တိုးပွားစေပါတယ်'

    (စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ပြောကြားချက်)
  • 'အကျင့်ပျက် ခြစားမှုတွေကို အားပေးတဲ့ ရင်နှီးမြှုပ်နှံမှုကို မလိုချင်ပါဘူး။ ရင်နှီးမြှုပ်နှံမှုတွေဟာ မညီမျှမှုတွေဖြစ်ပေါ်ပြီး အကျိုးခံစားခွင့်ရနေတဲ့သူတွေကိုသာ အကျိုးရှိစေမယ့် အဖြစ်မျိုးကို မလိုချင်ပါဘူး'

    (အကျင့်ပျက်ခြစားမှုများကို အားပေးစေမည့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြရန် သတိပေးပြောဆိုခဲ့မှု)
  • 'မြန်မာနိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပေမယ့် တရာစီရင်းရေးကဏ္ဍမှာ သန့်ရှင်းပြီး မျှတတဲ့ တရားစီရင်ရေးစနစ် မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်လောက်ကောင်းတဲ့ ဥပဒေဖြစ်ပါစေ လက်တွေ့ အသုံးချမှု မရှိခဲ့ရင် အသုံးဝင်တဲ့ ဥပဒေဖြစ်လာမှာ မဟုတ်ပါဘူး'

    (ရင်နှီးမြှုပ်နှံမှုများအတွက် တရားဥပဒေစိုးမိုးမှုအပြင် လုံခြုံစိတ်ချရသော အာမခံချက်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့မှု)
  • 'ဒီပြဿနာတွေက စိတ်လှုပ်ရှားခံစားမှုနဲ့ ဖြေရှင်းလို့ မရဘူး။ လက်တွေ့ကျကျ ဖြေရှင်းရမယ်'

    (မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့်စကား)

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် အမြင်များ

“၂၀ ရာစုရဲ့ ကမ္ဘာ့အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းကို ပြောမယ်ဆိုရင် နယ်လ်ဆင်မင်ဒဲလားကို ချန်ထားလို့မရသလို ၂၁ ရာစုရဲ့ ကမ္ဘာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သမိုင်းကို ပြောမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့ မရတော့ပါဘူး။

ဒါကို အားလုံး အသိအမှတ် ပြုကြရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အစိုးရကို မှားရင်မှားသလို ဝေဖန်ထောက်ပြပြီး မှန်ရင်မှန်သလို ချီးကျူးမှုတွေ ပြုလုပ်သင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်သင့်ပါတယ်။

အစိုးရအနေနဲ့လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအရေး ကိစ္စတွေမှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ပါဝင်ခွင့်ကို ပိုမိုချဲ့ထွင် ပေးသင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ထိုင်းနိုင်ငံလိုပဲ တာဝန်ယူပြီး နိုင်ငံခေါင်းဆောင် တစ်ဦးလို ပြုမူဆက်ဆံသင့်ပါတယ်။

အစိုးရမီဒီယာတွေ အနေနဲ့လည်း ဒီလိုပဲ ပြုမူ ဖော်ပြသင့်ပါတယ်။ အစိုးရခေါင်းဆောင်၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့ သာမက တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးခင်မင်စွာ ဆက်ဆံသင့်ပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေသာမက ကမ္ဘာ့ပြည်သူတွေကပါ လေးစားတဲ့ ခေါင်းဆောင်တစ်ဦး ဆိုတာ ဒီခရီးစဉ်မှာ သိသာစေခဲ့ပါတယ်”

ဒေါက်တာသန်းထွဋ်အောင်

(CEO, Eleven Media Group)

“ထိုင်းမှာ ကျွန်တော်နေခဲ့တဲ့ ၂၄ နှစ်တာ အတွေ့အကြုံအရ မြန်မာလို့ဆိုရင် ဒေါ်စုကိုပဲ အသိဆုံးပါ။ သူဒီကိုလာတဲ့အတွက် ဒီမှာရောက်နေတဲ့ မြန်မာတွေ ပျော်ကြသလို ထိုင်းတွေလည်း တော်တော်ပျော်ကြပါတယ်။ ကမ္ဘာက လေးစားရတဲ့ လူတစ်ယောက်၊ သူတို့လေးစားတဲ့ လူတစ်ယောက်ကို သူတို့လည်း တွေ့ချင်တဲ့အတွက် ပျော်ကြတာပါ။ သူတို့ကြားဖူးနေတဲ့ လူတစ်ယောက်ကို တွေ့ရတော့မယ်ဆိုပြီး ကြည်နူးပြီးကို ပျော်ကြတာပါ။

နောက်ပြီး ထိုင်းမှာက မီဒီယာအားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းက မီဒီယာတိုင်းကို လွှမ်းမိုးသွားပါတယ်။ တစ်နေ့ကဆို ဘဏ်သွားရင်း လူတစ်ယောက်က ပြောတယ်။ ဗမာသတင်းကတော့ Top 10 ကတောင် မဆင်းတော့ဘူးတဲ့။ အားလုံးက ဒေါ်စုသတင်းပဲဖြစ်နေခဲ့တယ်"

ဒေါက်တာနိုင်အောင်

(Forum for Democracy in Burma, အတွင်းရေးမှူးချုပ်)

နှစ်ပေါင်းများစွာ ကြာမြင့်အောင်ရှိနေတဲ့ ဒုက္ခသည်စခန်းကို သူသွားခဲ့တာဟာ အလွန်ကောင်းတဲ့ လုပ်ရပ်ပဲလို့ ထင်ပါတယ်။ လက်ရှိ အခြေအနေအရ တကယ်ကို သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ အကူအညီ လိုအပ်နေတဲ့ လူတွေ၊ နေထိုင်မှု ခက်ခဲနေတဲ့ လူတွေဟာ နယ်စပ်တစ်လျှောက်မှာအများကြီး ရှိနေခဲ့ပါတယ်။ တိုးပွားလာနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမယ့် သူတို့လည်း အကူအညီတွေ လိုအပ်နေတာပါ။

ဒါကြောင့် ဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တာဟာ အားလုံးအတွက် အကျိုးရှိစေခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ အဖွဲ့သစ်အကြား ဆွေးနွေးမှုတွေမှာလည်း အထောက်အကူ ဖြစ်စေမှာပါ။

WEF ကတော့ ကမ္ဘာ့စီးပွားရေး မျက်နှာစာတစ်ခုပါပဲ။ ဒီဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ရောက်ရှိလာနိုင် စေပါတယ်။ နောက်ပြီး WEF ဆိုတာ စီးပွားရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုရှိခဲ့ပါတယ်။ အထူးသဖြင့် ဒုက္ခသည်စခန်းသွားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးရရှိစေမှာပါ"

Asia Reportes မှ Martin Stanford

ခရီးစဉ်ကာလထဲမှာ ဒုက္ခသည်စခန်းကို သွားခဲ့တာကတော့ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီမတိုင်ခင် အချိန်ကတော့ ဒီလိုဒုက္ခသည် စခန်းကို သူသွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီမှာရှိနေတဲ့ မြန်မာတွေ အတွက်ရော၊ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒုက္ခသည် စခန်းတစ်ခုအတွက်ပါ ကောင်းတဲ့အချက် တစ်ခုပါပဲ။ ဒုက္ခသည် စခန်းထဲမှာ နေထိုင်နေကြတဲ့ သူတွေဟာ မျှော်လင့်ချက်တစ်ခု အတွက်နဲ့ အသက်ရှင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့အတွက် လူတွေဟာ သူတို့မျှော်လင့်ချက်အပေါ် ယုံကြည်ချက် ခိုင်မာလာစေမှာပါ။ ပြီးတော့ ယုံကြည်ချက် ခိုင်မာမှုတွေကို တခြားသူတွေနဲ့ ထပ်တူမျှဝေ လာနိုင်မှာပါ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာတော့ ဒီနိုင်ငံထဲမှာ မြန်မာတွေ တစ်နေရာတည်း အများကြီးစုနေတာကို ဒီတစ်ခါပဲ မြင်ဖူးတာပါ။

နောက်တစ်ခုကတော့ WEF ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကိုတင်မကပဲ မြန်မာကိုပါ ပြသနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ အပါအ၀င် တခြားအရာ အားလုံးအတွက် အခြားနိုင်ငံတွေရဲ့ အာရုံစိုက်မှု ဖြစ်စေခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အခြေအနေ တစ်ခုပါပဲ။ ထိုင်းအတွက်လည်း မျှတတဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ မြင်ကွင်းထဲ လက်တွဲခေါ်ဆောင် နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ အနာဂတ်မှာ ထိုင်းနဲ့မြန်မာဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ အတူတကွ လုပ်ဆောင်နိုင်မယ့်အခြေအနေ ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံသား တစ်ဦးအနေနဲ့ ဒီလိုပဲမြင်မိပါတယ်”

Am Puchara

(CNN Stringer နှင့်ထိုင်းသတင်းထောက်)

by General Knowledge facebook မှ

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်


ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်မှ ကြိုဆိုပြီး ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ ပြုလုပ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။

မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များမှ မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။ မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။

အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။ သို့ပေတည့် ထိုင်းအစိုးရမှ အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။ ထိုင်းအစိုးရမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။

ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။

by ဒီမိုဝေယံ